- ကျောက်ဖြူထောင်မှ ချုပ်ရက်စေ့၍ လွတ်လာသူ ၂ ဦးကို စစ်ကောင်စီ ပြန်ဖမ်း
- ပြိန်းချောင်း ဓားပြတိုက်လူသတ်မှု တရားခံ မပေါ်သေး
- ဒေါ်နယ်ထရမ့်ကို နိုဘယ်ဆုအတွက် ကမ္ဘောဒီးယား အမည်တင်သွင်းမည်
- CDF ဟု စွပ်စွဲကာ စစ်ကောင်စီ ဖမ်းဆီးထောင်ချခဲ့သည့် ပလက်ဝဒေသခံ ၁၆ ဦး ပြန်လွတ်
- စစ်ကောင်စီက ကျောက်ဖြူသို့ တင့်ကားနှင့် စစ်သင်္ဘောများ ထပ်ပို့
ကျောက်ဖြူထောင်မှ ချုပ်ရက်စေ့၍ လွတ်လာသူ ၂ ဦးကို စစ်ကောင်စီ ပြန်ဖမ်း
ရခိုင်ပြည်၊ ကျောက်ဖြူအကျဉ်းထောင်မှ အမျိုးသား ၂ ဦးမှာ ချုပ်ရက်စေ့၍ အကျဉ်းထောင်တာဝန်ရှိသူတို့က လွှတ်ပေးလိုက်သော်လည်း စစ်ကောင်စီက ထောင်ဗူးဝကနေ ပြန်လည်ဖမ်းဆီးသွားကြောင်း သိရသည်။
04 Aug 2025

DMG ၊ ဩဂုတ် ၄
ရခိုင်ပြည်၊ ကျောက်ဖြူအကျဉ်းထောင်မှ အမျိုးသား ၂ ဦးမှာ ချုပ်ရက်စေ့၍ အကျဉ်းထောင်တာဝန်ရှိသူတို့က လွှတ်ပေးလိုက်သော်လည်း စစ်ကောင်စီက ထောင်ဗူးဝကနေ ပြန်လည်ဖမ်းဆီးသွားကြောင်း သိရသည်။
မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် အရာရှိရပ်ကွက်မှ အသက် ၃၁ နှစ်အရွယ် ကိုတင်ထွန်းနှင့် နောက်ထပ်အမျိုးသားတစ်ဦးတို့သည် ဩဂုတ် ၁ ရက်တွင် ချုပ်ရက်စေ့၍ လွတ်မြောက်လာခြင်းဖြစ်သည်။
သို့သော်လည်း စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ ၂ ဦးကို ထောင်ဗူးဝတွင် ထပ်မံဖမ်းဆီးပြီး အချုပ်ခန်းကို ပြန်ခေါ်သွားခြင်းဖြစ်ကြောင်း မိသားစုများက DMG ကို ပြောသည်။
" လွတ်ရက်စေ့ပြီ ဆိုပြီးတော့ မိသားစုဝင်တွေက သွားကြိုကြတာ၊ လွတ်လာတဲ့အချိန်မှာ ထောင်ဗူးဝမှာဘဲ ရဲတွေက ပြန်ဖမ်းပြီး အချုပ်ခန်းကို ခေါ်ယူသွားတယ်။ နောက်ထပ်အမှုတွေ စစ်ဆေးစရာကျန်သေးတယ် ဆိုတဲ့ အ ကြောင်းပြချက်နဲ့ ဖမ်းသွားတာ၊ ဘာအမှုတွေ စစ်ဆေးမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး " ဟု ဦးတင်ထွန်း၏ မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။
ဦးတင်ထွန်းမှာ ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာလက စစ်ကောင်စီ တပ်ဖွဲ့ဝင်များထံ ဖမ်းဆီးခံခဲ့ရပြီးနောက် ကျောက်ဖြူမြို့နယ်တရားရုံးက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားခြင်းဖြစ်သည်။
ဦးတင်ထွန်းနှင့်အတူ လွတ်မြောက်လာပြီး ပြန်ဖမ်းခံရသူ နောက်ထပ်အမျိုးသားတစ်ဦးနှင့် ပတ်သက်၍ အသေးစိတ်သိနိုင်ရန် DMG က စုံစမ်းနေဆဲဖြစ်သည်။
ကျောက်ဖြူတွင် နိုင်ငံရေးပုဒ်မဖြင့် ထောင်က လွတ်မြောက်လာပြီမှ ပြန်လည်ဖမ်းဆီး၍ ထပ်မံအမှုဖွင့် ခံရသူများ ယခင်ကလည်း ရှိနေသည်။
ပြီးခဲ့သည့် မေလကလည်း နိုင်ငံရေးပုဒ်မဖြင့် ထောင်ကလွတ်လာသူ ကျောက်ဖြူမြို့ခံ ဦးသောက်ဆန်းကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီး၍ ထောင်ထဲတွင် ချုပ်နောင်ထားကြောင်း သိရသည်။
" လွတ်ရက်စေ့လို့ ထောင်က လွှတ်လိုက်ပေမယ့် ထောင်ဗူးဝမှာ ပြန်အဖမ်းခံရပြီး အမှုတွေ ထပ်စွဲ၊ ထပ်ပြီး ချုပ်နှောင်ခံနေရတာတွေ ရှိတယ်။ ပြောရမယ်ဆိုရင် အနိုင်ကျင့်ခံရတာ။ ဥပဒေဆိုတာ စစ်ကောင်စီ လက်ထဲမှာပဲ ရှိတော့ ကြိုက်သလို လုပ်နေကြတာ " ဟု ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
DMG ၏ အချက်အလက်အရ ၂၀၂၂ အစောပိုင်းစ၍ ယခု ၂၀၂၅ အထိ ကျောက်ဖြူဒေသခံ ၁၁၀ ဦးထက်မနည်းကို အာရက္ခတပ်တော်နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးထားပြီး အကျဉ်းထောင်၊ ရဲစခန်းနှင့် စစ်ကြောရေးစခန်းတို့တွင် ချုပ်နှောင်ထားသည်။
အများစုမှာ ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) စသည့် နိုင်ငံရေးပုဒ်မတို့ဖြင့် ထောင်ဒဏ် ၆ လမှ ၁၀ နှစ် အထိ ပြစ်ဒဏ် အသီးသီးချမှတ်ခံထားရပြီး ဆေးကုသခွင့်မရသဖြင့် ကျန်းမာရေးပြသနာများ ဆိုးရွားစွာ ရင်ဆိုင်နေရသူများလည်း ရှိနေသည်။