တရုတ်ကို တုံ့ပြန်နိုင်ရေး အိန္ဒိယက မြန်မာ့ရေနံထုတ်လုပ်ရေးတွင် ဒေါ်လာ ၆ ဘီလျံ ကူညီရန် ကမ်းလှမ်း

မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍအတွက် တရုတ်၏ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်လာသည်နှင့်အမျှ အိန္ဒိယသည်လည်း အဆိုပါကဏ္ဍတွင် တစ်နေရာစာ အရယူရန် ကြိုးပမ်းလျက်ရှိသည်။ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Shringla နှင့် အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးကြီး MM Naravane တို့၏ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်၌ မြန်မာ့ ရေနံထုတ်လုပ်ရေးအတွက် ဒေါ်လာ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။

By Foreign Desk 09 Oct 2020

အိန္ဒိယက အကူအညီပေးသည့် ကိုဗစ်ကုသဆေးအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာ ၅ ရက်နေ့က တွေ့ဆုံမှုအတွင်း လက်ခံရယူနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - Embassy of India in Yangon)

မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍအတွက် တရုတ်၏ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်လာသည်နှင့်အမျှ အိန္ဒိယသည်လည်း အဆိုပါကဏ္ဍတွင် တစ်နေရာစာ အရယူရန် ကြိုးပမ်းလျက်ရှိသည်။ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Shringla နှင့် အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးကြီး MM Naravane တို့၏ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်၌ မြန်မာ့ ရေနံထုတ်လုပ်ရေးအတွက် ဒေါ်လာ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်မြို့အနီးရှိ သန်လျင်တွင် ရေနံချက်စက်ရုံ ဆောက်လုပ်ရန် အိန္ဒိယက ကမ်းလှမ်းခဲ့သည်ဟု သတင်းရင်းမြစ်များအရ သိရသည်။

“လောလောဆယ်မှာတော့ အိန္ဒိယရေနံကော်ပိုရေးရှင်း (IOCL) က ဒီစီမံကိန်းကို စိတ်ဝင်စားပုံပြတယ်” ဟု ရင်းမြစ်တစ်ခုက ပြောသည်။ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိမည့် သဘောတူညီချက်ဖြစ်ကြောင်း သူကဆိုသည်။

မြန်မာ့ စွမ်းအင်ကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ၏ ၇၀ ရာခိုင်နှုန်းနီးပါးမှာ တရုတ်မှဖြစ်သည်။ အိန္ဒိယ၏ အရှေ့ပိုင်းအိမ်နီးချင်းနိုင်ငံ ဖြစ်သလို အရှေ့မျှော်ဝါဒနှင့် အိမ်နီးချင်းအလေးထားရေး မူဝါဒတွင် ခွလျက်ရှိနေသည့် မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ အနည်းငယ်သာရှိပြီး ပြည်တွင်းသုံးစွဲရန် လောက်သာ ထုတ်လုပ်နိုင်သည်။

ခရီးစဉ်အတွင်း Shringla နှင့် Naravane တို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

နယ်စပ်ရေးရာ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်းပြီး နှစ်နိုင်ငံနယ်နိမိတ်အား လက်နက်ကိုင်အုပ်စုများ၏ “နှစ်နိုင်ငံကြား အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များ” အတွက် အသုံးပြုခွင့်မပေးရန်လည်း ထပ်လောင်းသဘောတူခဲ့ကြကြောင်း အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အိန္ဒိယလက်နက်ကိုင် ၂၂ ဦးအား အိန္ဒိယအစိုးရထံ ပြန်လွှဲပေးမည့် မြန်မာ၏ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုပါကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်တစ်ခုမှာ Shringla နှင့် Naravane တို့သည် ကိုဗစ်ကုသဆေး Remdesivir အလုံး ၃၀၀၀ ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်သို့ လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ကပ်ဘေးကြီးအား တိုက်ဖျက်ရာတွင် မြန်မာနှင့်အတူ ရပ်တည်မည့်သဘောထားကို ပြသခြင်းဟု အိန္ဒိယကဆိုသည်။

အိန္ဒိယသည် ပဋိပက္ခများဖြစ်ပွားနေသည့် ရခိုင်ဒေသကို အမြန်ဆုံး တည်ငြိမ်သွားစေရေးအတွက် မြန်မာနှင့်သာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ပါ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိနေကြောင်းကို ယခုခရီးစဉ်က သိသာထင်ရှားစေသည်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ် (RSDP) ကို အိန္ဒိယနှင့် မြန်မာတို့ပူးပေါင်းကာ အဆင့်မြှင့်တင်ခြင်းသည် စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအား လယ်ယာသုံးစက်ပစ္စည်းများ အသုံးပြုကာ ယခုထက်ပို ထိရောက်စွာအသုံးပြုကာ ဖြေရှင်းမည့်သဘော ဖြစ်သည်။ ထိုမှတစ်ဆင့် အပြန်အလှန်အားဖြင့် ရခိုင်ဒေသရှိ လူမှုစီးပွားကို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း အရာရှိအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်များက ဆိုသည်။

အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး MM Naravane နှင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးအတွင်းဝန် Shri Harsh V Shringla တို့ မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့၌ နေပြည်တော်တွင် တွေ့ဆုံစဉ်။ (ဓာတ်ပုံ - Embassy of India in Yangon)

မွတ်ဆလင်ဒုက္ခသည်များအား ပြန်လည်လက်ခံရေး အပါအဝင် လူသားချင်းစာနာထောက်ထားရေး အစီအစဉ်များ ဆောင်ရွက်ရန် ပျက်ကွက်မှုသည် အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါဒဆီလို့ တွန်းအားပေးသကဲ့သို့ ရှိနေပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အဟန့်အတား ဖြစ်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေမိုမမ် (AK Momen) က မကြာသေးခင်က သတိပေးထားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား နားလည်မှုရယူပြီး ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များအား ရခိုင်သို့ လုံခြုံတည်ငြိမ်ပြီး အမြန်ဆုံး ပြန်လည်ပို့ဆောင်ရေးကို ထောက်ခံကြောင်း အိန္ဒိယက ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သည်။

“ယခုအခြေအနေ၏ အရေးပါမှုကို အိန္ဒိယအနေဖြင့် အပြည့်အဝ နားလည်ပါကြောင်း၊ ဒုက္ခသည်များ နေရန်ပြန်နိုင်ရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးအား လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးအပ်ရန်လည်း အာမခံထားပြီးဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်သို့ ကူညီထောက်ပံ့မှုများ ၅ ကြိမ်တိတိ ပေးအပ်ထားပြီးဖြစ်ကာ ထပ်မံပေးအပ်ရန်လည်း ဆန္ဒရှိပါကြောင်း” တရားဝင် သတင်းရင်းမြစ်များက ဆိုသည်။ ရခိုင်တွင်လည်း ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေး စီမံကိန်းများအတွက် လူမှုစီးပွားဖွံ့ဖြိုးရေး အထောက်အပံ့များကို တစ်နှစ်လျှင် ဒေါ်လာ ၅ သန်းစီ အကူအညီပေးမည့် အစီအစဉ်မှတစ်ဆင့် တိုးချဲ့ ဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။

ခရီးစဉ်အတွင်း အိန္ဒိယသည် ချင်းပြည်နယ် အိန္ဒိယမြန်မာနယ်စပ် ဆာစီချောက်လမ်း (Sarsichauk) ရှိ ဟာ့တ်တံတား (Haat Bridge) ဆောက်လုပ်ရေးအတွက် ဒေါ်လာ ၂ သန်း ထောက်ပံ့ငွေပေးရန်လည်း ကြေညာခဲ့သည်။ အဆိုပါလမ်းကြောင်းမှတစ်ဆင့် မီဇိုရမ်နှင့် မြန်မာအကြား လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး စီးပွားရေးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေမည်ဟု အိန္ဒိယက မျှော်လင့်ထားသည်။

(ရည်ညွှန်း - To counter China, India offers Myanmar a $6bn oil refinery, TIMES OF INDIA)

ဗီဒီယိုများ