- အမေရိကန်နှင့် မဟာမိတ်များ ‘ဒရုန်း’သင်္ဘောများ စမ်းသပ်
- ရေဘေးသင့် ဖုံသာချောင်းဒေသတွင် ငှက်ဖျားနှင့် ဝမ်းရောဂါ အဖြစ်များနေ
- ဒုက္ခသည်အရေး အဆုံးမရှိ ထိုင်စောင့်နေ၍မရဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ်ပြော
- လေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်တွင် လေးရက်အတွင်း အရပ်သား သေဆုံးဒဏ်ရာရသူ ၂၅ ဦးရှိ
- ဂွတိုက်ပွဲ ပြင်းထန် (ကုလားပြင်ရွာမှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး)
အာဏာသိမ်းမှုအပေါင်းကို ဆုံးခန်းတိုင်သွားစေနိုင်သည့် အာဏာသိမ်းမှု
၁၉၈၈ ခုနှစ် စစ်အာဏာရှင်တော်လှန်ရေး အုံကြွမှုတွင် နိုင်ငံတစ်ဝန်းက ပြည်သူသန်းနှင့်ချီ ပါဝင်ခဲ့ကြပြီးနောက်တွင် ထောင်နှင့်ချီသော ပြည်သူများအား စစ်သားများက သေနတ်ဖြင့်ပစ်ခတ် နှိမ်နင်းပြီး လူထုလှုပ်ရှားမှုကို အဆုံးသတ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၌ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဦးဆောင်သည့် ရွေဝါရောင်တော်လှန်ရေးဟု ထင်ရှားသည့် ဒီမိုကရေစီအရေး လှုပ်ရှားမှုကိုလည်း စစ်သားများက ရက်စက်စွာနှိမ်နင်းခဲ့သည်။
25 Feb 2021
မြန်မာနိုင်ငံတွင် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုအရှိန်သည် တတိယသီတင်းပတ်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ စစ်တပ်၏ အမိန့်ထုတ်ပြန်ချက်များ၊ ကန့်သတ်ချက်များ နှင့်အတူ စက်သေနတ်များ တပ်ဆင်ထားသည့် သံချပ်ကာကားများလည်း ရန်ကုန်အပါအဝင် အခြားမြို့များတွင် မြင်တွေ့လာရသည့်ကြားမှ ဆန္ဒဖော်ထုတ်မှုများမှာ ရပ်တန့်မသွားသဖြင့် အကြမ်းဖက်မှုများ ပိုမိုမြင့်တက်လာမည့် အလားအလာ ရှိနေသည်။
စစ်ယူနီဖောင်းဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သားများသည် ယခုအခါ အာဏာရှင်ခေတ်ကို အကာအကွယ် ပေးနေကြပြီ ဖြစ်သလို စိတ်ပါလက်ပါမရှိသည့် ရဲတပ်ဖွဲ့အား အတင်းဖိအားပေးကာ ဆန္ဒပြမှုများကို နှိပ်ကွပ်နေပြီဖြစ်သည်။
ဗိုလ်ချုပ်ကြီးများသည် ဆန္ဒထုတ်ဖော် လှုပ်ရှားမှုများအား ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ရန် စီစဉ်ထားသည် ဆိုလျှင်တောင်မှ ပိုမိုသိသာ ထင်ရှားလာနေသည်မှာ အတိတ်ကာလ အာဏာသိမ်းမှုများတွင် တွေ့ကြုံခဲ့သည့် ပြည်သူများထက် အာခံဖီဆန်မှု အလွန့်အလွန် ပိုများသည့်လူထုကို ရင်ဆိုင်ရမည်ဟူသော အချက်ဖြစ်သည်။
တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေးကို ဆောက်ရွက်နိုင်သည့် တစ်ခုတည်းသော အင်အားစုဖြစ်သည်ဆိုသော အခါခါကြားလာခဲ့ရသည့် အယူအဆအား ယခုအာဏာရယူမှုက အဆုံးသတ်စေမည့် သဘောလည်း ရှိနေသည်။ သို့သော်လည်း နိုင်ငံတစ်ခုအတွင်းတွင် စစ်တပ်က နိုင်ငံတော်ထပ်တည်ခြင်းနှင့် မကြာသေးမီကမှ အာဏာရယူမှုတို့သည် အမျိုးသားရေးသာမကဘဲ စီးပွားရေးလည်း ဆန်နေသည်။
“တပ်မတော်ရဲ့ အာဏာဆုပ်ကိုင်ထားလိုစိတ်ဟာ မျိုးချစ်စိတ်ထက် စစ်တပ်ထိပ်တန်းအရာရှိတွေရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်လိုစိတ်က ပိုများပါတယ်” ဟု သြစတြေးလျနိုင်ငံ ကာတင်တက္ကသိုလ်တွင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူ မြန်မာနွယ်ဖွားဒေါ်ထွေးထွေးသိန်းက ဆိုသည်။
“စစ်တပ်ဟာ ဗျူရိုကရေစီစနစ်နဲ့အတူ အချက်အချာကျတဲ့ နေရာတွေကို လက်ဝါးကြီးအုပ်ပြီး ဆယ်စုနှစ်များစွာ ချမ်းသာကြွယ်ဝမှုတွေ စုဆောင်းလာတာ” ဟု သူကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရ၏ ပြပြင်ပြောင်းလဲရေး အစီအစဉ်သည် အကျိုးအမြတ်များသော ခရိုနီအရင်းရှင်စနစ်အား တဖြည်းဖြည်း အားနည်းသွားအောင် ခြိမ်းခြောက်လာခဲ့သည်ဟု သူကဆိုသည်။
၁၉၈၈ ခုနှစ်တွင် အစိုးရပိုင် စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကလက်သို့ လွှဲပြောင်းချိန်၌ စစ်တပ်ပိုင် လုပ်ငန်းစုကြီးနှစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့သည် ထိုလုပ်ငန်းများအား အရယူခဲ့ပြီး အသင့်အတင့် ပွင့်လင်းမြင်သာမှု စတင်ပေါ်လာခဲ့သည့် ၂၀၁၁ ခုနှစ်အထိ ထိန်းချုပ်ထားနိုင်ခဲ့သည်။
ဦးပိုင်၊ MEC နှင့် လက်တစ်ဆုပ်စာ ခရိုနီစီးပွားရေးသမားတစ်စုသည် စီးပွားရေးလုပ်ကွက်များ၊ အိမ်ခြံမြေ၊ အစိုးရနှင့်သာမက နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သည့် အကျိုးအမြတ်များသော ကန်ထရိုက်များကိုပါ အပိုင်စီးထားခဲ့သည်။
အဆိုပါ လုပ်ငန်းစုကြီးများနှင့် ခရိုနီတို့ ချုပ်ကိုင်ထားသော စီးပွားရေးများတွင် ဘီယာနှင့် ဆေးရွက်ကြီးကုန်သွယ်မှု မှသည် သတ္တုတူးဖော်ရေးနှင့် ဆောက်လုပ်ရေး ကုမ္ပဏီများ၊ ခရီးသွားလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများအထိ ပါဝင်သည်။
ပွင့်လင်းမှုများ စတင်ခဲ့သည့် ၂၀၁၁ နောက်ပိုင်းကာလအထိ မြန်မာစစ်တပ်သည် နိုင်ငံတွင်း အင်အားအကြီးဆုံး အဖွဲ့အစည်းအဖြစ် ရှိနေဆဲ ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက်တွင် စစ်တပ်၏အခန်းကဏ္ဍအား ဖြည်းဖြည်းချင်းလျှော့ချရေး လုပ်ငန်းစဉ်ကို သတိကြီးစွာဖြင့် စတင်ဆောင်ရွက်ခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD အကြီးအကျယ် အနိုင်ရခဲ့သည့်အတွက် NLD ၏ စစ်တပ်အခန်းကဏ္ဍအား လျှော့ချရေး လုပ်ငန်းစဉ် ပိုမိုပြင်းထန်လာမည်ကို စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များက စိုးရိမ်ခဲ့ကြသည်။ ဤအချက်သည် အာဏာသိမ်းမှု နောက်ကွယ်ရှိ အကြောင်းရင်းများတွင် ပါဝင်နိုင်သည်ဟု ယူဆသူများလည်း ရှိသည်။
မြန်မာ့လူမှုဘဝမှ စစ်တပ်၏အခန်းကဏ္ဍအား လျှော့ချမှုတွင် အရေးပါသော အောင်မြင်မှုတစ်ခုမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ၂၀၁၉ ခုနှစ်တွင် အရပ်သားထိန်းချုပ်မှုအောက်သို့ လွှဲပြောင်းနိုင်ခဲ့သည့် ကိစ္စရပ်ဖြစ်သည်ဟု ဒေါ်ထွေးထွေးသိန်းက ပြောသည်။ ထိုအချိန်မတိုင်မီအထိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် ရှိခဲ့သည်။ ပြည်ထဲရေးသည် စစ်တပ်က ချုပ်ကိုင်ထားသည့် ဝန်ကြီးဌာနသုံးခုအနက် တစ်ခုဖြစ်သည်။ နောက်နှစ်ခုမှာ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့ဖြစ်သည်။
“ဒီအချက်က တပ်မတော်ရဲ့ ကြွယ်ဝချမ်းသာမှုကို ကာကွယ်ပေးရာမှာ အဓိကကျတဲ့ အစိုးရရဲ့အုပ်ချုပ်ရေးနဲ့ ထိန်းချုပ်နိုင်မှုအပေါ် တပ်မတော်ရဲ့ ချုပ်ကိုင်နိုင်စွမ်း အားနည်းသွားတဲ့ လက္ခဏာတစ်ခုအဖြစ် မြင်ခဲ့ကြတယ်။” ဟု ဒေါ်ထွေးထွေးသိန်းက Asia Times သို့ ဖြေကြားသည်။
သို့သော်လည်း အာဏာရယူသူများသည် သူတို့၏လုပ်ရပ်ကို အမျိုးသားရေးဝါဒဖြင့် ဖုံးကွယ်ရန် ရည်ရွယ်ကြသည်။ ပြည်ထောင်စုမပြိုကွဲရေးအတွက် တပ်မတော်က ကာကွယ်ပေးနေသည်ဆိုသော အယူအဆကို ၁၉၉၀ ကျော်ကာလများတွင် စဝ်ဆေးယောင်ဝေက ကနဦး စိန်ခေါ်ခဲ့သည်။ စဝ်ဆေးယောင်ဝေသည် မြန်မာနိုင်ငံ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်၏သား ဖြစ်ပြီး ယူဂျင်းသိုက်ဟုလည်း လူသိများသည်။
မတည်ငြိမ်မှုများရှိသော်လည်း လည်ပတ်နေဆဲဖြစ်သည့် ဒီမိုကရေစီနည်းကျ ရွေးချယ်ခံအစိုးရအား ၁၉၆၂ ခုနှစ်က အာဏာသိမ်းခဲ့သော စစ်အစိုးရသည် “အာဏာတည်မြဲရေးအတွက် အကြမ်းဖက်မှုကို အသုံးချခြင်း” ဖြစ်ကြောင်း ရှမ်းလူမျိုးတစ်ဦးဖြစ်သလို တစ်ခါက လက်နက်ကိုင်တော်လှန်ခဲ့သူ တစ်ဦးလည်းဖြစ်သော စဝ်ဆေးယောင်ဝေက ၎င်း၏ သုတေသနစာတမ်းများ၌ ရေးသားခဲ့သည်။
ဖိနှိပ်ချုပ်ချယ်မှုများသည် ခုခံမှုများကို ပေါက်ဖွားစေသည်။ ၁၉၆၂ အာဏာသိမ်းမှုအပြီးတွင်လည်း ဤနည်းအတိုင်း ဖြစ်ပွားခဲ့ကာ နိုင်ငံသည် ကဏ္ဍအစုံ၌ ကျဆင်းသွားပြီး တိုင်းပြည်သည်လည်း စည်းလုံးမလာတော့ပေ။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးပြီးချင်း ပေါ်ထွက်လာခဲ့သည့် တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးအရ လက်နက်ကိုင်အုံကြွမှုများအား ၁၉၅၀ ကျော်ကာလများတွင် အသင့်အတင်း ထိန်းချုပ်နိုင်ခဲ့သည်။ ၁၉၆၂ စစ်အာဏာသိမ်းမှု အပြီးတွင်မူ လက်နက်ကိုင်တော်လှန်မှုများ တစ်ကျော့ပြန် ထွက်ပေါ်လာခဲ့သည်။ အထူးသဖြင့် ရှမ်းနှင့် ကချင်ပြည်နယ်များတွင် ဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ တိုင်းရင်းသား ဗမာလူမျိုးများ ကြီးစိုးရာဒေသများ၌ အုံကြွမှုများ ထွက်ပေါ်လာပြီး စစ်တပ်က ရက်ရက်စက်စက် သုတ်သင်နှိမ်နင်းခဲ့သည်။ ပထမဆုံးအဖြစ် ၁၉၆၂ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားများ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ကျောင်းသားအများအပြား အသတ်ခံခဲ့ရသည်။ ၁၉၇၀ နှစ်များ အလယ်ပိုင်းကာလတွင် ထပ်မံပေါ်ပေါက်ခဲ့သည့် ကျောင်းသားဦးဆောင်သည့် အုံကြွမှုတစ်ခုမှာလည်း ရက်စက်စွာနှိမ်နင်းခံခဲ့ရသည်။
၁၉၈၈ ခုနှစ် စစ်အာဏာရှင်တော်လှန်ရေး အုံကြွမှုတွင် နိုင်ငံတစ်ဝန်းက ပြည်သူသန်းနှင့်ချီ ပါဝင်ခဲ့ကြပြီးနောက်တွင် ထောင်နှင့်ချီသော ပြည်သူများအား စစ်သားများက သေနတ်ဖြင့်ပစ်ခတ် နှိမ်နင်းပြီး လူထုလှုပ်ရှားမှုကို အဆုံးသတ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၌ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဦးဆောင်သည့် ရွေဝါရောင်တော်လှန်ရေးဟု ထင်ရှားသည့် ဒီမိုကရေစီအရေး လှုပ်ရှားမှုကိုလည်း စစ်သားများက ရက်စက်စွာနှိမ်နင်းခဲ့သည်။
ဤအထင်ကရလှုပ်ရှားမှုများ အားလုံးကို စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ ချေမှုန်းခဲ့သည်ချည်း ဖြစ်သည်။ နိုင်ငံရေးနှင့် လူမှုရေးနယ်ပယ်၌ ပွင့်လင်းလွတ်လပ်မှုများ ဆယ်စုနှစ်တစ်ခုစာ ရှိခဲ့ပြီဖြစ်သည့် ယခုတစ်ကြိမ်တွင်မူ မြန်မာလူထုသည် သူတို့၏ ယုံကြည်ချက်ကို ထုတ်ပြောရန်၊ မကျေနပ်မှုကို ပြသရေးအတွက် လမ်းပေါ်ထွက်ရန် မကြောက်ကြတော့ပေ။
ဤအချက်သည် ပိုမိုငယ်ရွယ်သော လူငယ်မျိုးဆက် သို့မဟုတ် Generation Z မျိုးဆက်တွင် အထူးသိသာသည်။ သူတို့သည် လွတ်လပ်သော အင်တာနက်၊ မိုဘိုင်းဖုန်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ ကျယ်ပြန့်စွာဖွဲ့စည်းရန် လွယ်ကူသည့် ဆိုရှယ်မီဒီယာခေတ်တွင် ကြီးပြင်းလာသူများဖြစ်သည်။
လတ်တလော ဖြစ်ပွားနေသည့် လူထု၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုများအား ဆိုရှယ်မီဒီယာများတွင် မျှဝေခြင်းသည်လည်း လူငယ် ဆန္ဒပြသမားများအား ရဲဆေးတင်ပေးလျက်ရှိသည်။ စစ်တပ်၏ သံချပ်ကာကားတစ်စီး ရန်ကုန်မြို့လယ်တွင် ပျက်သွားသည့် အချိန်၌ဆိုလျှင် လူအုပ်ကြီးသည် “စက်ပြင်ခေါ်ပေးရမလား”၊ “လာတွန်းပေးရမလားဟင်” စသဖြင့် ပြောဆိုပြီး စစ်သားများအား သရော်ခဲ့ကြသည်။
အခြား သံချပ်ကာကားများနှင့် တင့်ကားများကိုလည်း လူထုက ၎င်းတို့၏ကားများဖြင့် ဝိုင်းရံထားပြီး ကျယ်လောင်စွာ ဟွန်းတီးခဲ့ကြသည်။ ဆန္ဒပြသူအချို့ဆိုလျှင် ရန်ကုန်မြို့တွင်း လှည့်လည်နေသော တင့်ကားအချို့ပေါ်၌ အာဏာသိမ်းမှုဆန့်ကျင်သည့် ပိုစတာများ ကပ်ပေးခဲ့သည့်အထိ ရဲတင်းခဲ့ကြသည်။
ဆန္ဒပြသူအများနှင့် ဆိုင်းဘုတ်များတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တိုက်ရိုက်ဦးတည်သော “Shame on you dictator. We will never forgive you.” စသည့် အရေးအသားများလည်း တွေ့ရသည်။
စစ်တပ်က ၎င်း၏အာဏာနှင့် ကြွယ်ဝမှုအား အကာအကွယ်ပေးရန် မည်မျှအထိ ပြင်ဆင်ထားသည်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြင်တွေ့ရသည်။ ဖေဖော်ဝါရီလ ၁၂ ရက်သည် ၁၉၄၇ ခုနှစ်၌ တိုင်းရင်းသားများ စုပေါင်းလက်မှတ်ရေးထိုးပြီး စည်းလုံးမှုကို ပြသခဲ့သည့် အထိမ်းအမှတ်နေ့ဖြစ်သည်။ ထိုနေ့၌ အကျဉ်းသား ၂၃၀၀၀ ပြည်လည်လွတ်မြောက်လာခဲ့သည်။
အကျဉ်းသားများ လွတ်မြောက်လာပြီး မကြာမီမှာပင် ရန်ကုန်နှင့် အခြားမြို့ကြီးများ၌ ဖောက်ထွင်းမှု၊ မီးရှို့မှုနှင့် မငြိမ်မသက်မှုများ နေရာအနှံ့ ပေါ်ပေါက်လာသဖြင့် ပြည်သူလူထုသည် သူတို့၏ နေအိမ်များကို ကာကွယ်ရန်အတွက် ကိုယ်တိုင်စောင့်ကြပ်ကာ လုံခြုံရေးယူခဲ့ကြရသည်။
ပို၍ ဉာဏ်နီဉာဏ်နက်များသည့် လုပ်ရပ်များလည်း ပေါ်ထွက်ကောင်း ပေါ်လာနိုင်သေးသည်။ ဆန္ဒပြသူအချို့သည် အလှူပေးသည့် ရေသန့်ဘူးများအား သောက်သုံးပြီးနောက် နာမကျန်းမှုများ ပေါ်ပေါက်ခဲ့သည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သဖြင့် ၁၉၈၈ တွင် ဖြစ်ပွားခဲ့သည့် အနေအထားနှင့် ပုံစံတူနေသည်။ ထိုစဉ်ကမူ ဆန္ဒပြသူများသည် အများပြည်သူ သောက်သုံးရန်ပေးထားသည့် ရေကရားမှရေကို သောက်ပြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အာဏာရယူထားသူများသည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် မတူညီသည့် ဘာသာရေးအုပ်စုများအကြား ပဋိပက္ခများ ပေါ်ပေါက်လာအောင် သွေးထိုးလှုံ့ဆော်ရန် ကြိုးပမ်းနေသည် ဟုလည်း ယုံကြည်ရသော သတင်းရင်းမြစ်များ၏ သတင်းပေးပို့ချက်များ ရှိနေသည်။
နောက်တစ်ဆင့်မှာ ဗိုလ်ချုပ်ကြီးများသည် “ပြည်တွင်းငြိမ်းချမ်းရေး” ကို လိုလားကြောင်း ပြသနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များအနက် အချို့နှင့် သဘောတူညီချက်များ ရယူရေး ဖြစ်နိုင်သည်။ ဤကဲ့သို့သဘောတူညီချက်များကြောင့် ၁၉၉၀ ကျော် အစောပိုင်းကာလများတွင် လက်နက်ကိုင်အဖွဲ့ အများအပြားသည် စီးပွားရေးလုပ်ငန်းစုများအဖြစ် ပြောင်းလဲသွားကာ အင်အားလျော့ပါးသွားခဲ့သည်။
မေးစရာ ရှိလာသည်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများသည် ပြည်သူလူထု ဦးကျိုးသွားအောင် ဖန်တီးထားသည့် အင်အားနှင့်အကြမ်းဖက်မှုများ အသုံးပြုရာတွင် အောင်မြင်နိုင်သလား ဟူသောအချက်ဖြစ်သည်။ သိသာသည့်အချက်မှာ စစ်ကောင်စီသည် အာဏာရယူထားသမျှ ကာလပတ်လုံး နိုင်ငံတကာအသိုင်းအဝိုင်းထံ၌ ဖယ်ကြဉ်ခံရခြင်း၊ ရှုတ်ချခံရခြင်းများ ရှိမည်၊ ရှိလိမ့်ဦးမည် ဖြစ်သည်။
“ညဉ့်နက်သန်းခေါင် စီးနင်းမှုတွေ၊ ဖမ်းဆီးမှု၊ အခွင့်အရေးတွေ ချိုးဖောက်ခံရတာ၊ ပြည်သူလူထု နေထိုင်ရာနေရာတွေထဲ စစ်ကားတွေ ဝင်လာတာတွေကတော့ ဗိုလ်ချုပ်ကြီးတွေက ပြည်သူလူထုကို စစ်ကြေညာလိုက်သလိုပါပဲ။” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ တွစ်တာပေါ်တွင် ရေးသားခဲ့သည်။
“ဒါတွေဟာ ထင်ရာစိုင်းနေတဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ သတိထား ဗိုလ်ချုပ်ကြီးတို့ရေ.. ကိုယ်လုပ်သမျှ ကိုယ်တာဝန်ယူရမယ်” ဟု သူကဆိုသည်။
(ရည်ညွှန်း - ‘A coup that could end all coups in Myanmar’ by Bertil Lintner, ASIA TIMES)