ဒေါင်ချာစိုင်း မြန်မာစစ်ကောင်စီ ရွေးချယ်ရမည့် ဆေးခါးကြီးသုံးဖုံ (၂)

နောက်ဆုံးနည်းလမ်းမှာ ရှမ်းမြောက်တွင် ထပ်မံ၍ စစ်ကူဖြည့်မည့်အစား ပြတ်ပြတ်သားသားပင် ဆုတ်ခွာရန် ဖြစ်သည်။ ဤနည်းလမ်းကတော့ လူအင်အား လက်နက်အင်အား ချွေတာရေးဖက်ကကြည့်လျှင် နည်းလမ်းကျသည်။

By Admin 21 Nov 2023

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Amnesty International
စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Amnesty International

စောသန္တာအေး ဘာသာပြန်ပါသည်။

ဒေါင်ချာစိုင်း မြန်မာစစ်ကောင်စီ ရွေးချယ်ရမည့် ဆေးခါးကြီးသုံးဖုံ (၁)

ဒုတိယနည်းလမ်း၌ ရန်ကုန်၊ မိတ္ထီလာနှင့် မန္တလေးကဲ့သို့ လုံခြုံရာနေရာများမှ အကူအညီများကို လားရှိုးရှိ စစ်စခန်းသို့ လေကြောင်းမှ ပို့ဆောင်ခြင်းများ ပါဝင်မည်ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး အရှိန်ကျလာချိန်၌ စခန်းနှင့် မြို့အငယ်များသို့ ရဟတ်ယာဉ်များဖြင့် တပ်ဖြန့်ကာ အသေးစား ထိုးစစ်များ အချိန်ယူ ဆင်နွှဲနိုင်ခြေရှိသည်။

သို့သော် အထူးအရေးပါသည့် ပစ္စည်းရင်းမြစ်များအား မဟာဗျူဟာအရ ရှုံးနိမ့်နေပြီးသားဟု ယူဆရသည့် တိုက်ပွဲများတွင် အသုံးပြုခြင်းသည်လည်း အန္တရာယ်ကြီးပြန်သည်။ ခန့်မှန်းချက်များအရ ဆိုလျှင် ရှမ်းပြည် အရှေ့မြောက်ဖျားရှိ ကိုးကန့်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခြေမှာ သုညရာခိုင်နှုန်းသာ ရှိနေသည်။ ဒေသမြို့တော် လောက်ကိုင်၏ ကျဆုံးခန်းမှာလည်း သိပ်ကြာတော့မည်မဟုတ်သည်မှာ သေချာသလောက်ဖြစ်နေသည်။

လက်နက်ကိုင်တပ်ဖွဲ့များကသာ လားရှိုးမြို့၏ တောင်နှင့်မြောက်ရှိ အဝေးပြေးလမ်းကြောတစ်လျှောက် တိုက်ခိုက်ရေးစည်းကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်နိုင်ပြီ ဆိုပါက တပ်များသည် လားရှိုးမြို့အတွင်း၌ ပိတ်မိပြီး တစ်မြို့လုံးမှာ အဝိုင်းခံရတော့မည်ဖြစ်သည်။ လက်နက်ကြီးဒဏ်ကြောင့် လေယာဉ်ကွင်းပါ ပိတ်လိုက်သည် ဆိုပါက  ဒိန်ဘင်ဖူး (ဗီယက်နမ်နိုင်ငံ ဒိန်ဘင်ဖူးဒေသတွင် ၁၉၅၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပြင်သစ်-ဗီယက်နမ် တိုက်ပွဲ) တစ္ဆေများ ရှမ်းပြည်တစ်ကြောတွင် စီးမိုးနေတော့မည် ဖြစ်လေသည်။ 

တတိယနည်းလမ်း

နောက်ဆုံးနည်းလမ်းမှာ ရှမ်းမြောက်တွင် ထပ်မံ၍ စစ်ကူဖြည့်မည့်အစား ပြတ်ပြတ်သားသားပင် ဆုတ်ခွာရန် ဖြစ်သည်။ ဤနည်းလမ်းကတော့ လူအင်အား လက်နက်အင်အား ချွေတာရေးဖက်ကကြည့်လျှင် နည်းလမ်းကျသည်။ အထူးသဖြင့် ဆုတ်လာသည့်တပ်များကို ရှမ်းပြည်အရှေ့ပိုင်းရှိ စစ်ဌာနချုပ်နှစ်ခုဖြစ်သော ကျိုင်းတုံရှိ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နှင့် ကျိုင်းတုံ-တောင်ကြီး အဝေးပြေးလမ်းမှ ခိုလမ်မြို့ရှိ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့တွင် အင်အားဖြည့်တင်းနိုင်လျှင် ဖြစ်သည်။

ပြင်ဦးလွင်ရှိ အမာခံနေရာများသို့ တပ်ဆုတ်ကာ မန္တလေးနှင့် တောင်ကြီးတွင် ခုခံပြီး နေပြည်တော်ကို ကာကွယ်ထားခြင်းအားဖြင့် မြန်မာစစ်တပ်အတွက် တပ်သားအင်အား ထောင်ပေါင်းများစွာ အပိုထွက်လာမည်ဖြစ်သည်။ အရေးပါသော မြို့ကြီးများကို ကာကွယ်ရာတွင် ၎င်းအင်အားကို အထူးလိုအပ်မည် ဖြစ်သည်။

အာနည်းချက်များလည်း ရှိမည်။ တစ်ချက်ထောက်ပြရလျှင် တပ်နယ်များ စွန့်ခွာရသည့်အတွက် မြန်မာစစ်တပ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ပြည်ထောင်စု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကဲ့သို့ ဦးတည်ချက်များအပေါ် စိတ်ဓာတ်ပိုင်းအရ ရိုက်ခတ်လာမည့်အချက် ဖြစ်သည်။

လက်တွေ့ကျကျ ပြောရလျှင်တော့ ဤသို့ ဆုတ်ခွာခြင်းသည် သံလွင်မြစ်အရှေ့ခြမ်းကို UWSA ‘ဝ’တပ်မတော်လက်သို့ ထိုးပေးလိုက်ရသည့် သဘောပင် ဖြစ်သည်။ နေပြည်တော်နှင့် အပစ်ရပ်ထားသော UWSA သည် နောက်ကွယ်မှ ထွက်လာပြီးလျှင် ၎င်း၏ပိုင်နက်ကို တရုတ်နယ်စပ်ဧရိယာမှသည် ရှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်ဧရိယာအထိ ရက်ပိုင်းအတွင်းမှာပင် သိမ်းကြုံးယူသွားနိုင်သည်။

လက်ခံချင်စရာမကောင်းသည့် ယခုကဲ့သို့ ရွေးချယ်စရာ လမ်းကြောင်းများ၏ နောက်ဆုံးရလဒ်သည် အလျှော့ပေးလိုက်ရသည့် ဗျူဟာသာဖြစ်သည်။ အမှောင်ထဲတွင် မီးအလင်းတည့်တည့် ထိုးခံလိုက်ရချိန်၌ မလှုပ်ရှားနိုင်ဘဲ ကြက်သေသေနေသည့် သမင်အခြေအနေမျိုးထက် မပိုပေ။

အီလေးဆွဲနေသည့် လားရှိုးနှင့် မူဆယ်ခံစစ်အတွက် ကြိုးပမ်းသည့်အနေဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် ရသည့်နေရာကို အင်အားဖြည့်တင်း လိမ့်မည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ကျိုင်းတုံနှင့် ခိုလမ်ရှိ တိုင်းစစ်ဌာနချုပ်များသည် နိုင်ငံဗဟိုချက်မရှိ အဖြစ်အပျက်များ၏ လွှမ်းမိုးမှုကြောင့် ဟင်းလင်းဖြစ်ကျန်ခဲ့နိုင်သည်။ သို့ဆိုလျှင်လည်း အဆိုပါနယ်မြေများသည် တစ်နည်းနည်းဖြင့် UWSA လက်တွင်းသို့ ကျရောက်သွားနိုင်ခြေ ရှိနေရာ ထိုအတွက်လည်း အရှက်ရစရာ ဖြစ်နေပြန်သည်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးများ ဝေခွဲမရ ဖြစ်နေသည့် အနေအထားကို ထပ်မံဖြည့်စွက်လိုက်သည့် အချက်တစ်ခုရှိသည်။ လာမည့်သီတင်းပတ်များအတွင်း တိုက်ပွဲများသည် ရှမ်းပြည်တစ်ခုတည်းတွင် တသီးတခြား ရှိနေတော့မည် မဟုတ်ဆိုသည့် အချက်ဖြစ်သည်။

အင်အားကြီးလက်နက်ကိုင်တပ် အေအေသည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရခိုင်၌ တကျော့ပြန်တိုက်ပွဲများ စတင်ခဲ့သည်။ နိုင်ငံအနောက်ပိုင်း ကမ်းခြေဒေသဖြစ်သည့် ရခိုင်တွင် စခန်းချထားသည့် ခြေမြန်တပ်ရင်းများ၏ တပ်သားထောင်ပေါင်းများစွာသည် ရခိုင်တိုက်ပွဲနှင့် နပန်းလုံးရဦးမည်မှာ သံသယဖြစ်စရာ မလိုပေ။

အလားတူပင် ကယားပြည်နယ်၌ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များသည် မြို့တော်လွိုင်ကော်ကို သိမ်းပိုက်ရန် ကြိုးပမ်းလျက်ရှိသည်။ ဤဖိအားကိုလည်း အလေးထားစရာ ဖြစ်နေသလို ဖြေရှင်းရန် ရင်းမြစ်များလည်း လိုအပ်နေသည်။

တစ်ချိန်တည်း၌ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်။ ကချင်ပြည်နယ်နှင့် နီးပြီး ဧရာဝတီမြစ်ဘေးတွင် ရှိနေသည့် ဤမြို့တိုက်ပွဲက မြန်မာပြည်မြောက်ပိုင်း စစ်ပွဲ၏ အနာဂတ်မှသည် တစ်နိုင်ငံလုံး အတိုင်းအတာအထိ သိသာစွာ အကျိုးသက်ရောက်မည့်အလားအလာ ရှိနေသည်။

KIA ၊ AA နှင့် ဒေသခံ PDF တပ်များသည် ထီးချိုင့်မြို့တွင်းအထိ ရောက်ရှိပြီး မြန်မာစစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားနေပြီဟု ကြားသိရသည်။ ထီးချိုင့်နှင့် ၎င်း၏ ဗျူဟာမြောက် မြစ်ကူးတံတားကိုသာ ဆုံးရှုံးလိုက်ရမည် ဆိုပါက မြန်မာပြည်အလယ်ပိုင်းနှင့် ကချင်ပြည်နယ်ကို ဆက်သွယ်ထားသည့် မြန်မာစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းသည် ထိထိရောက်ရောက် ပြတ်တောက်သွားမည် ဖြစ်သည်။

ထိုသို့ဆိုပါက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အခြေစိုက်သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အကူအညီများသည် လေကြောင်း သယ်ယူပို့ဆောင်ရေး ကိုသာ အားကိုးရတော့မည်ဖြစ်သည်။ ဤလမ်းကြောင်းမှာ မလျော့မလွန်စကားဖြင့် ပြောရလျှင်ပင် အားကိုးဖွယ်ရာမဟုတ်ဟုသာ ဆိုရပေမည်။

ရှမ်းပြည်နယ်မှအရှုံးနှင့်အတူ လာမည့် ခြောက်သွေ့ရာသီ သို့မဟုတ် ထိုထက်စော၍  တစ်ပြိုင်တည်း ရှိလာနိုင်သည်မှာ ရခိုင်၊ ကယားနှင့် ကချင်ပြည်နယ်များကိုပါ ဆုံးရှုံးရမှုဖြစ်သည်။ ထိုသို့သာ ဖြစ်လာပါက နေပြည်တော်ရှိ စစ်ဆင်ရေး စီမံကွပ်ကဲသူများကို တန်းညှိစိန်ခေါ်နိုင်သည့် အခြေအနေတစ်ရပ် ထွက်ပေါ်လာနိုင်သည်။ စစ်ရေးအရ ကျိုးကြောင်းဆီလျော်သည့် ကတိကဝတ်များနှင့်အတူ စစ်ပွဲလည်း နိဂုံးချုပ်သွားနိုင်သည်။

ထိုအဆင့်သို့သာ ရောက်သွားပါက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (ထိုထက်ပို ဖြစ်နိုင်ခြေများသည်မှာ သူမရှိတော့သည့်အချိန်၌) စစ်ပွဲရပ်တန့်ရေးနှင့် ညှိနှိုင်းဆွေးနွေးရေးအတွက် အဆိုပါပြုချက်တစ်ရပ် နေပြည်တော်မှ ထွက်ပေါ်လာနိုင်သည်ဟု မျှော်လင့်ရန်မှာ ကျိုးကြောင်း ဆီလျော်မှုရှိသည်။

နေပြည်တော်၏ အဆိုပြုချက်မှာ အလံဖြူထောင်ပြီး ခြွင်းချက်မရှိ လက်နက်ချခြင်းမျိုးတော့ ဖြစ်နိုင်ခြေ မရှိသလောက်ပါပေ။ ထိုကဲ့သို့သော ကမ်းလှမ်းမှုမျိုးကို အုပ်စုကွဲနေကြသည့် မြန်မာ့အတိုက်အခံများက မည်ကဲ့သို့ တုံ့ပြန်ကြမည် ဆိုသည်မှာကား မြန်မာနိုင်ငံ၏ ပဋိပက္ခအလွန် အနာဂတ်ပုံစံအတွက် အထူးအရေးပါသည့် အချက်ပင် ဖြစ်ပေတော့သည်။

Anthony Davis ၏ No good options for Myanmar’s mortally wounded regime ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

ဗီဒီယိုများ