ထိုင်ဝမ်ကာကွယ်ရေးဇုန်သို့ တရုတ်ဘက်က ဗုံးကြဲလေယာဉ် ၁၈ စင်းအထိ စေလွှတ်

တရုတ်သည် ထိုင်ဝမ်ကျွန်းဆွယ်၏ လေကြောင်းရန်ကာကွယ်ရေးဇုန် အတွင်းသို့ ဗုံးကြဲလေယာဉ် ၁၈ စင်းအထိ စေလွှတ်ခဲ့ပြီး အားလုံးသည် နျူကလီးယားလက်နက် သယ်ဆောင်နိုင်သော လေယာဉ်များဖြစ်သည်ဟု တိုင်ပေက ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Admin 14 Dec 2022

ထိုင်ဝမ်ကာကွယ်ရေးဇုန်သို့ တရုတ်ဘက်က ဗုံးကြဲလေယာဉ် ၁၈ စင်းအထိ စေလွှတ်

ဓာတ်ပုံ - The Jakarta Post

DMG | ဒီဇင်ဘာ ၁၄

တရုတ်သည် ထိုင်ဝမ်ကျွန်းဆွယ်၏ လေကြောင်းရန်ကာကွယ်ရေးဇုန် အတွင်းသို့ ဗုံးကြဲလေယာဉ် ၁၈ စင်းအထိ စေလွှတ်ခဲ့ပြီး အားလုံးသည် နျူကလီးယားလက်နက် သယ်ဆောင်နိုင်သော လေယာဉ်များဖြစ်သည်ဟု တိုင်ပေက ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

အစောပိုင်း ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းဆွယ် အနောက်တောင်ဘက်ရှိ လေကြောင်းရန် ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ် ၂၁ စီး ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ၂၁ စီးအနက် ၁၈ စီးမှာ နျူကလီးယားလက်နက် သယ်ဆောင်နိုင်စွမ်း ရှိသည့် H-6 ဗုံးကြဲလေယာဉ်များ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်တို့သည် ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးဇုန် အတွင်းသို့ မကြာခဏဆိုသလို စစ်လေယာဉ်များ ကျူးကျော်ဝင်ရောက်လေ့ရှိပြီး ယခုတစ်ကြိမ် H-6 ဗုံးကြဲလေယာဉ်များ ကျူးကျော်မှုသည် စံချိန်တင် အများဆုံးအရေအတွက် ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ နောက်ဆုံးအကြိမ် H-6 ဗုံးကြဲလေယာဉ် အများဆုံးစေလွှတ်ခဲ့သည်မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလက ဖြစ်ပြီး ၁၆ စီးဖြစ်သည်။

အမေရိကန်၊ ကနေဒါ၊ တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားတွင် လေကြောင်းရန် ကာကွယ်ရေးဇုန်များ သတ်မှတ်ထားကြသည်။ အဆိုပါဇုန်သည် လေကြောင်းပိုင်နက်နှင့် မတူပေ။ လေကြောင်းပိုင်နက်၏ ပြင်ပပတ်လည်ကို သတ်မှတ်ထားခြင်း ဖြစ်ကာ အဆိုပါဇုန်သို့ ဝင်ရောက်လာသော လေယာဉ်များသည် သက်ဆိုင်ရာ ဒေသတွင်းအာဏာပိုင်များသို့ အသိပေးအကြောင်းကြားရသည်။

ထိုင်ဝမ်က သတ်မှတ်ထားသည့် လေကြောင်းရန်ကာကွယ်ရေးဇုန်သည် ၎င်း၏ လေကြောင်းပိုင်နက်ထက် အများကြီးပိုကျယ်ပြန့်ကာ တရုတ်ဇုန်နှင့် ရောနှောသတ်မှတ်ထားသည့် ဧရိယာများလည်း ပါဝင်သည်။

တရုတ်သည် ထိုင်ဝမ်ကို တစ်နေ့တွင် ပြန်လည်သိမ်းပိုက်မည့် ၎င်းတို့၏ပိုင်နက် အစိတ်အပိုင်းတစ်ခု အဖြစ် သတ်မှတ်ထားသည်။ တရုတ်၏ အဆိုပါသဘောထားကို ဆန့်ကျင်သော အမြင်ရှိသည့် သမ္မတစိုင်အင်ဝမ် ၂၀၁၆ ခုနှစ်တွင် အာဏာရလာသည့် အချိန်မှစ၍ ဘေကျင်းသည် ထိုင်ဝမ်အပေါ် စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေးဖိအားများ ဆက်တိုက်ပေးလျက်ရှိသည်။

ပြီးခဲ့သောသီတင်းပတ်ကလည်း တရုတ်သည် ထိုင်ဝမ်မှတင်သွင်းသည့် အစားအစာ၊ အဖျော်ယမကာ၊ အရက်နှင့် ငါးလုပ်ငန်းဆိုင်ရာ ထုတ်ကုန်များကို ပိတ်ပင်ခဲ့သည်။

ဗီဒီယိုများ