- အမေရိကန်နှင့် မဟာမိတ်များ ‘ဒရုန်း’သင်္ဘောများ စမ်းသပ်
- ရေဘေးသင့် ဖုံသာချောင်းဒေသတွင် ငှက်ဖျားနှင့် ဝမ်းရောဂါ အဖြစ်များနေ
- ဒုက္ခသည်အရေး အဆုံးမရှိ ထိုင်စောင့်နေ၍မရဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ်ပြော
- လေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်တွင် လေးရက်အတွင်း အရပ်သား သေဆုံးဒဏ်ရာရသူ ၂၅ ဦးရှိ
- ဂွတိုက်ပွဲ ပြင်းထန် (ကုလားပြင်ရွာမှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး)
တရုတ်-အိန္ဒိယ တင်းမာမှုကြားက မြန်မာ
မြန်မာ့တပ်မတော်သည် မကြာသေးမီကာလများအတွင်း ၎င်းတို့၏ နောက်ထပ်မိတ်ဆွေဟောင်းတစ်ဦးဖြစ်သူ ရုရှားထံပိုယိမ်းလာခဲ့ပြီး Sukhoi SU-30M ဂျက်တိုက်လေယာဉ် ၆ စီးအတွက် အမေရိကန်ဒေါ်လာ ၂၀၄ သန်းတန် စာချုပ်အပါအဝင် စစ်သင်တန်းနှင့် စစ်လက်နက်ပစ္စည်းအကူအညီများ ရယူခဲ့သည်။
02 Jun 2020
စောသန္တာအေး မြန်မာပြန်ဆိုသည်။
ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံမှထွက်ခွာသည့် လေယာဉ်ဆိုသည်မှာ မရှိသလောက်ရှားသည်။ သို့သော်လည်း ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့တွင်မူ မြန်မာစစ်တပ်၏ အထူးလေယာဉ်တစ်စီးသည် စစ်ကိုင်းတိုင်းမြောက်ပိုင်း ခန္တီးမြို့မှ အိန္ဒိယအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ် အင်ဖာမြို့၊ ထိုမှတစ်ဆင့် အာသံပြည်နယ် ဂူဝါဟားတီမြို့တော် (Guwahati) အထိ ပျံသန်းခဲ့သည်။ လေယာဉ်ပေါ်တွင် မဏိပူရလက်နက်ကိုင် ၁၂ ဦးနှင့် အာသံမှ ၁၀ ဦးပါရှိသည်။
မြန်မာစစ်တပ်သည် ၎င်းတို့အား အိန္ဒိယအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။ စစ်တပ်၏ ရင်းနှီးဖော်ရွေမှုကိုပြသသည့် ဤလုပ်ဆောင်ချက်သည် ထူးခြားမှုရှိသည်။ ပိုမိုကျယ်ပြန့်သောအမြင်ဖြင့် ကြည့်ရလျှင် ဤဖြစ်စဉ်သည် မြန်မာစစ်တပ်၏ လုံခြုံရေးနှင့် လက်နက်အင်အားအတွက် တရုတ်တစ်နိုင်ငံတည်းအပေါ် မီခိုအားထားပြုနေရမှုကို လျှော့ချပြီး ပြည်ပဆက်ဆံရေးကို အခြားနိုင်ငံများအထိ ချဲ့ထွင်လိုသည့်ပေါ်လစီအား ထပ်ဟင်နေသည်။
ယခုဖြစ်ရပ်သည် မြောက်ပိုင်းနယ်စပ်တွင် တရုတ်နှင့်အိန္ဒိယတပ်များ အပြိုင်အဆိုင်နေရာချထားပြီး နှစ်ပေါင်းများစွာအတွင်း နှစ်နိုင်ငံအကြားတင်းမာမှု အမြင့်ဆုံးရှိနေချိန်တွင် မဟာဗျူဟာကျသော ရည်ရွယ်ချက်တစ်ရပ်ဖြင့် ပါ်ထွက်လာခြင်းဖြစ်သည်။ မကြာမီအချိန်၌ မြန်မာနိုင်ငံသည် အင်အားကြီးနှစ်နိုင်ငံ၏ နယ်နိမိတ်အရေးအတွက် အာဏာယှဉ်ပြိုင်မှုကြားတွင် ဘေးကြပ်နံကြပ်ကြုံလာရမည့် အနေအထား ရှိနေပေသည်။
မြန်မာသည် အာရှနိုင်ငံကြီးနှစ်ခုအကြားတွင် ပိတ်မိနေသည်။ အိန္ဒိယလက်နက်ကိုင်များသည် မြန်မာနိုင်ငံအတွင်း ၁၉၆၀ နှောင်းပိုင်းကာလများတည်းက လှုပ်ရှားနေခဲ့ကြသည်။ ထိုတပ်များသည် မြန်မာနိုင်ငံအတွင်း ခိုလှုံပြီး နာဂလန်း၊ မဏိပူရနှင့် အာသံကဲ့သို့ပြည်နယ်များကို မကြာခဏ ဝင်ရောက်တိုက်ခိုက်ကာ မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်ပြေးသွားလေ့ရှိသဖြင့် အိန္ဒိယတပ်များသည် လက်လှမ်းမမီနိုင်ဖြစ်ခဲ့ရသည်။
မြန်မာအာဏာပိုင်များသည် နိုင်ငံတွင်းအခြားနေရာများရှိ တိုင်းရင်းသားလက်နက်ကိုင်အရေးများနှင့် လုံးပန်းနေရသဖြင့် ဤအချက်ကို ဂရုမစိုက်ဘဲရှိနေခဲ့သလို အိန္ဒိယလက်နက်ကိုင်စခန်းများ ရှိနေမှုကိုလည်း အစဉ်အဆက်ငြင်းဆိုနေခဲ့သည်။
သို့သော်လည်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ၌ မြန်မာစစ်တပ်သည် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ တာဂ (Taga) တွင် နာဂလန်းအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) စခန်းအား ဝင်ရောက်စီးနင်းချိန်တွင် အလှည့်အပြောင်းတစ်ရပ် စတင်ခဲ့သည်။ NSCN-K သည် ကပ္ပလန်အဖွဲ့ခွဲဖြစ်ပြီး အိန္ဒိယအရှေ့မြောက်ပိုင်းမှ လက်နက်ကိုင်များနှင့်အတူ ထိုနေရာ၌ ပူးတွဲအခြေစိုက်ထားခြင်းဖြစ်သည်။
မြန်မာနာဂတစ်ဦးဖြစ်သည့် ရှန်ဝန်ရှန်ရန် ကပ္ပလန်သည် ၂၀၁၇ ခုနှစ် ဇွန်လတွင် ကွယ်လွန်ခဲ့သည်။ သို့သော်လည်း အဖွဲ့က သူ၏အမည်ကို ဆက်လက်ခံယူပြီး နာဂလန်းနှင့် မဏိပူရရှိ အိုင်ဆက်ချိရှီဆူ (Isak Chishi Swu) နှင့် သူရင်ဂါလန်မူဗာ (Thuingaleng Muivah) တို့၏ NSCN-IM အဖွဲ့နှင့် ကွဲပြားစေရန်အတွက် အဖွဲ့ကို NSCN-K အဖြစ် အမည်ခံထားသည်။
အိုင်ဆက်သည် ၂၀၁၆ ဇွန်လတွင်ကွယ်လွန်ခဲ့သည်။ မူအီဗာမှာ အိန္ဒိယတွင် သက်ရှိထင်ရှားရှိနေဆဲဖြစ်ကာ ၁၉၉၇ ခုနှစ်တည်းက အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်လျက်ရှိသည်။
ယခုလအတွင်း အိန္ဒိယသို့လွှဲပြောင်းခဲ့သည့် လက်နက်ကိုင်များကို ပြီးခဲ့သည့်နှစ် ဇန်လဝါရီလက တာဂတွင် စတင်ခဲ့သည့် စီးနင်းတိုက်ခိုက်မှုများအတွင်း ဖမ်းဆီးရမိထားဖြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် မြန်မာစစ်တပ်သည် NSCN-K ထိပ်ပိုင်းခေါင်းဆောင် ငါးဦးကိုလည်း ဖမ်းဆီးခဲ့သည်။
ထိုခေါင်းဆောင်များသည် မြန်မာနာဂများဖြစ်သဖြင့် မြန်မာနိုင်ငံသားများလည်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် ၎င်းတို့ကို ခန္တီးတရားရုံးက ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့သည်။ ၁၉၀၈ ခုနှစ် ကိုလိုနီခေတ်တည်းက ချမှတ်ထားသည့် မတရားအသင်းဆက်သွယ်မှု ဥပဒေဖြင့် စီရင်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယလက်နက်ကိုင်များကိုလည်း ထိုဥပဒေနှင့်ပင် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့ပြီး ခန္တီးအကျဉ်းထောင်တွင် ထိန်းသိမ်းထားခဲ့သည်။
မြန်မာအစိုးရသည် ဧပြီလလယ် သင်္ကြန်ကာလတွင် အထူးလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၂၅,၀၀၀ နီးပါး ပြန်လွှတ်ပေးခဲ့သည်။ ထိုလွတ်ငြိမ်းချမ်းသာခွင့်တွင် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် နိုင်ငံရေးအကျဉ်းသားများ မပါဝင်ခဲ့ပေ။ သို့သော်လည်း နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၏ တောင်းဆိုချက်ကို အသိအမှတ်ပြုသည့်အနေနှင့် နာဂခေါင်းဆောင်ငါးဦးကို ပြန်လွှတ်ပေးခဲ့သည်။
လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံခြားသားများ အကျုံးမဝင်သဖြင့် မဏိပူရနှင့် အာသံလက်နက်ကိုင်များအား ပြန်လွှတ်မပေးခဲ့ပေ။ သို့သော်လည်း အိန္ဒိယလုံခြုံရေး အာဏာပိုင်များသည် လက်နက်ကိုင်များလွတ်မြောက်ရေးနှင့် အိန္ဒိယထံပြန်လည် လွှဲပြောင်းပေးရေးအတွက် တစ်ဘက်လှည့်သံတမန်နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ကြသည်။
ထိုအဖွဲ့များတွင် မဏိပူရအုပ်စုသုံးခု၊ အာသံရှိ ဘိုဒို(Bodo) လူမျိုးစုအုပ်စု၊ ဘင်္ဂလားအနောက်မြောက်ပိုင်းရှိ ဒေသခြောက်ခုနှင့် အာသံပြည်နယ်တွင်းရှိ ဆက်စပ်ဧရိယာ ၄ ခုကိုပေါင်းကာ သီးခြားနိုင်ငံထူထောင်လိုသည့် အုပ်စုတစ်ခုတို့ ပါဝင်သည်။
ပြီးခဲ့သည့်နှစ်က တိုက်ခိုက်မှုများနှင့် ယခုနှစ်တွင် လက်နက်ကိုင်များအား အိန္ဒိယသို့လွှဲပြောင်းပေးအပ်မှုသည် မြန်မာ့နိုင်ငံခြားရေးမူဝါဒတွင် အရေးပါသောအပြောင်းအလဲများကို ညွှန်ပြလျက်ရှိသည်။ ၁၉၈၀ နှင့် ၁၉၉၀ အလွန်ကာလများအတွင်း မြန်မာအပေါ် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများနှင့် ရှောင်ကြဉ်မှုများရှိနေချိန်ကို အခွင့်ကောင်းယူကာ တရုတ်သည် ရင်းနှီးမြှုပ်နှံမှုများ၊ ငွေကြေးအကူအညီများနှင့် လက်နက်ရောင်းချမှုများဖြင့် မြန်မာနိုင်ငံတွင်း ရသလောက် ခြေကုပ်ယူခဲ့သည်။
သို့သော် ၂၀၁၁ ခုနှစ်ကစတင်ခဲ့သည့် မြန်မာအစိုးရ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ တရုတ်၏လွှမ်းမိုးမှုသည်လည်း ကျဆင်းလာခဲ့သည်။ အပြောင်းအလဲများနှင့်အတူ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည်။ အနောက်နိုင်ငံများသည် အပယ်ခံမြန်မာနိုင်ငံအား ထိတွေ့ဆက်ဆံမှုများ ပြန်လည်စတင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် မွတ်ဆလင်ဒုက္ခသည်များအရေးနှင့်အတူ ပြန်လည်ပြောင်းလဲသွားကြပြန်သည်။
အနောက်နိုင်ငံများ သဘောထားပြန်လည်တင်းမာနေချိန်၌ တရုတ်သည် မြန်မာနိုင်ငံသို့ တစ်ကျော့ပြန်ဝင်ရောက်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် တရုတ်ပြည်အနောက်တောင်ပိုင်းရှိ ကုန်းတွင်းပိတ်ဒေသအား မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာအထိ မဟာဗျူဟာကျကျ ဆက်သွယ်မည့် ဒေါ်လာထရီလျံနှင့်ချီမြှုပ်နှံထားသည့် ရပ်ဝန်းနှင့်လမ်း (BRI) စီမံကိန်းနှင့်အတူ ဝင်လာခြင်းဖြစ်သည်။
ဤအနေအထားကြောင့် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁-၂၀၁၂ ပြုပြင်ပြောင်းလဲရေးများ မတိုင်မီက စစ်အုပ်ချုပ်ရေးအောက်တွင် တရုတ်အပေါ် အလွန်အမင်းမှီခိုနေခဲ့သလို ပြန်ဖြစ်သွားမည်ကို မြန်မာစစ်တပ်သည် စိုးရိမ်လာခဲ့သည်။
မြန်မာ့တပ်မတော်သည် မကြာသေးမီကာလများအတွင်း ၎င်းတို့၏ နောက်ထပ်မိတ်ဆွေဟောင်းတစ်ဦးဖြစ်သူ ရုရှားထံပိုယိမ်းလာခဲ့ပြီး Sukhoi SU-30M ဂျက်တိုက်လေယာဉ် ၆ စီးအတွက် အမေရိကန်ဒေါ်လာ ၂၀၄ သန်းတန် စာချုပ်အပါအဝင် စစ်သင်တန်းနှင့် စစ်လက်နက်ပစ္စည်းအကူအညီများ ရယူခဲ့သည်။
၂၀၁၈ ဇန်နဝါရီ၌ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေရှောဂူး (Sergei Shoigu) သည် မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ ဤတွေ့ဆုံမှုအတွင်း စစ်လက်နက်ပစ္စည်းများ ရုရှားထံမှဝယ်ယူရေး၊ ရုရှားကျောင်းများတွင် မြန်မာစစ်တပ်အရာရှိများ ပညာသင်ကြားခွင့်ရရှိရေး ကိစ္စရပ်များနှင့် ဆက်စပ်သည့် သဘောတူညီချက်အများအပြား ရရှိခဲ့ကြသည်။
အနောက်နိုင်ငံများနှင့် မတူသည်မှာ ရုရှားသည် မြန်မာစစ်တပ်နှင့်အစိုးရအား မွတ်ဆလင်များအပေါ် နှိပ်ကွပ်မှုများနှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်ခြင်းမရှိပေ။
ထိုနည်းတူစွာပင် မြန်မာအပေါ်တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန်ဆန္ဒရှိနေသည့် အိန္ဒိယသည်လည်း ဤအရေးကို ဝင်ရောက်စွက်ဖက်မှုမရှိပေ။
၂၀၁၇ ခုနှစ်တွင် ဗြိတိန်က မြန်မာစစ်တပ်ကို သင်တန်းပေးနေခြင်းအား ရပ်နားမည်ဟု ကြေညာသည့်အချိန်၌ အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံသည် မြန်မာ့ရေတပ်မှစစ်သည်များအား အိန္ဒိယရှိ တပ်မတော်လေ့ကျင့်သင်ကြားရေးကျောင်းများတွင် သင်တန်းပေးရန် ဆွေးနွေးခဲ့ကြကြောင်း ၂၀၁၇ စက်တင်ဘာလအတွင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
ထိုနှစ် နိုဝင်ဘာလတွင် အိန္ဒိယနှင့်မြန်မာတို့သည့် ပထမဦးဆုံးအကြိမ်အဖြစ် ပူးတွဲစစ်ရေးလေ့ကျင့်ကာ “ငြိမ်းချမ်းရေးထိန်းသိမ်းသည့် စစ်ဆင်ရေးများ” ကို ဦးစားဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၈ မတ်လတွင် အိန္ဒိယနှင့်မြန်မာရေတပ် ပူးပေါင်းပြီး ဘင်္ဂလားပင်လယ်အော်တွင် ပွဲဦးထွက်အဖြစ် စစ်ရေးလေ့ကျင့်ခဲ့ကြသည်။ တရုတ်ရေငုပ်သင်္ဘောများ၏ ကျူးကျော်နှောင့်ယှက်မှု အကြိမ်ကြိမ်ရှိနေကြောင်း အိန္ဒိယက မကြာသေးမီကမှ ပြောဆိုထားသည့်နေရာတွင်ဖြစ်သည်။
တပ်မတော်၏ ပြီးခဲ့သည့်နှစ်က တာဂတွင် လှုပ်ရှားမှုနှင့် မကြာသေးမီက အိန္ဒိယလက်နက်ကိုင်များအား လွှဲပြောင်းပေးအပ်မှုအား ပထဝီရေးရာမဟာဗျူဟာရှုထောင့်မှ ကြည့်လျှင် ပို၍မြင်သာနိုင်သည်။
အိန္ဒိယသည် နိုင်ငံအရှေ့မြောက်ပိုင်းမှ လက်နက်ကိုင်များ တရုတ်ပြည်တောင်ပိုင်း ယူနန်ပြည်နယ်မှ မြို့တစ်မြို့ဖြစ်ပြီး မြန်မာနယ်စပ်တွင်ရှိနေသည့် ရွှေလီတွင် ရှိနေသည်ကို သေသေချာချာ သဘောပေါက်ထားပြီးဖြစ်သည်။ အိန္ဒိယသည် မကြာသေးမီကမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ထားသည့် မြန်မာ-အိန္ဒိယနယ်စပ်တစ်လျှောက်ရှိ လက်နက်ကိုင်စခန်းများသို့ မြန်မာ-တရုတ်နယ်စပ်မှ တရုတ်လက်နက်များ မှောင်ခိုဝင်ရောက်လာမည်ကိုလည်း မလိုလားပေ။
မြန်မာမှ အိန္ဒိယသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် လက်နက်ကိုင်များတွင် မဏိပူရအခြေစိုက် လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် ကန်ဂလိပက် ပြည်သူ့တော်လှန်ရေးပါတီ (People’s Revolutionary Party of Kangleipak) နှင့် ပြည်သူ့လွတ်မြောက်ရေးတပ် (People’s Liberation Army) အဖွဲ့ဝင်များ ပါဝင်သည်။ ထိုနှစ်ဖွဲ့ထက် ပိုမိုအင်အားတောင့်တင်းသည့် အာသံလွတ်မြောက်ရေးတပ်ဦး - ULFA (United Liberation front of Asom [Assam]) အဖွဲ့ခေါင်းဆောင် ပါရက်ရှ်ဘာရူဝါ (Paresh Baruah) သည် ယူနန်တွင် တိမ်းရှောင်နေသည်ဟု ယူဆရသည်။
ဘာရူဝါသည် ယူနန်မှတစ်ဆင့် မြန်မာပြည်မြောက်ပိုင်းကို ဖြတ်ကာ တာဂရှိ တစ်ချိန်ကစခန်းဟောင်းသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့သည်။ ထိုစခန်းတွင် ULFA သည် NSCK-K အပါအဝင် ၎င်း၏ မဏိပူရ လက်နက်ကိုင်မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည်။
တရုတ်သည် မြန်မာနှင့် ရုရှားတို့၏ စစ်ရေးဆက်ဆံမှုအပေါ် အမြင်မကြည်သည့်စိတ် မရှိလောက်ပေ။ သို့သော်လည်း ၎င်း၏ပြိုင်ဘက် အိန္ဒိယနှင့် မြန်မာအကြား အလျင်အမြန်တိုးတက်လာနေသည့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ချက်များကိုမူ နောက်အမြစ်တစ်မျိုး ရှိနိုင်သည်။ တရုတ်အစိုးရက မည်ကဲ့သို့တုံ့ပြန်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ပွဲခင်းနေကြသည့် အမျိုးအစားစုံလင်လှသော သူပုန်အုပ်စုများကို သို့မဟုတ် အုပ်စုတစ်ခုခုကို တရုတ်က အထောက်အပံ့များ ပြန်လည်ပေးအပ်လာခြင်းမျိုးလည်း ဖြစ်လာနိုင်သည်။
တရုတ်သည် ၁၉၆၀ မှ ၁၉၈၀ ကာလများအထိ လက်နက်ကိုင်များအား ယူနန်တွင် လျှို့ဝှက်စစ်သင်တန်းများပေးကာ လက်နက်ကိရိယာအပြည့်အစုံ ထောက်ပံ့ပြီး နာဂလန်း၊ မဏိပူရနှင့် မီဇိုရမ်ကဲ့သို့ အိန္ဒိယ၏ ပြဿနာနယ်မြေများသို့ စေလွှတ်သည့် သာဓကများလည်းရှိခဲ့ဖူးသည်။
ULFA သည် တရုတ်ထံမှ ထိုကဲ့သို့တိုက်ရိုက်အကူအညီများ မရဖူးပေ။ သို့သော်လည်း ဤလက်နက်ကိုင်အုပ်စုသည် တရုတ်ပြည်တွင် လွတ်လပ်စွာ နေထိုင်ခွင့်ရထားသလို အိန္ဒိယရှိ ၎င်းတို့၏ ရဲဘော်ရဲဘက်များနှင့်လည်း ဆက်သွယ်ရေးလမ်းကြောင်းရှိသည်။
တရုတ်သည် မြန်မာနိုင်ငံတွင်း အာဏာကစားနေသည့် တစ်ခုတည်းသောနိုင်ငံ မဟုတ်တော့ပေ။ သို့သော်လည်း နိုင်ငံတွင်း ရပ်ဝန်းနှင့်လမ်းစီမံကိန်း၏ မဟာဗျူဟာအရ အရေးပါမှုများကြောင့် တရုတ်အနေဖြင့် အိန္ဒိယ၏အကျိုးစီးပွားကို ဖျက်လိုဖျက်ဆီးလုပ်နိုင်မည့် နည်းလမ်းများအား ရှာဖွေနေဦးမည့် အနေအထားတွင် ရှိနိုင်ပေသည်။
စောသန္တာအေး
(ဆောင်းပါးရှင် Bertil Lintner ၏ China, India tensions put Myanmar in the middle ကို ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။)