မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးရန်ပုံငွေများ ဥရောပသမဂ္ဂ ဆိုင်းငံ့

ပြီးခဲ့သည့်လတွင် စစ်တပ်က အာဏာထိန်းချုပ်ရယူပြီးနောက် ဥရောပသမဂ္ဂသည် မြန်မာစစ်တပ်ကို ငွေကြေး ပိုင်းဆိုင်ရာ အထောက်အကူပြုခြင်းကို ရှောင်ကြဉ်နိုင်ရန် မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးရေးစီမံကိန်းများ အတွက် ပံ့ပိုးကူညီမှုများ ရပ်ဆိုင်းထားကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

By Foreign Desk 06 Mar 2021

 မန္တလေးတွင်ဦးခေါင်းကို ကျည်ထိမှန်ပြီး သေဆုံးခဲ့သည့် အသက် ၁၉ နှစ်အရွယ် ဆန္ဒပြကျောင်းသူ ကြယ်စင်၏ နာရေးအခမ်းအနားသို့ တက်ရောက်လာသူများအား မတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ရိုက်တာ)

ပြီးခဲ့သည့်လတွင် စစ်တပ်က အာဏာထိန်းချုပ်ရယူပြီးနောက် ဥရောပသမဂ္ဂသည် မြန်မာစစ်တပ်ကို ငွေကြေး ပိုင်းဆိုင်ရာ အထောက်အကူပြုခြင်းကို ရှောင်ကြဉ်နိုင်ရန် မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးရေးစီမံကိန်းများ အတွက် ပံ့ပိုးကူညီမှုများ ရပ်ဆိုင်းထားကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂသည် စစ်အာဏာပိုင်များကို ထောက်ပံ့ပေးမည့် ဖွံ့ဖြိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းခဲ့သည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကော်မတီ တစ်ခုကို အကြောင်းကြားခဲ့ကြောင်း ဂျီနီဗာအခြေစိုက်ကုန်သွယ်ရေး တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သည့် ဥရောပကော်မရှင်သည် ပြီးခဲ့သည့်နှစ်များ အတွင်းက ပေါင်သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၂၄၀.၇ သန်း)ကျော်ကို လေးနှစ်ကြာ လည်ပတ်လျက်ရှိသော သီးခြားအစီအစဉ်များဖြင့် ပံ့ပိုးကူညီလျက်ရှိသည့် ဘက်ဂျက်ပံ့ပိုးမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။  

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သည့် မြန်မာနိုင်ငံ၏ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပြီးနောက်ပိုင်း ဥရောပသမဂ္ဂက ယခုဆုံးဖြတ်ချက်ကို ထပ်မံချမှတ်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဆန္ဒပြပွဲနှိမ်နင်းမှုများကြောင့် မတ်လ ၃ ရက်နေ့အထိ သေဆုံးသူ ၃၈ ဦး ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်က ပြောကြားသည်။

ဥရောပသမဂ္ဂသည် အာရှတိုက်၏ အဆင်းရဲဆုံးနိုင်ငံများတွင် တစ်နိုင်ငံအပါအဝင်ဖြစ်သည့် မြန်မာနိုင်ငံအတွက် ပညာရေး၊ တရားစီရင်ရေး၊ ရွေးကောက်ပွဲများနှင့် ဝေးလံခေါင်သီဒေသများအတွက် စားနပ်ရိက္ခာအထောက်အပံ့များကို အဓိက ကူညီပေးနေခြင်းဖြစ်သည်။

ဗီဒီယိုများ