နိုင်ငံတကာတရားရုံးတွင် မှတ်ကျောက်တင်ခံရမည့် မြန်မာ့ဂုဏ်သိက္ခာ

တစ်ချိန်တည်းတွင် မြေပြင်သတင်းအချက်အလက်များအရ ရခိုင်နှင့် ချင်းပြည်နယ်များတွင် တပ်မတော်မှ “နယ်မြေရှင်းလင်းရေး” ဟုဆိုသည့်  လုပ်ရပ်များ ဆောင်ရွက်နေဆဲဖြစ်ပြီး အာဏာပိုင်များ၏ လူအခွင့်အရေး အပေါ် ဗြောင်ကျကျ မထီမဲ့မြင်ပြုမှုများ ရှိနေဆဲဖြစ်သည်။

By မေမိုး 24 May 2020

ပုံစာ - မွတ်ဆလင်စစ်သွေးကြွများ လက်နက်ကိုင်တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက် နောက်ပိုင်း ရခိုင်ပြည်နယ် မောင်တောရှိ ကျေးရွာတစ်ခုတွင် ကင်းလှည့်နေသည့် မြန်မာစစ်သားများအား ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

မေမိုး ဘာသာပြန်ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုမရှိကြောင်း သက်သေအထောက်အထားအား နိုင်ငံတကာ တရားရုံးသို့ မေလ ၂၃ ရက်နေ့တွင် တင်သွင်းရမည်ဖြစ်သည်။  
 
မွတ်ဆလင်လူနည်းစုများကို လူမျိုးတုန်းသတ်ဖြတ်မှုမှ အကာအကွယ်ပေးရေး ၂၀၂၀ ခုနှစ် ပထမလေးလ အတွင်း ထိရောက်စွာ လုပ်ဆောင်နေကြောင်း မြန်မာအစိုးရမှ သက်သေအထောက်အထား တင်ပြရန် မေလ ၂၃ ရက်နေ့ကို သတ်မှတ်ထားသည်။

မြန်မာအာဏာပိုင်များအနေဖြင့် မူဆလင်များအား လူမျိုးတုန်းသတ်ဖြတ်မှု ဆောင်ရွက်နိုင်ခြေရှိသည့် အန္တရာယ်မှကာကွယ်ပေးရန် ဂမ်ဘီယာနိုင်ငံ၏ လျှောက်လဲချက်အရ ကြားဖြတ်အစီရင်ခံစာ တင်သွင်းရန်နှင့် အဆိုပါအစီရင်ခံစာ တင်သွင်းရမည့် နောက်ဆုံးရက်ကို နိုင်ငံတကာတရားရုံး (ICJ)မှ ဇန်နဝါရီလအတွင်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ၏ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်အား မြန်မာအစိုးရမှ ချိုးဖောက်သည်ဟု ဂမ်ဘီယာနိုင်ငံ၏ အမှုဖွင့်တိုင်ကြားချက်အား ပထမဆုံး တုန့်ပြန်သည့်အနေဖြင့် နိုင်ငံတကာတရားရုံး(ICJ)မှ ကြားဖြတ်အစီရင်ခံစာ တင်သွင်းစေခြင်းဖြစ်သည်။ အဆိုပါ တိုင်ကြားချက်တွင် နယ်ခြားစောင့်တပ်၊ လက်နက် ကိုင်ဗုဒ္ဓဘာသာ ရခိုင်အရပ်သားများနှင့်အတူ မြန်မာ့တပ်မတော်သည် ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် မွတ်ဆလင် များအပေါ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ICJ ဆုံးဖြတ်ချက်သည် မြန်မာအစိုးရအနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီစေရေးအတွက် ၎င်း၏ကြိုးပမ်းမှုများကို အသေးစိတ်ဖော်ပြရန် အချိန်ဇယားသတ်မှတ်၍ လုပ်ဆောင်ရမည့် တာဝန်များစွာကို ချမှတ်ထားသည်။ အဆိုပါ လုပ်ငန်းတာဝန်များတွင် မြန်မာ့တပ်မတော်မှ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ရန် ကြိုးပမ်းအားထုတ်ခြင်း၊ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခြင်းနှင့် လူမျိုးတုန်းသတ်ဖြတ်မှုကို အားပေးခြင်း၊ တိုက်ရိုက်ပါဝင်ခြင်းနှင့် ကျူးလွန်ရန် ပူးပေါင်းကြံစည်မှု စသည့် အပြုအမူများကို ကျူးလွန်ခြင်းမရှိကြောင်း သက်သေပြရန်နှင့် လူမျိုးတုန်းသတ်ဖြတ်မှု ဥပဒေဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီနိုင်လောက်သည့် လုပ်ဆောင်မှုများကို တားဆီးရန် အစိုးရမှ အခွင့်အာဏာသုံးပြီး ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ခြင်း တို့ပါဝင်သည်။

ထို့ပြင် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက် အပိုဒ်(၂) ပါ စွပ်စွဲချက်များနှင့် သက်ဆိုင်သည့် မည်သည့် အထောက်အထားကိုမဆို ထိန်းသိမ်းရမည်ဖြစ်ပြီး သက်သေများအား ဖျက်ဆီးမှုမှလည်း ကာကွယ်နိုင်ရန် ထိရောက်သော အစီအမံများကို မြန်မာအစိုးရအနေဖြင့် ဆောင်ရွက်ရမည် ဖြစ်သည်။

မွတ်ဆလင်များအတွက် ကံမကောင်းသည်မှာ မြန်မာနိုင်ငံအနေဖြင့် ICJ စံသတ်မှတ်ချက်များနှင့် ပြည့်မီသော ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့သည်ဟူသော အထောက်အထား မတွေ့ရခြင်း ဖြစ်သည်။ ဧပြီလ ၈ ရက်နေ့ တွင် သမ္မတရုံးညွှန်ကြားချက်တစ်ခုဖြင့် “တပ်မတော် သို့မဟုတ် အခြားလုံခြုံရေးတပ်ဖွဲ့များ၊ သို့မဟုတ် အရပ်ဘက်ဝန်ထမ်းများနှင့် ၎င်း၏ထိန်းချုပ်မှုအောက်တွင် ရှိသော ဒေသခံများသည် လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာလုပ်ရပ်များ မကျူးလွန်ကြောင်း” ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ၎င်းညွှန်ကြားချက်တွင် “လူမျိုးတုန်း သတ်ဖြတ်မှုအား ကျူးလွန်ရန် ကြိုးပမ်းအားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် ထိုသို့လုပ်ဆောင်ရန် ပူးပေါင်းပါဝင်သည့်” မည်သူ့ကိုမဆို သမ္မတရုံးသို့ အသိပေးတိုင်ကြားရန် ဖော်ပြထား သည်။

ထိုညွှန်ကြားချက်သည် စာရွက်ပေါ်တွင်သာ ကောင်းမွန်သည်ဟု ထင်ရသည်။ သို့ရာတွင် မွတ်ဆလင်များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများတွင် ပါဝင်ပတ်သက်သည့် တပ်မတော်သားများအား အပြစ်ပေး အရေးယူရန် အစိုးရ၏ ယခုအချိန်ထိ ပျက်ကွက်နေခြင်းနှင့် ဆယ်စုနှစ်များစွာ တပ်မတော်၏ လုပ်ဆောင် မှုများအပေါ် အပြစ်ပေးအရေးယူခံရခြင်းမရှိသည့် အစဉ်အလာကို မသိကျိုးကျွံပြုရာကျနေသည်။

ဂမ်ဘီယာနိုင်ငံ၏ တိုင်ကြားမှုအပေါ် မြန်မာအစိုးရ၏ ပြင်းထန်သောရန်လိုမှု၊ အထူးသဖြင့် ICJ ကြားနာမှုတွင် ရိုဟင်ဂျာအမည်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခြင်းနှင့် ICJ ၏ ဇန်နဝါရီလ ပြဋ္ဌာန်းချက်အား “အထောက် အထားမခိုင်လုံဘဲ ဝေဖန်ရှုတ်ချခြင်း” လုပ်ရပ်ဟူ၍ ပယ်ချခဲ့မှုတို့ကြောင့် သမ္မတရုံးညွှန်ကြားချက်၏ သမာသမတ်ကျမှုကိုလည်း မေးခွန်းထုတ်စရာဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှစတင်ပြီး ရက်သတ္တပတ်ကြာမျှ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များမှ မွတ်ဆလင် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုအား ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်း တင်ထားသည်။ ထိုစဉ်က လုံခြုံရေးတပ်ဖွဲ့များသည် ရာနှင့်ချီသော မွတ်ဆလင် ကျေးရွာများကို စီးနင်းခြင်း၊ ထောင်ပေါင်းများစွာသော ဒေသခံများအား သတ်ဖြတ်ခြင်း၊ ထောင်ပေါင်းများစွာအား အုပ်စုလိုက် မုဒိန်းကျင့်မှု များရှိသည်ဟုသိရခြင်းနှင့် နေအိမ်များအား မီးရှို့ဖျက်စီးခြင်းများ ပြုလုပ်ခဲ့သည်ဟု တင်ပြထားသည်။

ယခုနှစ် ဇန်နဝါရီလအထိ အကြမ်းဖက်မှုနှင့် လက်ရှိဖြစ်ပွားနေဆဲ နှိပ်စက်ညှဉ်းပန်းမှုများကြောင့် မွတ်ဆလင် အရပ်သား ၁၀,၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားသို့ ၇၄၀,၀၀၀ ခန့် အသက်စွန့်ထွက်ပြေးခဲ့ရသည်။ ကုလသမဂ္ဂ၏ အချက်အလက် ရှာဖွေရေးအဖွဲ့ အဆိုအရ ရခိုင်ပြည်နယ် အတွင်းရှိ မွတ်ဆလင် အရပ်သား ၆၀၀,၀၀၀ ခန့်မှာ နောက်ထပ် လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်များ ရှိနေဆဲ ဟုဆိုသည်။

တစ်ချိန်တည်းတွင် မြေပြင်သတင်းအချက်အလက်များအရ ရခိုင်နှင့် ချင်းပြည်နယ်များတွင် တပ်မတော်မှ “နယ်မြေရှင်းလင်းရေး” ဟုဆိုသည့်  လုပ်ရပ်များ ဆောင်ရွက်နေဆဲဖြစ်ပြီး အာဏာပိုင်များ၏ လူအခွင့်အရေး အပေါ် ဗြောင်ကျကျ မထီမဲ့မြင်ပြုမှုများ ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီက နိုင်ငံတကာမှ ကိုဗစ်-၁၉ ကပ်ရောဂါ အား အာရုံစိုက်လုပ်ဆောင်နေချိန်တွင် မြန်မာအစိုးရသည် “ရခိုင်ပြည်နယ်ရှိ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများအား အရှိန်မြှင့်လုပ်ဆောင်နေကြောင်း” ဧပြီလ ၂၉ ရက်နေ့ က စွပ်စွဲပြောကြားလိုက်သည်။

တပ်မတော်၏ စစ်ဆင်ရေးများသည် ရခိုင်တိုင်းရင်းသားလူနည်းစုများ၊ မွတ်ဆလင်၊ မြို၊ ဒိုင်းနက်တို့ အပါအဝင် ချင်းလူမျိုးများအား ထိုခိုက်မှုနှင့် သေဆုံးမှုများကို ဖြစ်စေသည်ဟု ယန်ဟီးလီက ဆိုသည်။ အဆိုပါ စစ်ဆင်ရေး များကြောင့် Physicians for Human Rights ကဲ့သို့ အဖွဲ့အစည်းအပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်း များက တိုင်းရင်းသားလူနည်းစုကို ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်မှ ချက်ချင်းအကာအကွယ်ပေးရန် အရေးပေါ် ကြေညာချက်များ ထုတ်ပြန်၍ မြန်မာ့အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တောင်းဆို ခဲ့ကြသည်။

လွန်ခဲ့သည် သုံးနှစ်တာကာလအတွင်း မြန်မာအစိုးရသည် ၂၀၁၇ ခုနှစ် သတ်ဖြတ်မှုများနှင့် စပ်လျဉ်း၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်ကြိုးပမ်းသော နိုင်ငံတကာမှ စုံစမ်းစစ်ဆေးသူများနှင့် ယန်ဟီးလီတို့အား ရခိုင်ပြည်နယ်သို့ ခြေချခွင့်အားတားမြစ်ခဲ့ပြီး ငြင်းပယ်ခဲ့ခြင်းနှင့် ပိတ်ပင်တားဆီးခြင်းကဲ့သို့ နည်းဗျူဟာကိုသာ ကျင့်သုံးခဲ့သည်။

သေဆုံးသူများ၏ ရုပ်အလောင်းများ သို့မဟုတ် ထွက်ပြေးသွားသည့် မူဆလင်များ၏ ရုပ်ပိုင်းဆိုင်ရာ ကျန်ရှိနေမှုများအား ဖျောက်ဖျက်ရန် ဗြောင်ကျသည့် ကြိုးပမ်းအားထုတ်မှုအဖြစ် ထိုကျေးရွာများတွင် လုခြုံရေးတပ်ဖွဲ့ဝင်များ၏ အဆောက်အအုံများဆောက်လုပ်ခြင်းနှင့် ရခိုင်ပြည်နယ်၏ အခြားသော နေရာ ဒေသများမှ အများစုသော ဗုဒ္ဓဘာသာဝင် ဒေသခံများအတွက် နေအိမ်သစ်ရာပေါင်းများစွာ ဆောက်လုပ် ပေးခြင်းများဖြင့် အစားထိုးခဲ့သည်။

မေလ ၂၃ ရက်နေ့သည် မြန်မာအစိုးရအတွက် မှတ်ကျောက်တင်ခံရမည့်နေ့တစ်နေ့ ဖြစ်သည်။ မြန်မာအစိုးရ အနေဖြင့် မွတ်ဆလင်များအား အကာအကွယ်ပေး၍ ၎င်းတို့၏ ဒုက္ခများအတွက် တရားမျှတမှုကို ဖော်ဆောင် ပေးပြီး အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံတကာ တာဝန်ခံမှုလမ်းစဉ်ဖြင့် တင်ပြရန် ရွေးချယ်မည်လော၊ သို့မဟုတ် သံတမန်နည်းဖြင့် ခုခံငြင်းဆိုပြီး အဖက်ဆယ်မရလောက်သည့် အပယ်ခံနိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာတွင် ဆက်လက်နေထိုင်သွားမည်လော ဆိုသည်ကို နောက်ဆုံးတွင် ရွေးချယ်ရတော့မည်ဖြစ်သည်။

မှတ်ချက် ။   ။ မူရင်းဆောင်းပါးရှင် ဖဲလင်မ်ကိုင်သည် Physicians for Human Rights သုတေသနနှင့်စုံစမ်းစစ်ဆေးရေး ညွှန်ကြားရေးမှူး ဖြစ်ပြီး ယခင် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အာရှဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၎င်းသည် နယူးယောက် ဟန်းတားကောလိပ် ရုစဗဲ့ ပြည်သူ့ရေးရာမူဝါဒ အင်စတီကျု တွဲဖက်ပါမောက္ခတစ်ဦးလည်း ဖြစ်သည်။

မေမိုး
(Asia Times တွင်ဖော်ပြထားသည့် Myanmar’s integrity test in an international court by Phelim Kine ကို မြန်မာပြန်ဆိုသည်။)

ဗီဒီယိုများ