အမေရိကန်ဘက်သို့ တဖြည်းဖြည်း အလေးသာလာသည့် အရှေ့တောင်အာရှနိုင်ငံများ

မလေးရှားနိုင်ငံ၏ ရပ်တည်ချက်သည် ရိုးရှင်းကြောင်း၊ အခြားနိုင်ငံများနှင့် ရင်းနှီးသည့် သံတမန်ဆက်ဆံ ရေး ထူထောင်ထားရှိခြင်းဖြစ်ပြီး ထိုသို့ဆက်ဆံခြင်းသည် မိမိတို့နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အလျှော့အတင်း လုပ်ခွင့်ပြုခြင်း မဟုတ်ကြောင်း ဝန်ကြီး၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ မနှစ်က အစိုးရအပြောင်းအလဲ ရှိသည့်တိုင်အောင် တောင်တရုတ်ပင်လယ်အရေးတွင် မလေးရှား၏ ရပ်တည်ချက်သည် ပျော့ပျောင်းမည်မဟုတ်ကြောင်းလည်း ဖော်ညွှန်းပြောဆိုခဲ့သည်။

By မေမိုး 15 Jun 2021

ဓာတ်ပုံ - AFP

DMG ၊ ဇွန် ၁၅
မေမိုးဘာသာပြန်သည်။

ခပ်နှေးနှေးစတင်လိုက်သည့် ပထမခြေလှမ်း အပြီးတွင် အရှေ့တောင်အာရှနိုင်ငံများအား ဘိုင်ဒန်အစိုးရက တရုတ်နှင့်ပတ်သက်ပြီး ပြတ်သားစွာ ရပ်တည်ရန် တိုက်တွန်းစေ့ဆော်လာမည့် အရိပ်အယောင်များ မြင်တွေ့နေရပြီဖြစ်သည်။

အာရှတိုက်အင်အားကြီး တရုတ်သည် တောင်တရုတ်ပင်လယ်တခွင်တွင် ရဲတင်းစွာ စိန်ခေါ်လာသည့်အခါ အသီးသီးရေပိုင်နက်များ တောင်းဆိုထားသည့် နိုင်ငံငယ်များသည် သူတို့၏ တရားဝင်မှု အကျိုးစီးပွားများကို ကာကွယ်ရန် အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး လိုလားလာကြသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း  ဗီယက်နမ်နိုင်ငံသည် တရုတ်အာဏာစက်ဝန်းကို ချိန်ညှိနိုင်ရန် အနောက်နှင့် နွေးထွေးသည့် ဆက်ဆံရေးကို တစိုက်မတ်မတ် ကြိုဆိုခဲ့သည့် တစ်ခုတည်းသော အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်သည်။ သို့သော် ယခုအခါတွင် ဒေသတွင်း နယ်မြေအငြင်းပွားနေသည့် အခြားသော နိုင်ငံများလည်း အလားတူဆောင်ရွက်ဖွယ် ရှိနေသည်။

လပေါင်းများစွာကြာ ခက်ခဲစွာ ညှိနှိုင်းဆွေးနွေးမှုများအပြီး ဖိလစ်ပိုင်အစိုးရသည် အရေးပါသည့် ဖိလစ်ပိုင်-အမေရိကန် တပ်ဖွဲ့များ ဖလှယ်ရေး သဘောတူညီချက် (Visiting Forces Agreement-VFT) ကို ဆက်လက် ထိန်းသိမ်းရန် ဆောင်ရွက်နေသည်။ ထိုသဘောတူညီချက်သည် အရှေ့တောင်အာရှတွင် အမေရိကန် ၏ အကြီးစားတပ်ဖြန့်မှုများ ဆက်လက်ထားရှိရန် အရေးပါသည်။  

ထပ်မံဆွေးနွေးထားသည့် စာချုပ်ပါ အပြီးသတ်စာပိုဒ်များတွင်  သမ္မတရာထူး သက်တမ်း ကုန်ဆုံးတော့မည့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး အတည်ပြုကြောင်း လက်မှတ်ရေးထိုးရန်သာ ကျန်ရှိသည်။ သမ္မတ ဒူတာတေးအစိုးရသည် ဘေဂျင်းနှင့် ရင်းနှီးသည့် ဆက်ဆံရေးမူဝါဒများကြောင့် ပြည်သူများ၏ ဒေါသတကြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

တချိန်တည်းမှာပင် တရုတ်နှင့်ပတ်သက်ပြီး မည်သည့်ထင်မြင်ချက်မှ ထုတ်ပြန်ခြင်းမရှိဘဲ “နှုတ်ဆိတ်လေ့ ရှိသည့် သံတမန်ဆက်ဆံရေး”ကို ဆယ်စုနှစ်များကြာအောင် ကျင့်သုံးခဲ့သည့် အိမ်နီးချင်း မလေးရှား နိုင်ငံ သည်လည်း တရုတ်အစိုးရ၏ တောင်တရုတ်ပင်လယ်တခွင် ရေပိုင်နက်ချဲ့ထွင်ရေး လှုပ်ရှားမှုများကို တိုက်ရိုက်စိန်ခေါ်ကာ ပွင့်လင်းစွာ ထုတ်ဖော်ဝေဖန်လာသည်။

ယခု သီတင်းပတ်တွင် မလေးရှားသည် တရုတ်၏ ကျူးကျော်မှုကို စတင်ပြောဆိုခဲ့ပြီး မလေးရှား အစိုးရသည် ဆာရာဝပ်ပြည်နယ်ရှိ မလေးရှားပိုင်ဘော်နီယိုကျွန်း၏ ရေမိုင် ၆၀ (ကီလိုမီတာ ၁၁၀) အတွင်းဝင်ရောက်လာသည့် တရုတ်ပိုင်လေယာဉ်များကို မောင်းထုတ်ရန် တိုက်ခိုက်ရေးလေယာဉ်များကို အမိန့်ပေးထားကြောင်း သိရသည်။

မလေးရှားလေတပ်၏ အဆိုအရ တရုတ်၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) လေ တပ်သည် မဟာ ဗျူဟာကျသည့် ပို့ဆောင်ရေးလေယာဉ်များဖြစ်သည့် Xian Y-20 နှင့် Ilyushin il-76 တို့၏ စစ်ရေးလေ့ကျင့်မှု တစ်ခုကို ဆောင်ရွက်ခဲ့ပြီး ယင်းအစုသည် မလေးရှားလေကြောင်း ထိန်းချုပ်ရေး စခန်းမှ အကြိမ်ကြိမ် ဆက် သွယ်ရန် ကြိုးပမ်းမှုများကို တုံ့ပြန်ခဲ့ခြင်းမရှိဘဲ မလေးရှားလေပိုင်နက် အမြင့်ပေ ရ,၀၁၄ မီတာနှင့် ၈,၂၂၉ မီတာ အကြား အစမ်းပျံသန်းခဲ့ကြောင်း သိရသည်။

ယခုဖြစ်ရပ်သည် အမျိုးသားလုံခြုံရေးနှင့် လေကြောင်းလုံခြုံမှုကို အကြီးအကျယ် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ကြောင်း မလေးရှားလေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး တရုတ်၏ “သံသယဖြစ်ဖွယ်” ရန်လိုသည့် ရည်ရွယ်ချက်ရှိနိုင်သည့် စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့် တားဆီးရန် Labuan ရှိ လေတပ်အခြေစိုက်စခန်းမှ တိုက်ခိုက်ရေးလေယာဉ်များကို တပ်ဖြန့်ခဲ့သည်။

မလေးကင်းစောင့်တပ်ဖွဲ့များမှ ရရှိသည့် အထောက်အထားများအရ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ တိုက်လေယာဉ် ၁၆ စင်း မလေးလေပိုင်နက်ကို ဦးတည်၍ “ကျူးကျော်ဝင်ရောက်ခြင်း”အပေါ် တရုတ်သံတမန်ကို ဖြေရှင်းရန် ချက်ချင်း ဆင့်ခေါ်ခဲ့သည်။

လက်ရှိ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Hishammuddin Hussein သည် တရုတ်နှင့် ဆက်ဆံရေး အတွေ့အကြုံရင့် ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ၎င်းသည် အချိန်မဆိုင်းဘဲ သံတမန်နည်းဖြင့် ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး တရုတ်အစိုးရ၏ မလေးရှား လေပိုင်နက်ကျူးကျော်မှုနှင့် အချုပ်အခြာအာဏာ ထိပါးမှုတို့ကို ဖြေရှင်းရန် တောင်းဆိုခဲ့သည်။

မလေးရှားနိုင်ငံ၏ ရပ်တည်ချက်သည် ရိုးရှင်းကြောင်း၊ အခြားနိုင်ငံများနှင့် ရင်းနှီးသည့် သံတမန်ဆက်ဆံ ရေး ထူထောင်ထားရှိခြင်းဖြစ်ပြီး ထိုသို့ဆက်ဆံခြင်းသည် မိမိတို့နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အလျှော့အတင်း လုပ်ခွင့်ပြုခြင်း မဟုတ်ကြောင်း ဝန်ကြီး၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ မနှစ်က အစိုးရအပြောင်းအလဲ ရှိသည့်တိုင်အောင် တောင်တရုတ်ပင်လယ်အရေးတွင် မလေးရှား၏ ရပ်တည်ချက်သည် ပျော့ပျောင်းမည်မဟုတ်ကြောင်းလည်း ဖော်ညွှန်းပြောဆိုခဲ့သည်။

တရုတ်နိုင်ငံကမူ PLA လေတပ်၏ စစ်ရေးလေ့ကျင့်မှုများသည် အိမ်နီးချင်းနိုင်ငံများ၏ အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ နိုင်ငံတကာ ဥပဒေနှင့်အညီ တင်းကြပ်စွာ လိုက်နာကာ ဆောင်ရွက်သည့် ပုံမှန်စစ်ဆင်ရေး တစ်ခုသာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။

မလေးရှားအစိုးရ၏ ပြတ်သားသော တုန့်ပြန်ချက်ကို ဖြေရှင်းသည့်အနေဖြင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနသည် ပူးပေါင်းဆောင်ရွက်မှုကို အလေးထားကြောင်းနှင့် “တရုတ်နှင့် မလေးရှားသည် ချစ်ကြည်စွာဆက်ဆံသည့် အစဉ်အလာရှိ အိမ်နီးချင်းများအဖြစ် ဆက်လက်ထိန်းသိမ်းခဲ့ကြောင်းနှင့် တရုတ်နိုင်ငံသည် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ဦးတည်၍ အတူတကွ မလေးရှားနှင့် နှစ်နိုင်ငံ ရင်းနှီး ခင်မင်စွာရှေ့ဆက်ပြီး ဆွေးနွေးတိုင်ပင်နိုင်ရန် ဆန္ဒရှိကြောင်း” အလျင်အမြန်တုံ့ပြန်ခဲ့သည်။

၂၀၁၈ နှစ်လယ်ပိုင်းမှ ၂၀၂၀ နှစ်ဦးပိုင်းအတွင် တောင်တရုတ်ပင်လယ်အတွင်း ရန်လိုသည့် စစ်ရေး လေ့ကျင့်မှု များနှင့် တရုတ်၏ ခေါင်းပုံဖြတ်အမြတ်ကြီးစား ရင်းနှီးမြှုပ်နှံမှုများအပေါ် တင်းမာစွာ ရပ်တည်ခဲ့သည့် မလေးရှား အတိုက်အခံညွန့်ပေါင်းအဖွဲ့ Pakatan Harapan သည် တရုတ်၏ အငြင်းပွား နယ်မြေများရရှိရန် ရည်ရွယ်ချက် အပေါ်  စိုးရိမ်ပူပန်မှုများတိုးလာခြင်းကို တုံ့ပြန်ရန် တိကျသည့် ဆောင်ရွက်မှု အစီအစဉ်တစ်ရပ် ချမှတ်ရန် အစိုးရကို တိုက်တွန်းခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်၏ ခေါင်းဆောင်မှုအောက်တွင် ယခင် အာဏာရပါတီသည် တရုတ် အစိုးရနှင့် ငြိမ်သက်နေသည့် သမိုင်းဝင်ဆက်ဆံရေးကို အလုံးစုံပင် အလှည့်အပြောင်း ပြုခဲ့သည်။ တရုတ်အစိုးရ ကို ‘ခေတ်သစ်ကိုလိုနီပြုသည့်ဝါဒီ’ အဖြစ်စွပ်စွဲခဲ့ပြီး တရုတ်အတွက် အကျိုးအမြတ်ကြီးစွာ ရမည့်မဆုံးနိုင်သည့် လာဘ်ပေးလာဘ်ယူမှု အရှုပ်တော်ပုံများစွာရှိသည့်  အခြေခံအဆောက်အဦ စီမံကိန်းများစွာကို ပယ်ဖျက်ခဲ့သည်။

မလေးရှားနိုင်ငံ၏ တောင်တရုတ်ပင်လယ်တွင်း ၎င်းတို့နိုင်ငံပိုင်နက် ကုန်းမြေမှ သမုဒ္ဒရာထွက်သည့် ရေတိမ်ပိုင်း (Continental Shelf) တောင်းဆိုမှုကို ကုလသမဂ္ဂတွင် တရားဝင်တင်ပြခြင်းဖြင့် တောင်တရုတ် ပင်လယ်အရေးတွင် ၎င်းတို့၏ ပြတ်သားသည့် ရပ်တည်ချက်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ အဆိုပါ တင်ပြချက်တွင် တရုတ်၏ “မျဉ်းကြောင်းကိုးခုဖြင့် အမှတ်အသားပြုထားသည့်” ရေပိုင်နက် တောင်းဆိုချက်များ ကို “အဓိပ္ပါယ်မရှိ” ဟု ပြောင်ပြောင်တင်းတင်းပယ်ချခဲ့ပြီး အာရှ၏ အင်အားကြီး နိုင်ငံကြီးကို နိုင်ငံတကာခုံရုံးတင်၍ စွဲချက်တင်မည်ဖြစ်ကြောင်းပါ ခြိမ်းခြောက်ခဲ့သည်။

အရေးပါသည့် အချက်မှာ မလေးရှားသည် တရုတ်နှင့် အပြိုင်ပိုင်ဆိုင် ခွင့်တောင်းဆိုထားသည့် ရေပြင်ပိုင်နက်များတွင် စွမ်းအင်သယံဇာတများကို ယင်းတစ်နိုင်ငံတည်း သဘောဖြင့် တူးဖော်ရန်လည်း အင်တိုက်အားတိုက် ဖိအားပေးတောင်းဆိုခဲ့ပြီး တောင်တရုတ်ပင်လယ်တွင် နှစ်နိုင်ငံ ရေတပ်များ၏ စစ်ရေး လေ့ကျင့်မှုများ လအတန်ကြာအောင် ထိပ်တိုက်တွေ့ဆုံမှုတစ်ခုလည်း ဖြစ်ပွားစေခဲ့သည်။

များမကြာမီပင်တွင် ယေဘုယျအားဖြင့် အေးဆေးကာ နိုင်ငံရေးနှင့် ကင်းကင်းနေလေ့ရှိသည့် မလေးရှားဘုရင်ပင် ပါဝင်လာရပြီး “ရေကြောင်းဆိုင်ရာ လွှမ်းမိုးမှုမခံရအောင် အမြဲမပြတ်သတိရှိရန်နှင့် မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်ကို အထောက်အကူဖြစ်စေသည့် နည်းဗျူဟာတစ်ရပ် ချမှတ်ရန်” ရွေးကောက်ခံအစိုးရကို တောင်းဆိုခဲ့သည်။  

တရုတ်နှင့်ပတ်သက်လျှင် အဆိုးမြင်သည့်သဘောထားရှိသည့် မလေးအစိုးရကို ပြီးခဲ့သည့်နှစ်က ရုတ်တရက်ဖြုတ်ချနိုင်ခဲ့သည့် ဝါရင့်နိုင်ငံ ရေးသမားများဖြင့် ဖွဲ့စည်းထားသည့် ညွန့်ပေါင်း အစိုးရအဖွဲ့တစ်ရပ် အနေဖြင့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို ကြီးမားစွာပြောင်း လဲနိုင်ပုံမပေါ်ပေ။

မလေးရှား ရေနံတွင်းတူးသင်္ဘောတစ်စီးနှင့် တရုတ်ပိုင်အချက်အလက်ရှာသည့် ရေငုပ်သင်္ဘောတစ်စီးတို့ ယမန်နှစ်က ပြင်းထန်စွာ ထိပ် တိုက်တွေ့ဆုံခဲ့သည့်အချိန်တွင် နိုင်ငံခြားရေးဝန်ကြီး  Hishammuddin Hussein ၏ ပြင်းထန်သော စကားရပ်များပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ မလေးရှားသည် တောင်တရုတ်ပင်လယ်ပြင် အရေးနှင့် စပ်လျဉ်းပြီး  နိုင်ငံအကျိုးစီးပွားနှင့် အခွင့်အရေးတို့ကို ကာကွယ်ရန် အခိုင်အမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်ကို သတိပေးသည်ဟု ကြေညာချက်တွင် ဖော်ပြ ပါရှိသည်။

မလေးရှားသည် အမေရိကန်နှင့် စစ်ရေးအရ မဟာမိတ်ပြုခြင်းကို ယေဘုယျအားဖြင့် ရှောင်ရှားလိုသည့် ဆန္ဒရှိပုံရသည်။ သို့သော် တောင်တရုတ်ပင်လယ်တွင် ၎င်း၏ ပြတ်သားသည့် ရပ်တည်ချက်က တရုတ်၏ အဆိုးဝါးဆုံး ဗီဇစရိုက်ကို ကန့်သတ်မည့် ပိုမိုကျယ်ပြန့်သည့် အားထုတ်မှု တစ်စိတ်တစ်ပိုင်း ဖြစ်သည့် အမေရိကန်အစိုးရနှင့် ပူးပေါင်းမှုကို မဟာဗျူဟာအရ လက်ခံလိုသည့် သဘောနှင့် ကာကွယ် ရေးဆိုင်ရာ အသေးစားပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် လက်ခံမည့်အလားအလာကို ညွှန်ပြနေသည်။

အလားတူပင် ဖိလစ်ပိုင်နိုင်ငံသည်လည်း အထူးအားဖြင့် တရုတ်အစိုးရနှင့်နီးစပ်သည့် သမ္မတ ဒူတာတေး၏ ဖွဲ့စည်းပုံအရ အာဏာအပ်နှင်းထားသည့် အစိုးရသက်တမ်း တစ်ကြိမ်ပြီးဆုံးခါနီးတွင် အမေရိကန်နှင့် ပြန်လည် ပေါင်းစည်းရန် အကြောင်းရင်းများ ပိုမိုများပြားလာနေသည်။ ပင်လယ်အော်အတွင်း တရုတ်အစိုးရ၏ ရေကြောင်းဆိုင်ရာ နယ်မြေချဲ့ထွင်ရေး ရည်မှန်းချက်ကို တားဆီးရန် ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် ဖိလစ်ပိုင် နှင့် အမေရိကန်တို့သည် VFA ကို ပြန်လည်အသက်သွင်းရန် ဆောင်ရွက်နေ ပြီဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် Whitsun သန္တာကျောက်တန်းကို တရုတ်နှင့်ဖိလစ်ပိုင်အကြား လနှင့်ချီပြီး ထိပ်တိုက် အငြင်းပွားမှုကြောင့် အမေရိကန်နှင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ရန် ပြည်တွင်းတွင် စိတ်ထက် သန်စွာ တိုက်တွန်းမှုများမြင့်တက်လာပြီး သမ္မတ ဒူတာတေး၏ အစိုးရအဖွဲ့ ထိပ်ပိုင်းအကြီးအကဲများအပါ အဝင် တခဲနက်တိုက်တွန်း ထောက်ခံမှုများရရှိခဲ့သည်။

သမ္မတဘိုင်ဒန်အစိုးရသည် ယခင်နှစ်များက အမေရိကန်အစိုးရနှင့် ညှိနှိုင်းမှုတွင် အချင်းချင်း သဘောထားကွဲလွဲမှုများကြောင့် ဒူတာတေးက ပယ်ဖျက်ရန် ကြိုးပမ်းခဲ့သည့် အရေးပါသည့် ကာကွယ်ရေးဆိုင်ရာ သဘောတူညီ ချက်မရှိခြင်းကို ယခင်က သတိပေးခဲ့သည်။ ထိုသို့ ပယ်ဖျက်လိုက်လျှင် အမေရိကန် စစ်ဌာနချုပ်သည် ဇူလိုင်လအကုန်တွင် တပ်ဖွဲ့များကို ပြန်လည်ခေါ်ဆောင်ရမည်ဖြစ်သည်။ ဖိလစ်ပိုင် နိုင်ငံသည်လည်း တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ထိတ်လန့် ဖွယ်စိန်ခေါ်နေခြင်းကို အပြည့်အဝ ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။

အမေရိကန်အစိုးရသည် ယင်း၏ ကြားဖြတ်အမျိုးသားလုံခြုံရေးမဟာဗျူဟာစာတမ်းတွင် မဟာမိတ် နိုင်ငံများစာရင်းက ဖိလစ်ပိုင်ကို ဖယ်ထုတ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အမေရိကန်စစ်ဌာနချုပ်သည် အရှေ့ တောင်အာရှ မိတ်ဖက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ ပြောကြားထားသည်။

နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှုသည့်အနေဖြင့် သမ္မတဘိုင်ဒန်သည် ဖိလစ်ပိုင်သမ္မတကို မကြာသေးမီက ဖုန်းဆက်ခဲ့ပြီး ယခုနှစ် နှောင်းပိုင်းတွင် လူချင်းတွေ့ဆုံရန် ပြောကြားခဲ့သည်။ သမ္မတနှစ်ဦးသည် ဒီဇင်ဘာလတွင် ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် တွေ့ဆုံကြဖွယ်ရှိသည်။

နှစ်နိုင်ငံကာကွယ်ရေးစာချုပ် ချုပ်ဆိုခြင်း ရ၅ နှစ်ပြည့်အထိမ်းအမှတ် ကျင်းပရန် ဆောင်ရွက်နေပြီး ခပ်တန်းတန်း ဖြစ်နေသည့် မဟာမိတ်များ၏ ပြန်လည်ပေါင်းစည်းရေးတစ်ခုအဖြစ် အရှိန်မြှင့် ဆောင်ရွက်မှုများ တိုးပွားလာနေသည်။

VFA စာချုပ်သည် နှစ်နိုင်ငံကာကွယ်ရေးစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး မဟာဗျူဟာတစ်ရပ်လုံး၏ တစ်စိတ်တစ်ဒေသဖြစ်နေ သောကြောင့် သမ္မတဒူတာတေးအနေဖြင့် VFA ကို သက်တမ်းတိုးမည်ဟု မျှော်လင့်နေကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Jose Manual “Babe” Romualdez က မကြာခင်က ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

မိမိတို့နှင့် အမေရိကန် ဆက်ဆံရေးသည် ကာလအတော်ကြာမြင့်ခဲ့ပြီး သံတမန်ဆက်ဆံရေးမှာ နှစ်ပေါင်း ရ၅ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံကာကွယ်ရေး စာချုပ်သည်လည်း နှစ်ပေါင်း ရ၀ သက်တမ်းရှိခဲ့ပြီဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ပြီး ပြီးခဲ့သည့် နှစ်များတွင် ဘိုင်ဒန်ဦးဆောင်သည့် အမေရိကန်အစိုးရ၏ ဖိလစ်ပိုင်နိုင်ငံကို ပေးအပ်သည့် အကူအညီများကိုလည်း အလေးထားပြောကြားခဲ့ပြီး ယင်းတို့အနက် အရှေ့ တောင်အာရှနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး အမြောက်အမြား လှူဒါန်းမှုလည်း အပါအဝင်ဖြစ်သည်။

သမ္မတ ဒူတာတေးအစိုးရသည်လည်း မဟာဗျူဟာမြောက် တွက်ချက်မှုတွင် နှစ်နိုင်ငံဆက်ဆံရေးကို စံချိန်ကိုက် ပြန်လည်ချိန်ညှိမည့် အလားအလာကို ညွှန်းဆိုခဲ့သည်။ “သမ္မတသည် ပြဿနာကို ပြန်လည်စဉ်းစားနေပြီး ပိုမို ကျယ်ပြန့်သည့် ဆန်းစစ်သုံးသပ်ချက် မူဘောင်ရှိကြောင်း” သမ္မတပြောရေး ဆိုခွင့်ရှိသူ Harry Roque ကပြော ခဲ့သည်။ ပြည်တွင်းရှိ ပြည်သူများ၏ ဖိအားပေးမှုများအကြား နောက်နှစ်တွင် ကုန်ဆုံးမည့်၎င်း၏ အစိုးရ သက်တမ်းမတိုင်မီ အမေရိကန်နှင့် ပြန်လည်ဆက်ဆံရေး ဆောင်ရွက်သွားရန် သမ္မတက သုံးသပ်နေသဖြင့် စိတ်ရှည်စွာ သည်းခံစောင့်ဆိုင်းကြရန်လည်း ၎င်းကတောင်းဆိုထားသည်။

မေမိုး
(Asia Times တွင် ဖော်ပြထားသော ‘Southeast Asian countries edging closer to the US’ by RICHARD JAVAD HEYDARIAN ကို မြန်မာပြန်ဆိုပါသည်။)

ဗီဒီယိုများ