မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ဆက်ဆံရေး ပိုနွေးထွေးလာတဲ့တရုတ်

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ ကိုယ်စားလှယ်တဦးကို တောင်အာရှနှင့် အရှေ့တောင်အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် ဖိတ်ကြားခဲ့သည်။

By ကြည်ဖြူစံ 08 Jan 2022

တရုတ်နိုင်ငံ၏ အတိုင်ပင်ခံနှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ကြစဉ်။ (ဓာတ်ပုံ - Xinhua)

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ ကိုယ်စားလှယ်တဦးကို တောင်အာရှနှင့် အရှေ့တောင်အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် ဖိတ်ကြားခဲ့သည်။ ဘေဂျင်း၏ အာရှရေးရာအထူးသံတမန် ဆွန်းကော့ရှန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် မြန်မာစစ်တပ်ကိုတောင်း ဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရပြီးနောက် NLD ပါတီဝင်တဦးက ဖိတ်ခေါ်သောကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။ နိုဝင်ဘာလတွင်လည်း မစ္စတာဆွန်းသည် ကြေညာမထားဘဲ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။

ယင်းလှုပ်ရှားမှုများက တရုတ်သည်စစ်အုပ်ချုပ်ရေးကို အသိအမှတ်ပြုရေးဆီ ဦးတည်နေသည့်တိုင် စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်ကဖြုတ်ချခဲ့သော NLD ပါတီနှင့် ၎င်းတို့၏ဆက်ဆံမှုကို ထိန်းသိမ်းလိုသည့် တရုတ်ဆန္ဒကို ပေါ်လွင်စေသည်။ CCP ပိုင် သတင်းစာဖြစ်သော Global Times မှ ပြီးခဲ့သော စက်တင်ဘာ အယ်ဒီတာ့အာဘော်တွင် NLD ကို မြန်မာနိုင်ငံ၏ တရားဝင်ပါတီဟု ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။ သို့သော် NUG ကိုထောက်ခံခြင်းနှင့် NLD ကိုထောက်ခံခြင်းအကြားမှာ ရှိသော လမ်းကြောင်းကို တရုတ်ကကောင်းစွာမြင်ပုံပေါ်သည်။ NLD ဝန်ကြီးဟောင်းများနှင့် ပါတီဝင်ဟောင်းများဖြင့်ဖွဲ့ စည်းထားသော NUG က တရုတ်၏ အနေအထားကို မတည်မငြိမ်ဖြစ်ပုံရသည်။

ယခုအချိန်တွင်တော့ မြန်မာနိုင်ငံကိုစစ်တပ်က နောက်ဆုံးတွင် ကောင်းစွာအုပ်ချုပ်နိုင်လိမ့်မည်ဟူသော ယူဆချက်ဖြင့် စစ်အုပ်ချုပ်ရေးကို အသိအမှတ်ပြုရေးဆီ တရုတ်က ဦးတည်နေပြီဖြစ်သည်။ အာဏာသိမ်းပြီး ကိုးလကျော်ကြားပြီးနောက်မှာတော့ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ လုပ်ကိုင်မှုတချို့အပေါ် ထားရှိသောသံသယကို ဖုံးကွယ်ထားပြီး စစ်ကောင်စီနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှု အများအပြားရှိလာခဲ့သည်။ NLD နှင့် ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းကြောင်းထားသော်လည်း လက်ရှိအချိန်မှာတော့ ဘေဂျင်းအနေဖြင့် ပိုမိုနက်ရှိုင်းသော အကျပ်အတည်းများကို ဖယ်ထုတ်ရန်ကြိုးပမ်းနေပြီး မြန်မာနိုင်ငံတွင်းမှ ၎င်းတို့၏ အကျိုးစီးပွားများကို ရှေ့တန်းတင်ဖို့ ကြိုးစားလာနေသည်။

အာဏာသိမ်းပြီးပြီးချင်းမှာတော့ မင်းအောင်လှိုင်နှင့် ၎င်းတို့၏စစ်အုပ်ချုပ်ရေးကို အသိအမှတ်ပြုဖို့ တရုတ်က တွန့်ဆုတ်နေခဲ့သည်။ သို့သော် မတ်လတွင်ဖြစ်ပွားခဲ့သော ရန်ကုန်စက်မှုဇုန်ရှိ တရုတ်စက်ရုံများ တိုက်ခိုက်ခံလိုက်ရမှုက ဘေဂျင်းအတွက် အလှည့်အပြောင်းတခု ဖြစ်စေခဲ့ပြီး မတည်မငြိမ်ဖြစ် မည့်အပေါ် စိုးရိမ်စိတ်များမြင့်တက်လာခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် တရုတ်သံရုံးရှေ့က ဆန္ဒပြမှုများနှင့် တရုတ်ဆန့်ကျင်ရေးများကလည်း ၎င်းတို့အား သက်သာရာမရခဲ့ပါ။ တရုတ်က စစ်တပ်နှင့် အတိုက်အခံများအကြား ဆွေးနွေးကြရန် တောင်းဆိုထားသော်လည်း ဂျပန်၊ တောင်ကိုးရီးယားနှင့် အနောက်အုပ်စုများ၏ ဆန့်ကျင်ဘက်ဖြစ်သော စစ်ဗိုလ်ချုပ်များအပေါ် ပိုမိုဖိအားပေးခဲ့ခြင်းမရှိသည့် တရုတ်၏လုပ်ရပ်က တရားမျှတမှုမရှိသော လုပ်ရပ်ဖြစ်ခဲ့သည်။

အချိန်အနည်းငယ်ကြာပြီးနောက်ပိုင်း မြန်မာဝန်ကြီးဌာနများ၏ လုပ်ငန်းများ ပြန်လည်စတင်ချိန် သြဂုတ်လတွင် စစ်ကောင်စီနှင့် ပုံမှန်ဆက်ဆံရေးများကို တရုတ်က ထိရောက်စွာဆောင်ရွက်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ တရုတ်ဝန်ကြီးဌာနများသည် ဒေသန္တရအစိုးများနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် အခြားနယ်ပယ်များတွင် မြန်မာစစ်ဗိုလ်ချုပ်များနှင့် စေ့စပ်ဆွေးနွေးခဲ့ကြောင်း United States Institute of Peace ဒါရိုက်တာ Jason Tower ကဆိုသည်။ ထိုလတွင်ပင် ဖွံ့ဖြိုးရေးစီမံကိန်း ၂၁ ခုအတွက် ဒေါ်လာ ၆ ဒဿမ ၁ သန်း မြန်မာနိုင်ငံသို့ တရုတ်က လွှဲပြောင်းပေးအပ်ဖို့ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့သည်။

ဆယ်စုနှစ်များစွာကပင် ဘေဂျင်းသည် ၎င်း၏အိမ်နီးချင်း အနောက်တောင်ဘက်တွင် ၎င်း၏ဩဇာ လွှမ်းမိုးမှုနယ်ပယ်ကို ချဲ့ထွင်ရန်ကြိုးစားခဲ့သည်။ ရပ်ဝန်းနှင့်လမ်းစီမံကိန်း၏ တစိတ်တပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမှ ရင်းနှီးမြှုပ်နှံမှုများသည် အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ဝင်ခွင့် ရရှိထားသော်လည်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမည့် အကျပ်အတည်းမှ ရှောင်လွှဲ၍မရပေ။ အာဏာသိမ်းပြီးချိန်မှစပြီး အထူးသဖြင့် ဒေါ်လာ ၂ ဘီလီယံတန် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း အပေါ် တိုက်ခိုက်မှုများက တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် စိုးရိမ်စိတ်များ တိုးလာသည်။ ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ပိုက်လိုင်းလုံခြုံရေးများ တိုးမြှင့်ရန် မြန်မာစစ်တပ်ကို တရုတ်အာဏာပိုင်များက တောင်းဆိုခဲ့သည်။

ထို့အပြင်တရုတ်သည် မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေသော နယ်စပ်မျဉ်းများကို ပိတ်ဆို့ထားပြီး EAOs များကိုလည်း ဆေးနှင့်ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ခဲ့သည်။ "စစ်တပ်က တရုတ်ရဲ့ တရားဝင်အထောက်အပံ့ ရှိတယ်။ ဒါပေမယ့် တရားဝင်မဟုတ်တဲ့နည်းနဲ့ တရုတ်ကမြောက်ပိုင်း လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ရက္ခိုင့်တပ်တော် အတွက် သူတို့ရဲ့လှုပ်ရှားမှုတွေကို ကူညီပံ့ပိုးနေတယ်" ဟု Tower ကပြောသည်။ "မြောက်ပိုင်း EAO တွေရဲ့နယ်စပ်ဒေသတွေမှာ သေစေနိုင်လောက်တဲ့ အင်အားသုံးမယ့် မြန်မာစစ်တပ်ရဲ့စွမ်းရည်ကို ကန့်သတ်ထားတယ်" ဟု သူကဆိုသည်။

စစ်တပ်က လပေါင်းအတော်ကြာသည်အထိ နိုင်ငံခေါင်ဆောင်းများကို တရားစွဲဖို့ ကြိုးပမ်းလာခဲ့ပြီးနောက်ပိုင်း စစ်တပ်အပေါ် တရုတ်၏ နှေးကွေးသော အသိအမှတ်ပြုမှုများ ထွက်ပေါ်လာသည်။ အထူးသဖြင့် အဓိကအဆောက်အဦများ အရှိန်မြှင့်တင်ရန်ကြိုးပမ်းမှုများက သိသာထင်ရှားသည်။

စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသွားသော မြန်မာ့ဘဏ္ဍာရေးနှစ်တွင် စီးပွားရေး ၁၈ ရာခိုင်နှုန်း ကျုံ့ဝင်သွားခဲ့သည်။ အခြားနိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီးနောက် တရုတ်ရင်းနှီးမြှုပ်နှံမှုများက စစ်တပ်ကို တရားဝင်မှုဖြစ်စေရန် မျက်နှာစာဖြစ်လာခဲ့သည်။ ၎င်း၏တရားဝင်မှုကို ပြသရန် မြန်မာစစ်တပ်သည် စီးပွားရေးဦးမော့လာရန် အပူတပြင်းဖြစ်နေသည်ဟု တရုတ်နိုင်ငံ Xiamen တက္ကသိုလ်မှ တရုတ်နွယ်ဖွား မြန်မာသုတေသီ Wu Qingxiang ကပြောသည်။ ဝူ သည် အရှေ့တောင်အာရှရေးရာကို အဓိကလေ့လာလုပ်ခဲ့သူ ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးရှိ မီးလင်းဂျိုင့်အတွက် တရုတ်ထောက်ပံ့ငွေဒါ်လာ ၂ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မြန်မာစစ်တပ်က မေလတွင် အတည်ပြုပေးခဲ့သည်။ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်းများအတွက် အရေးပါသောကော်မတီ ၃ ရပ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၎င်းတို့လူများနှင့် အစားထိုးခဲ့သည်။ ကချင်နှင့်ရှမ်းပြည်နယ်များရှိ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များနှင့် ရခိုင်ပြည်နယ်ရှိ စီးပွားရေးအထူးဇုန်များ ပါဝင်သော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မန္တလေး၊ ရန်ကုန်၊ ကျောက်ဖြူတို့ကို ဆက်သွယ်သည့် စီးပွားရေး စင်္ကြံ၏ တစိတ်တပိုင်းဖြစ်သည်။

"ကျနော်နားလည်တာကတော့ ရပ်တန့်နေတဲ့ အဓိကအခြေခံအဆောက်အဦ ပရောဂျက်တွေကိုပြန်စဖို့ မြန်မာစစ်အရာရှိတွေက တရုတ်ကို တွန်းအားပေးနေပေမယ့် တရုတ်က ရှေ့ဆက်သွားလိုတဲ့ဆန္ဒ မပြဘဲ သတိထားနေခဲ့တယ်" ဟု ဝူ ကပြောသည်။

ရခိုင်ပြည်နယ်ကျောက်ဖြူရှိ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အတွက် အဆိုပြုချက်များကို ပြန်လည်ညှိနှိုင်းရန် ရည်ရွယ်ချက်ရှိကြောင်း မြန်မာစစ်ဗိုလ်ချုပ်များက အချက်ပြခဲ့သည်။ NLD အစိုးရလက်ထက် ၂၀၁၈ တွင် မြန်မာနိုင်ငံအတွက် ပိုမိုမြင့်မားသော ရပိုင်ခွင့်များဖြင့် ပိုင်ဆိုင်မှုအချိုးကို ပြန်လည်ညှိနှိုင်းခဲ့သည်။ သို့သော် ဇူလိုင်လနှောင်းပိုင်း ကြီးမားသောကိုဗစ်လှိုင်းလုံးကြီးများ အကြားတွင် ယင်းပရောဂျက်ကို ဆက်လက်ဆောင်ရွက်ရန်အတွက် စစ်ကောင်စီက တင်ဒါစတင်ခဲ့သည်။ မြန်မာစစ်ကောင်စီနှင့် တရုတ်ကဆက်ဆံရေး ပြန်လည်စတင်ချိန်တွင် CCTIC Group သည် စီမံကိန်းအတွက် ကွင်းဆင်းစစ်ဆေးရန် မကြာသေးမီကပဲ သဘောတူလက် မှတ်ရေးထိုးခဲ့သည်။

တချိန်တည်းမှာပင် တရုတ်နိုင်ငံက ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့သော NUG ၏ အသိအမှတ်ပြုရေး ကြိုးပမ်းမှုများကို ငြင်းဆိုခဲ့ပြီး တရားဝင်မဟုတ်သော နည်လမ်းဖြင့်သာ အဆက်အသွယ်ပြုခဲ့သည်။

တရုတ်ပညာရှင်များနှင် အခြားပညာရှင်များက မြန်မာနိုင်ငံတွင်နောက်ဆုံးအောင်မြင်သူမှာ စစ်ကောင်စီသာဖြစ်မည်ဟု ရှုမြင်ထားကြပြီး NUG နှင့်လက်မတွဲရန် ဆုံးဖြတ်ချက်ကို ၎င်းကတွန်းအား ဖြစ်စေသည်ဟု ဆိုသည်။

"စစ်တပ်ကအထက်စီးမှာ ရှိနေတယ်။ NUG က နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာပြည်သူတွေရဲ့ အထောက်အပံ့တွေ ရနေရင်တောင် လှုပ်လို့မရပါဘူး" ဟု Xiamen ရှိ အရှေ့တောင် အာရှလေ့လာရေးစင်တာမှ Fan Hongwei ကပြောသည်။
"တရုတ်က NUG ကို စာနာတယ်ဆိုရင်တောင် တရုတ်နဲ့ပွင့်လင်းရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိဖို့ အဆင်မပြေနိုင်ဘူး" ဟုပြောသည်။

တရုတ်နိုင်ငံသည် မြေအောက်ခေါင်းဆောင်များ၏ ပုခုံးကိုဖက်နိုင်သော အဓိကနိုင်ငံများထဲမှ တနိုင်ငံ ဖြစ်သည်ဟု NUG ကက်ဘိနက် သတင်းရင်းမြစ်များအရ သိရသည်။ အံ့ဩဖို့ကောင်းသည်မှာ တရုတ်သည် ၎င်းတို့နှင့်ဆက်ဆံဖို့ ခေါင်းမာလွန်း နေခြင်းဖြစ်သည်ဟု ဒေါက်တာဆာဆာက ပြောသည်။ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနနှင် ရုပ်မြင်သံကြားဌာနများသည် စစ်တပ်အရာရှိများကို တွေ့ဆုံမေးမြန်းခဲ့သော်လည်း NUG အပေါ်ဖိတ် ကြားချက်ကိုတော့ သက်တမ်းမတိုးခဲ့ပေ။

“ဒေသတွင်း မတည်မငြိမ်ဖြစ်စေတဲ့ စစ်အာဏာရှင်တွေနဲ့ စကားပြောတာ တရုတ်ရဲ့ ကြီးမားတဲ့အမှားပဲ။ မင်းအောင်လှိုင်ကို မြန်မာတွေလက်မခံဘူးဆိုတာ တရုတ်တွေသိတယ်” ဟုလည်း ဆာဆာကပြောသည်။

လွန်ခဲ့သောဆယ်စုနှစ်တစု မပြည့်မီက ဘေဂျင်း၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကော်ဇောနီခင်းမှုက စစ်တပ်ဘက်သို့ ဦးလှည့်သွားနိုင်သည်။ လောလောဆယ်မှာတော့ မြန်မာစစ်ဗိုလ်ချုပ်ကြီး များဘက်က တရုတ်က လောင်းကြေးထပ်ထားသဖြင့် တရုတ်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် တော်လှန်ရေးလှုပ်ရှားမှုများနှင့် ထိပ်တိုက်တွေ့ ရနိုင်သည်။ မြန်မာနိုင်ငံတွင်းရှိ မငြိမ်သက်မှုများနှင့် ပြည်သူများ၏တုန့်ပြန်မှုများက သမ္မတရှီကျင့်ဖျင်၏ ရည်မှန်းချက်များအတွက် နောက်ထပ်လောင်းကြေး ဖြစ်သည်။ နောက်ကွယ်တွင်တော့ တရုတ်သည် ၎င်း၏နယ်စပ်တွင် နောက်ထပ် ကျရှုံနိုင်ငံတနိုင်ငံ၏ ဖြစ်နိုင်ခြေကို တောင့်ခံလျက်ရှိနေပေလိမ့်မည်။

ကြည်ဖြူစံ

Foreign Policy တွင် John Liu နှင့် Thompson Chau တို့ ပူးတွဲရေးသားသော China Warms Up to Myanmar’s Generals ကို ဆီလျော်အောင် ပြန်လည်ရေးသားပါသည်။

ဗီဒီယိုများ