မြန်မာ့အရေးအတွက် အာဆီယံရဲ့နောက်ထပ်အရွေ့က ဘာလဲ

"ဘန်ကောက်ပို့စ်" တွင်ဖော်ပြထားသော "Asean and Myanmar: The Next Move" ကို ဆီလျော်အောင် ရေးသားပါသည်။

By Admin 14 Feb 2023

၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့က အမေရိကန်-အာဆီယံ ပထမအကြိမ် အထူးထိပ်သီးအစည်းအဝေး၌ အမေရိကန်သမ္မတနှင့် အာဆီယံ ခေါင်းဆောင်များ အိမ်ဖြူတော်တွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေကြစဉ်။ ဓာတ်ပုံ - AFP
၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့က အမေရိကန်-အာဆီယံ ပထမအကြိမ် အထူးထိပ်သီးအစည်းအဝေး၌ အမေရိကန်သမ္မတနှင့် အာဆီယံ ခေါင်းဆောင်များ အိမ်ဖြူတော်တွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေကြစဉ်။ ဓာတ်ပုံ - AFP

DMG (ဘာသာပြန်ဆောင်းပါး)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမပတ်မှာပဲ  အာဆီယံဥက္ကဌသစ် အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေးနဲ့ပတ်သက်ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ပြဿနာတွေအပေါ် ဆက်ပြီးဆွေးနွေးနိုင်ဖို့ အာဆီယံညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(ACC) နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ပြန်ပြီးတွေ့ဆုံနိုင်ဖို့ အရေးကြီးအစည်းအဝေးနှစ်ရပ်ကို ပထမအကြိမ်အဖြစ် ခေါ်ယူကျင်းပခဲ့ပါတယ်။ မြန်မာ့အရေးမှာ အာဆီယံက အရေးပါတဲ့ဗဟိုချက်မမှာ ရှိနေတုန်းပါပဲ။

အဓိကပြဿနာအဖြစ် ထင်ရှားသိသာနေတဲ့အချက်က မြန်မာနိုင်ငံအကျပ်အတည်းကိစ္စ ဖြစ်ပြီး အခုဆိုရင် တတိယနှစ်ကို ရောက်လာခဲ့ပါပြီ။ ကမ္ဘာ့တတိယအကြီးမားဆုံး ဒီမိုကရေစီနိုင်ငံရဲ့ မြန်မာ့အရေးအပေါ် ချဉ်းကပ်နေတဲ့ ယေဘုယျပုံစံနဲ့ အမြင်သဘောထားတွေကို ဆန်းစစ်ကြည့်ဖို့ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စိတ်အားထက်သန်နေကြသလို လမယ့်ခြောက်လနဲ့ ခြောက်လအကျော် ကာလတွေအတွက် နေပြည်တော်က စစ်ဗိုလ်ချုပ်တွေရဲ့အစီအစဉ်တွေကိုလည်း သိလိုစိတ်ပြင်းပြနေကြပါတယ်။

နှစ်ရက်ကြာအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ရှည်လျားထွေပြားတဲ့ သဘာပတိရဲ့ ထုတ်ပြန်ချက်တွေအရ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဌသစ်အဖြစ်နဲ့ အကဲဆတ်တဲ့မြန်မာ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အင်ဒိုနီးရှားရဲ့ အဆင့်မြင့်သံတမန်ရေးပိုင်းဆိုင်ရာ လက်တွေ့ကျကျွမ်းကျင်မှုကို ဖော်ပြနိုင်ခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ်။ ပြန်ပြီးဆုံတွေ့မှု အစည်းအဝေးတွေမှာ အင်ဒိုနီးရှားက အချိန်တွေ အလဟဿအကုန်ခံမနေတော့ဘဲ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှာ သဘောတူထားခဲ့တဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို လက်ခံကျင့်သုံးဖို့နဲ့ အာဆီယံရဲ့ ငြိမ်းချမ်းရေးဆိုင်ရာအစီအစဉ်တွေကို အပြည့်အဝ အကောင်အထည်ဖော်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။ 

သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြေရှင်းကြတဲ့နေရာမှာ ဘုံသဘောတူညီချက် ၅ ရပ်က အဓိကကျတဲ့ခြေလှမ်း ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဒီနည်းလမ်းက ချောက်ထဲကျနေတဲ့နိုင်ငံ့အရေး ဖြေရှင်းတဲ့အခါတိုင်း အာဆီယံက ဖြေရှင်းလေ့ရှိတဲ့ နည်းလမ်းပါပဲ။

အာဆီယံဥက္ကဌအဖြစ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စရတ်နိုက မြန်မာ့အကျပ်အတည်းမှာ သူမရဲ့ လူကြီးလူကောင်းဆန်တဲ့ အပိုင်းကိုပါ ထုတ်ဖော်ပြသသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း နေပြည်တော်ကစစ်ဗိုလ်ချုပ်တွေကို ပြစ်တင်ရှုတ်ချတဲ့နေရာမှာ အာဆီယံခေါင်းဆောင်တွေကြား သူမက အသံအထွက်ဆုံးနဲ့ အဝေဖန်ဆုံးလူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အခုတော့ အာဆီယံရဲ့ အကြီးအကဲနေရာကို ရယူထားပြီဖြစ်တဲ့အတွက် အာဆီယံသဘောတူညီချက်တွေကို လိုက်နာပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထောက်ခံမှုတွေကိုပါ ရယူနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့်လည်း အင်ဒိုနီးရှားနိုင်ငံ ဖြစ်နေတဲ့အတွက်ကြောင့်လည်း ထူးခြားတဲ့သံတမန်ရေးပိုင်ဆိုင်ရာ ချဉ်းကပ်မှုတချို့ ရှိလာပါလိမ့်မယ်။

ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့ နှစ်စဉ်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ မစ္စရတ်နိုက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံရုံးကို အင်ဒိုနီးရှားနိုင်ငံက တည်ထောင်သွားမှာဖြစ်ပြီး သူမကိုယ်တိုင်ပဲ ဦးစီးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုတစ်ကြိမ်ကျင်းပခဲ့တဲ့ ပြန်လှန်တွေ့ဆုံမှု အစည်းအဝေးတွေမှာတော့ နောက်ထပ် အချက်အလက်တွေနဲ့ပတ်သက်ပြီး သူမဘက်က ပြောဆိုသွားတာမျိုး မရှိပေမယ့် အထူးသံတမန်ရုံးအဖွဲ့မှာ ဒေသဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိသလို ယုံကြည်စိတ်ချရတဲ့ သံတမန်တွေနဲ့ဝန်ထမ်းတွေကို ခန့်အပ်သွားလိမ့်မယ်ဆိုတာကတော့ သိသာထင်ရှားနေပါတယ်။

စင်ကာပူနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ဟောင်း Ngurah Swajaya က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံ အဖြစ် တာဝန်ထမ်းဆောင်လိမ့်မယ်လို့ အဆင့်မြင့်သတင်းရင်းမြစ်တစ်ခုရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အာဆီယံမှာ တာဝန်ရှိနေတဲ့သူအများစုကို တွေ့ဆုံမေးမြန်းခဲ့ရာမှာတော့ ဂျကာတာအနေနဲ့ မြန်မာ့အရေးက အာဆီယံအပေါ် ဒီနှစ်တော့ လွှမ်းမိုးနိုင်ဦးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ တနည်းပြောရမယ်ဆိုရင်တော့ နေပြည်တော်က အာဆီယံကို ဓားစားခံအဖြစ် ထားတာမျိုး အသုံးချတာမျိုး ခွင့်မပြုဘူးလို့ဆိုလိုတာပါပဲ။ G-20 အဖွဲ့ရဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပထားတဲ့ အတွက်လည်း အင်ဒိုနီးရှားက အောင်မြင်မှုကို ဆုပ်ကိုင်ထားနိုင်ခဲ့တာ ပူပူနွေးနွေးပဲရှိနေပါသေးတယ်။ ဒါကြောင့်လည်း အင်ဒိုနီးရှားနိုင်ငံအတွက် နိုင်ငံတကာပုံရိပ်နဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုထားရစ်ခဲ့တဲ့ အမွေအနှစ် တွေနဲ့ပတ်သက်လာရင် မြန်မာ့အရေးထက်ပိုပြီး အရေးကြီးတဲ့အချက်တွေက ရှိနေပါသေးတယ်။ အစည်းအဝေး အတွင်း အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးမှုတွေ အတွက် ကြိုတင်ပြင်ဆင်ထားဖို့ နဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုအကောင်အထည်ဖော်ကြတဲ့အခါ "သိသာထင် ရှားတဲ့တိုးတက်မှုတွေ" ရရှိလာအောင် မြန်မာနိုင်ငံကို ပူးပေါင်းတိုက်တွန်းခဲ့ပါတယ်။ (အစည်းအဝေးတိုင်း နောက်ဆုံးတော့လည်း ဒီရလဒ်ပါပဲ။)

လာမယ့် ၆ လတာကာလမှာတော့ မြန်မာနဲ့အင်ဒိုနီးရှားနိုင်ငံတို့က နောက်ထပ်လှုပ်ရှားမယ့် မဟာဗျူဟာတွေကို စဉ်းစားဖို့လိုအပ်ပါတယ်။ လက်ရှိမြန်မာ့ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေ အားလုံးကို အင်ဒိုနီးရှားနိုင်ငံဘက်က ဆက်သွယ်ထားတယ်လို့ သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း(EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDFs) တို့နဲ့ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေ အကောင် အထည်ဖော်နိုင်ဖို့အတွက် နေပြည်တော်ရဲ့ ထိတွေ့ဆက်ဆံလိုစိတ်အပေါ် မူတည်နေပါတယ်။ NUG နဲ့ PDF ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် နေပြည်တော်စစ်ဗိုလ်ချုပ်တွေက တံဆိပ်ကပ်ထားပါတယ်။

စစ်အုပ်စုကခန့်အပ်ထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ရဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးကနေ ပေါက်ကြားခဲ့တဲ့ စာမျက်နှာ ၄၅ မျက်နှာပါ အစည်းအဝေးမှတ်တမ်းဖော်ပြချက်အရ "အုပ်ချုပ် ရေးနယ်မြေ ၁၄ ခုရှိတဲ့အထဲက ၁၂ ခုမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ" လို့ ခေါ်ဝေါ် သုံးစွဲထားတာတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်ကစပြီး တိုက်ခိုက်မှုပေါင်း ၁၇.၈၂၅ ကြိမ်ရှိခဲ့တယ်လို့ နစက က မှတ်တမ်း တင်ထားပါတယ်။ ဒါတွေအပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစပြီး လူပေါင်း ၁ ဒဿမ ၄ သန်း နဲ့ ၁ ဒဿမ ၈ သန်းကြား ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ရွှေ့ပြောင်းဒုက္ခသည်ပေါင်း ၂၅၀,၀၀၀ ကို စစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေပေးနိုင်ခဲ့တယ်လို့ စာတမ်းမှာဖော်ပြထားပါတယ်။ ဆန့်ကျင်ဘက်ဖော်ပြချက်တွေအရ ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ အရပ်သားစုစုပေါင်း ၂၂၇၃ ယောက်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး လူ ပေါင်း ၁၅,၄၀၀ ကိုတော့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဩဂုတ်လမှာကျင်းပမယ်လို့ စီစဉ်ထားတဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကြောင့် နယ်မြေထိန်းချုပ်မှု ပိုပြီးခိုင်မာဖို့ လိုအပ်တဲ့အတွက် နောက်ထပ် ၆ လ သက်တမ်းတိုးဖို့ စစ်ကောင်စီအတွက် လိုအပ်ပါတယ်။ အဓိကကျတဲ့ မဲဆန္ဒနယ်တွေကို လက်ရှိအချိန်အထိ စစ်တပ်ကထိန်းချုပ်နိုင်တာမျိုး မရှိခဲ့ရင် ရွေးကောက်ပွဲကျင်းပနိုင်ခြေက အလွန်နည်းပါးနေပါတယ်။ 
ရည်ရွယ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် စစ်ကောင်စီအနေနဲ့ စစ်ဘက် အရပ်ဘက်မခွဲခြားတော့ဘဲ မြင်မြင်ရာပစ်မှတ်တွေကို တိုက်ခိုက်နိုင်ဖို့ ဂျက်တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေပါဝင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက စပြီး ပြင်းပြင်းထန်ထန် အသုံးပြုနေခဲ့ပါတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင်တော့ မြန်မာစစ်တပ်က အရပ်သား ဒါမှမဟုတ် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်နွယ်နေတယ်လို့ ယူဆရတဲ့အရပ်သားတွေ သေဆုံးဒဏ်ရာရမှု များပြားလာအောင်ရည်ရွယ်ပြီး အခုလို ထူးခြားတဲ့ထိုးစစ်ဗျူဟာ ၃ ရပ် ကို အကောင်အထည်ဖော်နေတာပဲ ဖြစ်ပါတယ်။ 

ပထမအရင်ဆုံးအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ နေရာဒေသတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ နေရာတွေအပေါ် တန်ပြန်တိုက်ခိုက်နိုင်ဖို့အတွက် စစ်တပ်က လေကြောင်းစွမ်းအားကို ဆက်ပြီးအသုံးပြုသွားမှာပါပဲ။ ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေကို ခိုလှုံခွင့်ပေးထားတဲ့နေရာ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ရှာဖွေသုတ်သင်နိုင်ဖို့ အရှိန်မြှင့်ဆောင်ရွက်ပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ထိုင်းနဲ့ကပ်နေတဲ့ နယ်စပ်တလျှောက်မှာရှိတဲ့ ဌာနချုပ် ဒါမှမဟုတ် ဝင်ငွေအရင်းအမြစ်တွေကို စစ်ကောင်စီက စတင်တိုက်ခိုက်ပါတော့မယ်။

သာဓကအနေနဲ့ပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့လပိုင်းလောက်က ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်က ကြိမ် ချောင်းရွာကို တိုက်ခိုက်ခဲ့တာက DKBA က KNU ကိုကူညီနေတယ်လို့ယူဆတဲ့ အတွက်ကြောင့်ပါပဲ။ DKBA ခေါင်းဆောင်ဗိုလ်မှူးကြီး စောအေဝမ်းကိုတိုက်ခိုက်ဖို့ကိုလည်း နေပြည်တော်က ရည်ရွယ်ချက်ရှိရှိဆောင်ရွက်ခဲ့ပါတယ်။ ဝင်ငွေရနေတဲ့ သတ္တုတွင်းလုပ်ငန်းတွေကို နှောင့်ယှက်နိုင်ဖို့အတွက်လည်း ကြာအင်းဆိပ်ကြီးမြို့နယ်မှာရှိတဲ့ ခဲသတ္တုမိုင်းတစ်ခုကို လေယာဉ် ၂ စင်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အလုပ်သမား ၃ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်းကြုံတွေ့ခဲ့ရတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကြောင့် နစကအနေနဲ့ သူ့ရဲ့လွှမ်းမိုးမှုကို ဆက် ပြီးသေချာ ထိန်းထားနိုင်အောင် လက်ရှိအရေးပေါ်အခြေအနေကို နောက်ထပ်သက်တမ်း ၆ လ ထပ်ပြီးတိုးမြှင့်နိုင်ပါတယ်။ တတိယအကြိမ် ၆ လသက်တမ်းတိုးပြီး နောက်တစ်ရက်မှာပဲ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေမှာရှိတဲ့ တော်လှန်ရေးအမာခံနယ်မြေတွေ အပါအဝင် နယ်မြေ ၈  ခုမှာရှိတဲ့မြို့နယ် ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန် ခဲ့ပါတယ်။ တကယ်လို့သာ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေ ရှိလာခဲ့မယ်ဆိုရင် စစ်တပ်အနေနဲ့ မြေပြင်ဩဇာလွှမ်း မိုးဖို့ပိုပြီးလိုအပ်တဲ့အတွက် လာမယ့်နေ့ရက်တွေမှာ စစ်တပ်နဲ့တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေက ပိုပြီးပြင်း ထန်လာတော့မယ်ဆိုတာကို ကြိုပြီးခန့်မှန်းနိုင်ပါတယ်။ လမ်းဆုံကိုရောက်နေတဲ့ ဒီလိုအချိန်မျိုးမှာတော့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲကို ဘယ်သူကမှ စိတ်မဝင်စားကြပါဘူး။

ထိုင်းနိုင်ငံအတွက်ကတော့ လာမယ့်ရက်သတ္တပတ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာနိုင်တဲ့ နောက်ထပ်ရွာသားသစ်တွေ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမှုတွေကြောင့် မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ ရှည်လျားတဲ့နယ်နိမိတ်တလျှောက် ဆက်ပြီး မငြိမ်းမချမ်း ဖြစ်နေပါလိမ့်မယ်။ နှစ်ဘက်စလုံးက နယ်စပ်ဒေသတွေအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုပြီးပေးအပ်နိုင်မယ့် အစီအစဉ်တွေ ရေးဆွဲထားပြီး အပြည့်အဝ အကောင်အထည်ဖော်နိုင်အောင် ထွက်ပြေးလာကြမယ့် ဒုက္ခသည်တွေကို စောင့်မျှော်နေကြပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးမှာ ပါဝင်မှုမြင့်မားတဲ့နိုင်ငံတွေမှာ သက်ဆိုင်သူတွေအားလုံး၊ တတ်သိပညာရှင်တွေအားလုံးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကြား Track 1.5 အစည်းအဝေးတွေကို ဆက်ပြီးကျင်းပနိုင်ဖို့ ကြိုးစားနေကြပါတယ်။ (Track 1.5 က သံခင်းတမန်ခင်း ဝေါဟာရဖြစ်ပြီး ပဋိပက္ခဖြေရှင်းရာမှာ တရားဝင်နဲ့ တရားဝင်မဟုတ်တဲ့ တက်ကြွလှုပ်ရှားသူတွေအားလုံး ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတစ်ရပ်ကို ဆိုလိုပါတယ်။ ဘာသာပြန်သူ) ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအခြေအနေတွေ ပိုပြီးကောင်းလာဖို့နဲ့ အနာဂတ်မှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်နဲ့ ကျင်းပမယ့် အားလုံးပါဝင်နိုင်မယ့် အမျိုးသားအဆင့်ဆွေးနွေးပွဲတွေကို အထောက်အကူပေးနိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်ကြဖို့ပါပဲ။

လာမယ့်ကာလတွေမှာတော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့နဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေ၊ နယ်စပ်တလျှောက်က ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ကြရသူတွေကို ကူညီဖို့စီစဉ်ထားတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနိုင်ဖို့ အာဆီယံရဲ့ခွင့်ပြုချက်နဲ့အတူ အာဆီယံဥက္ကဌရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ထိုင်းနိုင်ငံမှာ ရှေ့ပြေးအခြေစိုက်စခန်းတစ်ခု ထားရှိလာနိုင်ပါတော့မယ်။ 

■ ဘုန်းမောင်
"ဘန်ကောက်ပို့စ်" တွင်ဖော်ပြထားသော "Asean and Myanmar: The Next Move" ကို ဆီလျော်အောင် ရေးသားပါသည်။

ဗီဒီယိုများ