မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများကို ရှုတ်ချကြောင်း အာဆီယံအစည်းအဝေးက ထုတ်ပြန်

မြန်မာနိုင်ငံအတွင်း၌ ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများအား ရှုတ်ချကြောင်း ဂျာကာတာတွင် ကျင်းပနေသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ကြာသပတေးနေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

By Admin 14 Jul 2023

ဓာတ်ပုံ - AFP
ဓာတ်ပုံ - AFP

မြန်မာနိုင်ငံအတွင်း၌ ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများအား ရှုတ်ချကြောင်း ဂျာကာတာတွင် ကျင်းပနေသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ကြာသပတေးနေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

“လေကြောင်းမှတိုက်ခိုက်မှုများ၊ လက်နက်ကြီးတိုက်ခိုက်မှု၊ အရပ်ဘက်အဆောက်အအုံများကို ဖျက်ဆီးမှုတို့ အပါအဝင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို မိမိတို့ ပြင်းပြင်းထန်ထန် ရှုတ်ချသည်” ဟု ကြာသပတေးနေ့နှောင်းပိုင်းက ထုတ်ပြန်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

ပိုမိုဆိုးရွားလာနေသည့် မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများအရေးကို ကိုင်တွယ်ရာတွင် အာဆီယံအနေဖြင့် ညီညီညွတ်ညွတ် ရှိရမည်ဖြစ်ကြောင်း အစည်းအဝေးသဘာပတိ အင်ဒိုနီးရှားက အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအား ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းရေးနှင့် ပတ်သက်ပြီး အာဆီယံသည် ၎င်းတို့ချမှတ်ထားသည့် ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ကိုင်စွဲသွားမည်ဟု ပြောကြားကြောင်းလည်း သီးခြားသတင်းတစ်ရပ်၌ ဖော်ပြထားသည်။

မြန်မာ့အရေးတွင် ပါဝင်ပတ်သက်နေသည့် အင်အားစုများ အားလုံးအနေဖြင့် အကြမ်းဖက်မှုများ အဆင်ခြင်မဲ့ ကျူးလွန်နေခြင်းကို ချက်ချင်းရပ်တန့်ရေးအတွက် ခိုင်မာသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်ရန် အာဆီယံကြေညာချက်က တိုက်တွန်းထားသလို လူသားချင်းစာနာမှု အကူအညီများ ဖြန့်ဝေပေးနိုင်ရေးအတွက် ပါဝင်ကူညီပေးရန်နှင့် အားလုံးပါဝင်သည့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ကြရန်လည်း တိုက်တွန်းထားသည်။

အာဆီယံအစည်းအဝေး တက်ရောက်ရန် ဂျာကာတာမြို့သို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒုံပရာမုဝီနိုင်သည် ဇူလိုင်လ ၁၂ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံချိန်၌ မိမိသည် နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဟု ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းပြီး သူမနှင့် တွေ့ဆုံမှုသည် အခြေအနေကောင်းကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလက မြန်မာစစ်တပ် အာဏာသိမ်းယူခဲ့ချိန်မှစပြီး အတိုက်အခံများအပေါ် စစ်တပ်က သွေးစွန်းသော ဖြိုခွင်းမှုများနှင့်အတူ တော်လှန်ရေးတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များကလည်း စစ်တပ်ကို ပြန်လည် တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်တွင် မြန်မာစစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား မည်သည့် နိုင်ငံခြားသံတမန်နှင့်မျှ တွေ့ဆုံခွင့် မပေးခဲ့သဖြင့် ထိုင်းဝန်ကြီးချုပ်၏ ယခုပြောကြားချက်သည် လူအများသတိပြုစရာ ဖြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြီးခဲ့သော တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး သူမက ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြန်လုပ်ကြရန် တိုက်တွန်းသည်ဟု ဝန်ကြီး ဒုံပရာမုဝီနိုင်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သောဇွန်လက မြန်မာစစ်ကောင်စီအပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများကိုပါ ဖိတ်ခေါ်ပြီး အလွတ်သဘောဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ လက်ရှိ အာဆီယံဥက္ကဌ အင်ဒိုနီးရှားအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုက မတက်ရောက်ခဲ့ကြပေ။

အာဆီယံအဖွဲ့ကြီးသည် ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်လျက်ရှိသည့် မြန်မာစစ်ကောင်စီအား အာဆီယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားသည်။

ဗီဒီယိုများ