မြန်မာကိုကူညီရင်း အာရှမှာ မော်စကို ခြေကုပ်ရသွားနိုင်သလား

မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် ရေရှည်အုပ်ချုပ်သွား နိုင်ရန် ရည်ရွယ်နေသည့် စစ်ကောင်စီကို ရုရှားက ပံ့ပိုးကူညီခြင်းအားဖြင့် အရှေ့တောင်အာရှတွင် ရုရှား၏ အကန့်အသတ်မဲ့တည်ရှိမှုကို တည်ဆောက်နိုင်ပေလိမ့်မည်။

By Admin 28 Feb 2023

ဓာတ်ပုံ – Reuters
ဓာတ်ပုံ – Reuters

DMG (ဘာသာပြန်ဆောင်းပါး)

ဖေဖော်ဝါရီလသည် ရွေးကောက်ခံအရပ်သားအစိုးရတစ်ရပ်ကို မြန်မာစစ်တပ်ကဖြုတ်ချပြီး အာဏာသိမ်းယူခဲ့သည်မှာ ၂ နှစ်ပြည့်မြောက်ခဲ့သောလ ဖြစ်ပြီး ရုရှားနိုင်ငံက မြန်မာစစ်ကောင်စီအား သံတမန်ရေးအရရော လက်နက်စသည့် ရုပ်ပိုင်းဆိုင်ရာ အကူအညီများပါ အဓိကထောက်ခံ ပံ့ပိုးပေးသူအဖြစ် ဆက်ပြီး တည်ရှိနေပါသည်။

ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံကျူးကျော်ခဲ့သည့်အတွက် ပြီးခဲ့သော ဖေဖော်ဝါရီလ၌ နိုင်ငံတကာအသိုင်းအဝိုင်း၏ ရှုတ်ချကန့်ကွက်မှုတွင် မြန်မာနိုင်ငံ ပါဝင်ခြင်းမရှိခဲ့သလို မြန်မာစစ်တပ်၏ စစ်အာဏာသိမ်းမှု အပေါ် ရှုတ်ချသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များ ကိုလည်း ရုရှားနိုင်ငံက အမြဲလိုလိုပင် ပိတ်ပင်ကန့်ကွက်ခဲ့သည်။

တပ်မတော်ဟုခေါ်တွင်သော အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်တွင်းပြည်ပ၌ နိုင်ငံတကာအသိုင်းအဝိုင်း၏ တရားဝင်မှုကို ရရှိနိုင်ရန် ကြိုးစားရှာဖွေနေရသည်။ အာဏာသိမ်းပြီးချိန်ကစပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ရုရှားနိုင်ငံသို့ သုံးကြိမ် သွားရောက်လည်ပတ်ခဲ့သည်။

၂၀၂၂ ခုနှစ် စင်တင်ဘာလမှာတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အရှေ့ဖျားစီးပွားရေးဖိုရမ်၏ ပြင်ပတွင် လက်ခံတွေ့ဆုံခဲ့သည်။

“မြန်မာနိုင်ငံနဲ့ ဆက်ဆံပတ်သက်ရတဲ့အခါမှာ ရုရှားအနေနဲ့ တက်ကြွပုံမရှိ ပေမယ့် ပြန်ပြီးတုန့်ပြန်တာမျိုးတော့လည်း ရှိတယ်” ဟု မော်စကိုတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ Alexey Kirichenko ကပြောသည်။ 

“ဒါက အနည်းဆုံး နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာလာတဲ့ထိတိုင်အောင် တိုးတက်ပြောင်းလဲလာတဲ့ ဆက်ဆံရေးပဲ။ လက်တွဲဖော်မိတ်ဆွေရှာဖို့ အပြင်းအထန်ကြိုးစားတာမျိုးမဟုတ်ဘဲ တစ်ဘက်နဲ့တစ်ဘက် ကမ်းလှမ်းစရာ အကျိုးပြုစရာတွေရှိနေတဲ့ အခြေအနေမျိုးပဲ” ဟု သူကဆိုသည်။

မြန်မာ့ပြည်တွင်းစစ်တွင် ရုရှားက လက်နက်ထောက်ပံ့ခြင်း

ရုရှားအနေဖြင့် မြန်မာနိုင်ငံတွင်းတွင် များပြားလှသော ရင်းနှီးမြှုပ်နှံမှုများ မရှိသည့်အပြင် စီးပွားရေးအရလည်း တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်နိုင် စွမ်းမရှိလှပါ။ သို့သော်ငြားလည်း မြန်မာနိုင်ငံ၏စစ်တပ်ကို ရုရှားနိုင်ငံက လက်နက်များအဓိက ထောက်ပံ့ပေးနေသည့်နိုင်ငံ ဖြစ်လေသည်။

ရုရှားသည် မြန်မာစစ်ကောင်စီအား Pantsir – S1 မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်များနှင့်အတူ Orlan-Orlan10E ထောက်လှမ်းရေးဒရုန်းများ၊ Su-30 ဂျက်တိုက်လေယာဉ်များ၊ M – 17 နှင့် Mi-35ရဟတ်ယာဉ်များ နှင့် လေယာဉ်ပစ်ဒုံးကျည်စနစ်များ ထောက်ပံ့ပေးခဲ့သည်။

မော်စကိုတိုင်းမ်၏ ဖော်ပြချက်အရ ရုရှားသည် မြန်မာနိုင်ငံအား ၂၀၂၁ ခု နှစ်ဖေဖော်ဝါရီလတွင် ဒေါ်လာ ၁၄ ဒဿမ ၇ သန်းတန်ကြေးရှိ ရေဒါကိရိယာများနှင့် ထိုကာလမတိုင်မီ သုံးလကလည်း ဒေါ်လာ ၉၆ သန်းတန်ဖိုးရှိ လျှို့ဝှက်ထားသော ကုန်ပစ္စည်းများရောင်းချခဲ့သည်ဟု သိရသည်။

ခုခံတော်လှန်ရေးသမားများအား တိုက်ခိုက်ရာတွင် မြန်မာစစ်ကောင်စီက ရုရှားလက်နက်များကို ဖြန့်ကျက်ထားပြီး Mi-35 ရဟတ်ယာဉ်များနှင့် Yak-130 ထိုးစစ်လေ့ကျင့်ရေးလေယာဉ်များသည် စစ်ကောင်စီ၏စခန်းများအား ကာကွယ်နိုင်ရေးတွင် အထူးအရေးပါသည်။

မြန်မာစစ်တပ်အနေဖြင့် ရုရှားနိုင်ငံထံမှ မှာယူဖွယ်ရှိသော ဒရုန်းတိုက်ဖျက်ရေး စနစ်များဖြင့်လည်း ၎င်းတို့တပ်များ ခေတ်မီလာအောင် ကြိုးပမ်းလျက်ရှိသည်။ ထိုကဲ့သို့ လက်နက်ရောင်းချခြင်းမှ ရရှိသောငွေ ကြေးများအား ယူကရိန်းစစ်ပွဲအတွက် သုံးစွဲပေလိမ့်မည်။

ယူကရိန်းစစ်ပွဲက လက်နက်ထောက်ပံ့ရေးကို ခြိမ်းခြောက်လာ

ရုရှားစစ်တပ်များသည် ယူကရိန်းတွင် တစ်နှစ်နီးပါးကြာ စစ်ပွဲများဆင်နွှဲနေရပြီး အခြေအနေများ မည်ကဲ့သို့ပြောင်းလဲလာမလဲ ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ရုရှားထံမှ လက်နက်ဝယ်ယူသူများ အနေဖြင့် လက်နက်ဝယ်ယူထားသည့် စာချုပ်များနှင့် ပတ်သက်ပြီး ရုရှားနိုင်ငံဘက်က မဖြည့်ဆည်းနိုင်မည်ကို စိုးရိမ်နေကြပြီး ထိုစိုးရိမ်မှုများအတွက်လည်း ခိုင်လုံသော အကြောင်းပြချက်များ ရှိပေသည်။ ယူကရိန်းစစ်တပ်၏ အစီရင်ခံစာတစ်စောင်အရ ဆားဘီးယားအား ရုရှားနိုင်ငံက ပေးပို့ရမည့် Ka-32 ရဟတ်ယာဉ်များ ပေးပို့ရန်စာချုပ်ကို ခေတ္တရပ်ဆိုင်းထားပြီး အယ်လ်ဂျီးရီးယားသို့ လက်နက်များပေးပို့မှုကိုလည်း ဆိုင်းငံ့ထားသည်ဟု သိရသည်။

ရုရှား၏ငွေကြေးရင်းမြစ်များ အားနည်းသွားစေရန်ကြိုးပမ်းသည့် အနေဖြင့် အမေရိကန်နှင့်အီးယူတို့က ရုရှားနိုင်ငံသို့ အရပ်ဘက် စစ်ဘက် ကုန်ပစ္စည်းနှစ်မျိုးစလုံး တင်သွင်းမှုအား တားမြစ်ပိတ်ပင်ထားသည်။ 

၎င်းပိတ်ပင်ထားမှုများတွင် ဥပမာအနေဖြင့် ယာဉ်အစိတ်အပိုင်းများပါ ဝင်သည်။ ထိုပစ္စည်းများသာမရှိပါက ရုရှားအနေဖြင့် လက်နက်များတင် ပို့ရန်အတွက် အသစ်ထပ်ထုတ်လုပ်ဖို့ များစွာခက်ခဲသွားပေလိမ့်မည်။ ရုရှားအနေဖြင့် ဥရောပနိုင်ငံများဆီမှ နည်းပညာအဆင့်မြင့် ထုတ်လုပ်ရေးပစ္စည်းများ ဝယ်ယူနိုင်ခြင်း မရှိသောကြောင့် ပြီးခဲ့သောနှစ်တွင် အိန္ဒိယနိုင်ငံက Ka-31 ရဟတ်ယာဉ်၊ MiG-29 ဂျက်တိုက်လေယာဉ်များနှင့် Mi-17 ရဟတ်ယာဉ်များဝယ်ယူရေး စာချုပ်များကို ဖျက်သိမ်းခဲ့သည်။

“မြန်မာ့ပြည်တွင်းစစ်မှာ ရုရှားလက်နက်တွေက အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေတယ်။ ဒါပေမယ့် ရုရှားလက်နက်တင်ပို့မှုတွေ ယာယီရပ်ဆိုင်းသွားတာက တိုက်ရိုက်အကျိုးသက်ရောက်တာမျိုးတော့ မရှိဘူး” ဟု ပိုလန်နိုင်ငံ Jagiellonian တက္ကသိုလ်မှ Michal Lubina ကပြောသည်။

“ရုရှားက မြန်မာစစ်တပ်အတွက် လက်နက်အလုံအလောက် ထောက်ပံ့ပေးထားပြီး ဖြစ်ပေမယ့် သူတို့ရဲ့ အတိုက်အခံတွေကို မချေမှုန်းနိုင်သေးဘူး။ ဒါကြောင့်လည်း မေးစရာရှိလာတာက သူတို့ တကယ်ကောချေမှုန်း နိုင်ပါ့မလား ဆိုတဲ့မေးခွန်းပဲ။ ဒါက တော်လှန်ရေးအင်အားစုတွေရဲ့ စိတ်ဓာတ်နဲ့ ပိုပြီးသက်ဆိုင်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး ကပြောသည်။

ရှုပ်ထွေးသော တရုတ်နှင့်မြန်မာဆက်ဆံရေး

တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံအတွက် ထိပ်တန်း လက်နက်ထောက်ပံ့သူ ဖြစ်သော်လည်း နှစ်နိုင်ငံအကြားမှ ရှုပ်ထွေးသောသမိုင်းကြောင်းကြောင့် တစ်ဘက်နှင့်တစ်ဘက် အယုံအကြည် ကင်းမဲ့သွားစေခဲ့လေသည်။ ယခု မြန်မာစစ်ကောင်စီမှ စစ်ဗိုလ်ချုပ်အများအပြားသည် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်းက ဘေဂျင်းမှထောက်ပံ့ပေးခဲ့သော ကွန်မြူနစ် သူပုန်များနှင့် တိုက်ခိုက်ခဲ့ရပြီး ထိုသို့ တိုက်ခိုက်ခဲ့ရသည်တို့လည်း မမေ့နိုင်သေးပေ။ ထို့အပြင် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေကြသော ဝ၊ ကိုးကန့်နှင့် ကချင် စသည့် တိုင်းရင်းသားလက်နက်ကိုင်များအား ဘေဂျင်းမှ တရားမဝင် ထောက်ပံ့ပေးနေသည်။

“မြန်မာစစ်ဗိုလ်ချုပ်တွေ စိတ်ရှုပ်ထွေးနေတယ်။ တစ်ဘက်မှာ သူတို့က နိုင်ငံခြားက ဝင်ရောက်စွက်ဖက်တာမျိုးကို မုန်းတဲ့ အမျိုးသားရေးဝါဒီ အစိုးရဖြစ်နေတယ်။ တစ်ဘက်မှာ ကျပြန်တော့လည်း အာဏာသိမ်းပြီး နောက်ပိုင်း အထီးကျန်ဖြစ်နေရတဲ့အတွက် တရုတ်အပေါ် မှီခိုနေရပြန်တယ်။ တကယ်လို့သာ ရုရှားနဲ့ဆက်ဆံရေး ပိုပြီးကောင်းမယ်ဆိုရင်တော့ တရုတ်ရဲ့ အသနားခံအဖြစ်နဲ့ နေနေမှာတော့မဟုတ်ဘူး” ဟု Lubina က ပြောသည်။

သို့သော်လည်း ရုရှားနှင့်မြန်မာတို့၏ ဆက်ဆံရေးက တရုတ်အကျိုးစီးပွားတွေကို ထိခိုက်နိုင်စရာမရှိကြောင်း ဘေဂျင်းကရိပ်မိသည်။

ရုရှားက အရှေ့တောင်အာရှတွင် ခြေကုပ်ယူထားနိုင်မလား

ရုရှားအတွက်တော့ မြန်မာနိုင်ငံနှင့်လက်တွဲရန် ကန့်သတ်ချက်များရှိနေသည်။ ဒေါ်လာဖြင့်ပေးချေမှုများတွင် အခက်အခဲများနှင့်  ပိတ်ဆို့မှုများကြောင့် ကုန်သွယ်ရေးတွင် ရှုပ်ထွေးမှုများရှိပေသည်။ စွမ်းအင်ကဏ္ဍတွင် ရုရှားနိုင်ငံက အမြတ်အစွန်း အလုံအလောက် ရအောင်အထိလည်း မြန်မာနိုင်ငံက ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ဝယ်ယူ နိုင်စွမ်းမရှိပေ။

သို့သော်လည်း မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် ရေရှည်အုပ်ချုပ်သွား နိုင်ရန် ရည်ရွယ်နေသည့် စစ်ကောင်စီကို ရုရှားက ပံ့ပိုးကူညီခြင်းအားဖြင့် အရှေ့တောင်အာရှတွင် ရုရှား၏ အကန့်အသတ်မဲ့တည်ရှိမှုကို တည်ဆောက်နိုင်ပေလိမ့်မည်။ လက်ရှိတွင်လည်း ဗီယက်နမ်နှင့် နီးကပ်သော ဆက်ဆံရေးကို မော်စကိုက ဆက်ပြီးထိန်းသိမ်းထားသည်။

“မြန်မာ့ပြည်တွင်းစစ်မှာ စစ်ကောင်စီက အနိုင်ရခဲ့မယ်ဆိုရင် ရုရှားက အကြီးကျယ်ဆုံးအောင်မြင်သူ ဖြစ်လာလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာစစ်တပ် အကျပ်အတည်း ဖြစ်နေချိန်ကတည်းက စစ်တပ်အတွက် သူတို့ရှိနေခဲ့လို့ပဲ” ဟု Lubina ကပြောသည်။

မြန်မာအတွက်တော့ ရုရှားသည် တရုတ်နှင့်နှိုင်းယှဉ်ပါက ခြိမ်းခြောက်မှုနည်းသော မဟာမိတ်ဖြစ်သည်။ ရုရှား၏အာဏာဗဟိုချက်က မြန်မာနှင့် ဝေးကွာလွန်းသည့်အတွက် ကျူးကျော်ရန်၊ ဝင်ရောက်စွက်ဖက်ရန် စသည့်ခြိမ်းခြောက်မှုမျိုးလည်း မရှိပေ။

“သီအိုရီရှုထောင့်အရ ကြည့်မယ်ဆိုရင်တော့ ပဋိပက္ခတွေက ယေဘုယျအနေနဲ့ ရုရှားအတွက် စီးပွားရေးအလားအလာတွေထက် ပိုပြီးကြီးမားတဲ့ ဩဇာလွှမ်းမိုးမှုကို ရစေလိမ့်မယ်။ ပဋိပက္ခတွေမှာ နိုင်ငံတစ်နိုင်ငံ အနေနဲ့ စစ်တပ်တွေစေလွှတ်နိုင်သလို ကျွမ်းကျင်တဲ့ သံခင်းတမန်ခင်း တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ မော်စကိုအတွက်တော့ ဒါက ကမ္ဘာကြီးမှာ ရုရှားရဲ့အရေးပါမှုကို တိုးမြှင့်ပေးပြီး အထီးကျန်မှုကို ကျော်လွှားဖို့အတွက်လည်း ဈေးသက်သာတဲ့ နည်းလမ်းတစ်ခုပဲ” ဟု Lubina ကဆိုသည်။

ဘုန်းမောင်
“DW” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Alena Zhabina” ၏ “Will Russian aid for Myanmar give Moscow on Asian foothold” ကို ဆီလျော်အောင်ရေးသားပါသည်။

ဗီဒီယိုများ