- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုအသစ်များ ထပ်လုပ်မည်ဟု တရုတ်ကြေညာ
ထိုင်ဝမ်သို့ ရောက်ရှိလာသည့် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် သမ္မတ စိုင်အင်ဝမ်တို့ သြဂုတ်လ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ပြီးနောက်တွင် တရုတ်က ထိုင်ဝမ်ကျွန်းဆွယ်တစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများ ထပ်မံပြုလုပ်ဦးမည်ဟု ကြေညာလိုက်သည်။
20 Aug 2022

DMG ၊ ဩဂုတ် ၂၀
ထိုင်ဝမ်သို့ ရောက်ရှိလာသည့် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် သမ္မတ စိုင်အင်ဝမ်တို့ သြဂုတ်လ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ပြီးနောက်တွင် တရုတ်က ထိုင်ဝမ်ကျွန်းဆွယ်တစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများ ထပ်မံပြုလုပ်ဦးမည်ဟု ကြေညာလိုက်သည်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီ ထိုင်ဝမ်သို့ အလည်လာရောက်မှုအပေါ် အမျက်ထွက်နေသည့် တရုတ်သည် ပြီးခဲ့သောသီတင်းပတ်အတွင်း ထိုင်ဝမ်တစ်ဝိုက်၌ ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ထိုင်ဝမ်ရေလက်ကြားသို့ ဒုံးကျည်များပစ်ခတ်ခဲ့သလို တိုက်လေယာဉ်များနှင့် ရေတပ်စစ်သင်္ဘောများကိုလည်း ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် စေလွှတ်ခဲ့သည်။
အမေရိကန်လွှတ်တော်အမတ်များသည် ကြိုတင်ကြေညာထားခြင်းမရှိဘဲ ထိုင်ဝမ်သို့ သြဂုတ်လ ၁၄ ရက်နေ့တွင် ရောက်ရှိလာကာ ၁၅ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားသည်။ မန်ဆာချူးဆက် ဒီမိုကရက်တစ်လွှတ်တော်အမတ် ဆန်အက်ဒ်မာကီဦးဆောင်သည့် အမေရိကန်လွှတ်တော်အမတ်များသည် ထိုင်ဝမ်၌ သမ္မတစိုင်အင်ဝမ်၊ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူအပါအဝင် လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သည်။
“ဒီနှစ်အစောပိုင်းက ယူကရိန်းကိုရုရှားတို့ကျူးကျော်မှုဟာ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်မှာ အာဏာရှင်နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုကို ပြသနေတာ ဖြစ်ပါတယ်” ဟု သမ္မတစိုင်အင်ဝမ်က ပြောကြားသည်။
တရုတ်ဘက်က ပြောကြားသည့် စစ်ရေးလေ့ကျင့်မှု အသစ်များသည် ယခုပြုလုပ်နေပြီလား၊ သို့မဟုတ် ဘယ်အချိန် ဘယ်နေရာတွင် ပြုလုပ်မည် ဆိုသည့်အချက်အလက်များကိုမူ အတိအကျ မသိရပေ။
တရုတ်သည် ထိုင်ဝမ်ကို မိမိတို့ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အချိန်မရွေး အင်အားသုံးတိုက်ယူမည်ဟု ခြိမ်းခြောက်ထားသည်။ အမေရိကန်သည် ထိုင်ဝမ်သို့ လက်နက်များရောင်းချပြီး ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းမှုကို အားပေးအားမြှောက် ပြုလုပ်နေကြောင်းလည်း တရုတ်က စွပ်စွဲထားသည်။
ဝါရှင်တန်ကမူ မိမိတို့သည် ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံခြင်းမဟုတ်သလို ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေးလည်း ထူထောင်ထားခြင်း မရှိကြောင်း တုံ့ပြန်ပြောကြားသည်။
သို့သော်လည်း ထိုင်ဝမ်အနေဖြင့် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ခုခံကာကွယ်နိုင်ရေးအတွက် အမေရိကန်ဘက်က အကူအညီပေးရန် တရားဝင် အာမခံပေးထားသည်။