ယူကရိန်းကဲ့သို့ပင် မြန်မာ့အရေးကိုလည်း နိုင်ငံတကာ ပူးပေါင်းအဖွဲ့တစ်ဖွဲ့ဖြင့် ကူညီသင့်ဟု ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ပြော

နိုင်ငံပေါင်းစုံပူးပေါင်းအဖွဲ့တစ်ခု ဖွဲ့စည်းပြီး မြန်မာစစ်အုပ်စုကို ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများနှင့် လက်နက်ရောင်းချမှု တားမြစ်ခြင်းများ ဆောင်ရွက်သင့်သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

By Admin 27 Oct 2022

ယူကရိန်းကဲ့သို့ပင် မြန်မာ့အရေးကိုလည်း နိုင်ငံတကာ ပူးပေါင်းအဖွဲ့တစ်ဖွဲ့ဖြင့် ကူညီသင့်ဟု ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး။ ဓာတ်ပုံ - Facebook

DMG ၊ အောက်တိုဘာ ၂၇

နိုင်ငံပေါင်းစုံပူးပေါင်းအဖွဲ့တစ်ခု ဖွဲ့စည်းပြီး မြန်မာစစ်အုပ်စုကို ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများနှင့် လက်နက်ရောင်းချမှု တားမြစ်ခြင်းများ ဆောင်ရွက်သင့်သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာ့အရေးတွင် သဘောထားကွဲလွဲလျက်ရှိကာ သံတမန်များကလည်း မြန်မာအပေါ် ပြင်းထန်သော အရေးယူမှုများ ဆောင်ရွက်လျှင် တရုတ်နှင့် ရုရှားတို့က လုံခြုံရေးကောင်စီတွင် ကန့်ကွက်နိုင်သည်ဟုသာ ယူဆကြသည်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သူတို့ကိုပစ်မှတ်ထားမယ့် အားထုတ်မှုတွေကို ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကို ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမှာပါ”ဟု တွမ်အင်ဒရူးက နယူးယောက်တွင် သတင်းထောက်များကို ပြောကြားသည်။

“ဒါမျိုး လုပ်နေတာမရှိပါဘူး။ ဘယ်လိုလုပ်ရမလဲ မသိလို့တော့ မဟုတ်ပါဘူး။ သိကြပါတယ်။ ယူကရိန်းအရေးကိုပဲ ကြည့်ပါ”ဟု တွမ်အင်ဒရူးက ပြောသည်။

အမေရိကန်နှင့် ဥရောပမဟာမိတ်နိုင်ငံများသည် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ပူးပေါင်းကာ ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်။

“ယူကရိန်းပြည်သူတွေကို သတ်နေတဲ့ လက်နက်တွေထဲက တစ်ချို့ဟာ မြန်မာပြည်သူတွေကိုလည်း သတ်နေပါတယ်။ ဒီလက်နက်တွေဟာ ရင်းမြစ်တစ်ခုတည်းက ထွက်လာတာပါ။ သူတို့ဟာ ရုရှားကလာတာပါ”ဟုလည်း တွမ်အင်ဒရူးက ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ၏ အထွေထွေညီလာခံတွင် တွမ်အင်ဒရူး ပြောကြားချက်များအား ရုရှားနိုင်ငံ ကုလသမဂ္ဂဆိုင်ရာ လက်ထောက်သံတမန် ဂင်နာဒီကူဇမင်က မေးခွန်းထုတ်သည်။

“ကမ္ဘာတစ်ဝန်းမှာ အရပ်သားတွေ၊ လူကြီးတွေ၊ အမျိုးသမီးတွေ ကလေးတွေကို ဘယ်သူ့လက်နက်က သတ်ဖြတ်နေတယ် ဆိုတာကို ပြောဖို့က ခင်ဗျားအလုပ်မဟုတ်ဘူး။ ခင်ဗျားကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ်ခန့်ထားတာ။ ဒီတော့ ယူကရိန်းကိစ္စကို ပြောနေမယ့်အစား မြန်မာ့အရေးပဲလုပ်ပါ”ဟု ကူဇမင်က လူ့အခွင့်အရေးကော်မတီသို့ ပြောကြားခဲ့သည်။

ဗီဒီယိုများ