မြန်မာစစ်တပ်ကို အင်တာပိုဘက်က ကူညီရန်မရှိ

ပြည်တွင်းနိုင်ငံရေးနှင့် ဆက်နွယ်သည့်ဖြစ်ရပ်များ ရှိနေသော နိုင်ငံများတွင် မိမိတို့ အကူအညီပေးမည်မဟုတ်ကြောင်း နိုင်ငံတကာမှုခင်းရဲတပ်ဖွဲ့ (အင်တာပို) က ဖေဖော်ဝါရီလ ၁၀ ရက် ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ မြန်မာစစ်တပ်က အကူအညီများ တောင်းခံထားပြီဖြစ်ကြောင်း ပြောကြားပြီးနောက် အင်တာပိုဘက်က ယခုကဲ့သို့ ထုတ်ပြန်လာခြင်း ဖြစ်သည်။

By Foreign Desk 11 Feb 2022

ဓာတ်ပုံ - Financial Times

ပြည်တွင်းနိုင်ငံရေးနှင့် ဆက်နွယ်သည့်ဖြစ်ရပ်များ ရှိနေသော နိုင်ငံများတွင် မိမိတို့ အကူအညီပေးမည်မဟုတ်ကြောင်း နိုင်ငံတကာမှုခင်းရဲတပ်ဖွဲ့ (အင်တာပို) က ဖေဖော်ဝါရီလ ၁၀ ရက် ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ မြန်မာစစ်တပ်က အကူအညီများ တောင်းခံထားပြီဖြစ်ကြောင်း ပြောကြားပြီးနောက် အင်တာပိုဘက်က ယခုကဲ့သို့ ထုတ်ပြန်လာခြင်း ဖြစ်သည်။

စီအန်အေသတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားရာတွင် အင်တာပိုပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက မိမိတို့အနေဖြင့် ခြွင်းချက်အခြေအနေ အချို့မှလွဲ၍ အဖွဲ့ဝင်နိုင်ငံများ၏ အသေးစိတ်ဖြစ်စဉ်များနှင့် အသေးစိတ် လုပ်ဆောင်ချက်များကို မှတ်ချက်ပေးရန်မရှိကြောင်း ပြောကြားသည်။

မြန်မာစစ်တပ်က ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ‘အကြမ်းဖက်မှု’ကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် နိုင်ငံတကာ လုံခြုံရေးအဖွဲ့အစည်းများကို တောင်းဆိုထားကြောင်း NUG နှင့် အခြားသော အတိုက်အခံဖွဲ့အစည်းများကို ရည်ညွှန်းပြီး အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

သို့သော် အင်တာပို၏ ထုတ်ပြန်ချက်၌ “နိုင်ငံရေးအတိုက်အခံများ၊ အစိုးရကိုဝေဖန်သူများ သို့မဟုတ် အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ကိစ္စရပ်များအတွက် ဖမ်းဝရမ်းထုတ်ခြင်းများကဲ့သို့ ပြည်တွင်းနိုင်ငံရေးနှင့် ဆက်နွယ်သည့် ကိစ္စရပ်များတွင် အဖွဲ့ကို ပါဝင်ပတ်သက်စေမည့် မည်သည့် အကူအညီတောင်းခံမှုမျိုးကိုမဆို အင်တာပိုဘက်က အကူအညီပေးမည်မဟုတ်” ကြောင်း ဖော်ပြထားသည်။

NUG နှင့် PDF တို့သည် အပြစ်မဲ့ အရပ်သားများနှင့် အစိုးရဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့် တံတားများကဲ့သို့ အရပ်ဘက်အဆောက်အအုံများကို ဖျက်ဆီးခြင်းကဲ့သို့ အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း ဦးဝဏ္ဏမောင်လွင်က သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌လည်း NUG ၊ CRPH ၊ PDF တို့၏ လုပ်ရပ်များကို ရှုတ်ချရန် ကုလသမဂ္ဂနှင့် အာဆီယံတို့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး အဖွဲ့အစည်းများ၊ အာဆီယံရဲတပ်ဖွဲ့ (ASEANPOL) နှင့် အင်တာပို အကြီးအကဲများကို အသိပေးထားသလို ‘အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် အပြုသဘော ပူးပေါင်းပါဝင်ကြရန်’ လည်း တောင်းဆိုထားကြောင်း ဖော်ပြထားသည်။

ဦးဝဏ္ဏမောင်လွင်သည် နိုင်ငံခြားသံတမန်များနှင့် ကုလသမဂ္ဂ အရာရှိများကို ဖိတ်ကြားပြီး ရန်ကုန်တွင် အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဗီဒီယိုများ