အမေရိကန်မှ နှင်ထုတ်ခံရသော ရွှေ့ပြောင်း ၂၅၀ အထိ လက်ခံရန် ရဝမ်ဒါ သဘောတူ

အမေရိကန်ပြည်ထောင်စုနှင့် ရဝမ်ဒါနိုင်ငံတို့သည် အမေရိကန်ပြည်ထောင်စုမှ နှင်ထုတ်ခံရသော ရွှေ့ပြောင်းနေထိုင်သူ ၂၅၀ အထိ လက်ခံရန် သဘောတူညီမှုရရှိခဲ့ကြောင်း ရဝမ်ဒါအစိုးရ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်နှင့် တာဝန်ရှိသူတစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

By Admin 05 Aug 2025

ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

အမေရိကန်ပြည်ထောင်စုနှင့် ရဝမ်ဒါနိုင်ငံတို့သည် အမေရိကန်ပြည်ထောင်စုမှ နှင်ထုတ်ခံရသော ရွှေ့ပြောင်းနေထိုင်သူ ၂၅၀ အထိ လက်ခံရန် သဘောတူညီမှုရရှိခဲ့ကြောင်း ရဝမ်ဒါအစိုးရ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်နှင့် တာဝန်ရှိသူတစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

ယခု သဘောတူညီချက်သည် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရဘက်က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများကို တင်းတင်းကျပ်ကျပ် ကိုင်စွဲဆောင်ရွက်ချိန်တွင် ဖြစ်ပေါ်လာခဲ့ခြင်းဟုလည်း ရိုက်တာက ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုနှင့် ရဝမ်ဒါနိုင်ငံတို့၏ ယင်းသဘောတူညီချက်ကို Reuters သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့ပြီး ပြီးခဲ့သည့်ဇွန်လက ကီဂါလီမြို့တွင် အမေရိကန်နှင့် ရဝမ်ဒါ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရဝမ်ဒါ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သဘောတူညီချက်ကို စိစစ်နိုင်စေရန်အတွက် ဝါရှင်တန်က လူ ၁၀ ဦးပါဝင်သော ကနဦးစာရင်းကို ပေးပို့ခဲ့ပြီးဖြစ်ကြောင်းလည်း အဆိုပါတာဝန်ရှိသူက ထပ်လောင်းအသိပေးခဲ့သည်။

"ကျွန်မတို့ ရဝမ်ဒါနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုကနေ ရောက်လာမယ့် ရွှေ့ပြောင်းနေထိုင်သူ ၂၅၀ အထိကို လက်ခံဖို့ သဘောတူထားပါတယ်။ ဒီလိုသဘောတူရတဲ့ အဓိကအကြောင်းရင်းကတော့ ရဝမ်ဒါမိသားစုတိုင်းလိုလိုဟာ နေရပ်စွန့်ခွာရခြင်းရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ကြုံတွေ့ခဲ့ရဖူးလို့ပါပဲ။ ကျွန်မတို့ရဲ့ လူမှုတန်ဖိုးစံနှုန်းတွေကလည်း လူမှုအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့ဖို့နဲ့ ဘဝကို ပြန်လည်တည်ဆောက်နိုင်ဖို့ အပေါ်မှာ အခြေခံထားပါတယ်" ဟု ရဝမ်ဒါအစိုးရ၏ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ယိုလန်ဒီ မာကိုလိုက ပြောကြားသည်။

လက်ခံဖို့အတွက် အတည်ပြုလိုက်တဲ့သူတွေကိုတော့ ရဝမ်ဒါနိုင်ငံမှာ ဘဝအသစ်တစ်ခု စတင်နိုင်အောင် လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နေထိုင်ဖို့အတွက် အထောက်အပံ့တွေ စီစဉ်ပံ့ပိုးပေးသွားမှာပါ။ အဲဒီလို ပံ့ပိုးပေးလိုက်ရင် လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်မှာ စီးပွားရေးအမြန်ဆုံး တိုးတက်လာတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရဝမ်ဒါရဲ့စီးပွားရေးကို သူတို့လည်း ပါဝင်ကူညီနိုင်မယ့် အခွင့်အလမ်းတွေ ရရှိသွားမှာပါ" ဟု ယိုလန်ဒီ မာကိုလိုက ဆက်လက် ပြောကြားသည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ အိမ်ဖြူတော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မှတ်ချက်တစ်စုံတစ်ရာ ချက်ချင်း မပေးသေးဘဲ ပြည်တွင်းလုံခြုံရေးဌာနကမူ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မေးမြန်းရန် ညွှန်းဆိုခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်ထောင်စု၌ တရားမဝင် နေထိုင်သော ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာကို နှင်ထုတ်ရန် ရည်ရွယ်ထားပြီး ၎င်း၏အစိုးရအဖွဲ့သည်လည်း တရားမဝင် နေထိုင်သော ရွှေ့ပြောင်းနေထိုင်သူများကို တတိယနိုင်ငံများဆီသို့ ပြန်လည်ပို့ဆောင်သည့်လုပ်ငန်းစဉ်များကို တိုးမြှင့်ရန် ကြိုးပမ်းခဲ့ကာ ယင်းသို့ ပြန်လည်ပို့ဆောင်သည့်လုပ်ငန်းစဉ်များတွင် ပြစ်မှုကျူးလွန်ထားသူများကို တောင်ဆူဒန်နှင့် ယခင်က ဆွာဇီလန်ဟု လူသိများသော အီဆွာတီနီနိုင်ငံများဆီသို့ ပို့ဆောင်ခြင်းတို့လည်း ပါဝင်သည်။