တစ်စစ ပီပြင်လာနေသည့် မြန်မာ့ကပ်ဆိုးကြီး

တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အခြားသော မြန်မာ့အိမ်နီးချင်း နိုင်ငံများသည် မြန်မာဘက်မှ ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များကို လက်ခံပေးရန် ဖိအားပေးခံကြရပြန်ဦးမည် ဖြစ်သလို မြန်မာနယ်စပ်တလျှောက် တရားဥပဒေ ကင်းမဲ့မှု၊ အကြမ်းဖက်မှုနှင့် ထင်ရာစိုင်းမှုများ ကြီးထွားလာနိုင်ခြေကို တွက်ဆထားရတော့မည်။ ဒေသတစ်ခုလုံးလည်း တည်ငြိမ်မှု လျော့နည်းလာတော့မည်ဖြစ်ကာ ယခုအထိ မြန်မာ့အုပ်ချုပ်သူအသစ်ကို အလေးထား ထိန်းညှိမှု မဖြစ်စလောက်သာ ရှိသေးသည့် အာဆီယံ အဖွဲ့ကြီး၏ ဂုဏ်သိက္ခာသည်လည်း ကျဆင်းရတော့မည် ဖြစ်သည်။

By Foreign Desk 28 Apr 2021

DMG ၊ ဧပြီ ၂၈
(ဘာသာပြန်ဆောင်းပါး)

မြန်မာနိုင်ငံတွင် တပ်မတော်အာဏာရယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ လက်ရှိအချိန်အထိ လူ ရာပေါင်းများစွာ သေဆုံးခဲ့ရပြီဖြစ်သည်။ တပ်မတော်သည် အရပ်သားအစိုးရကို ဖြုတ်ချကာ နိုင်ငံရေး ခေါင်းဆောင်များကိုလည်း ဖမ်းဆီးထားသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် နိုင်ငံတစ်ဝန်းတွင် ကလေးသူငယ်များ အပါအဝင် လက်နက်မဲ့ အရပ်သား သေဆုံးသူစုစုပေါင်း ၈၀၀ နီးပါး ရှိနေပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ထိတ်လန့်ချောက်ချားဖွယ် ပုံရိပ်များသည်လည်း ကမ္ဘာမီဒီယာများတွင် ပျံ့နှံ့နေသလို တစ်ချိန်က မျှော်လင့်ချက်များဖြင့် ပြည့်နေခဲ့သည့် မြန်မာ့အနာဂတ်သည် အမှောင်တိုက်ထဲ ဝင်ရောက်နေသည်ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေရပြီ ဖြစ်သည်။

မြန်မာ့အိမ်နီးချင်း နိုင်ငံများအပါအဝင် အစိုးရများသည် မြန်မာ့အကျပ်အတည်း၏ အတိမ်အနက်ကို အပြည့်အဝ နားလည်အလေးထားပုံ မရပေ။ နိုင်ငံခြားရေးဌာနများနှင့် ပြည်ပမှ လေ့လာသူ အများအပြားမှာ တလွဲဆံပင်ကောင်း ဖြစ်နေ၊ ကံစီမံရာဟု ယူဆနေကြသူများသာ ဖြစ်နေကြသည်။ သူတို့သည် လူသားချင်း စာနာထောက်ထားမှု နည်းပါးသလို စစ်တပ်ကို ဆန့်ကျင်နေသည့် ဧရာမ လူထုလှုပ်ရှားမှုကြီးကိုလည်း မျက်ကွယ်ပြုထားကြသည်။ အာဆီယံအဖွဲ့ကြီးက ၎င်း၏အဖွဲ့ဝင် မြန်မာအပေါ် သြဇာသက်ရောက်နိုင်စွမ်းကို လျှော့တွက်ကာ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုကြောင့် မြန်မာ့မူဝါဒကို ထိန်းညှိပေးနိုင်မည်မဟုတ် ဟုသာ လက်ခံထားကြသည်။

ကျင့်ဝတ်ပိုင်း သံသယဖြစ်စရာများအပြင် မြန်မာ့ဖြစ်ရပ်အပေါ် အရှိအတိုင်း လက်တွေ့ကျကျ နားမလည်ဘဲ အန္တရာယ်ကြီးစွာဖြင့် လမ်းလွဲလိုက်နေကြသလို ဒေသတွင်း လုံခြုံရေးအတွက်လည်း ရေရှည်အမြော်အမြင် အားနည်းမှုများ ရှိနေကြသည်။ မြန်မာသည် ဒီမိုကရေစီလမ်းကြောင်းမှ နောက်ပြန်ဆုတ်သွားသည် သာမက အာရှတွင်း အချက်အချာကျသည့် နေရာ၏ ကျဆုံးနိုင်ငံအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲနေသည်ကို မြင်တွေ့နေရသည်။

လိုအပ်နေသည်မှာ အားရကျေနပ်နေရန် မဟုတ်ဘဲ အရေးပေါ်တုံ့ပြန်ရန် ဖြစ်သည်။ ပင်မ အင်အားကြီးနိုင်ငံများသည် ၎င်းတို့၏ ပထဝီနိုင်ငံရေး အားပြိုင်မှုများကို ဘေးချိတ်ထားရန် လိုအပ်သလို အာဆီယံအဖွဲ့ကြီး သည်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ဦးဆောင်ကာ ပစ်ခတ်သတ်ဖြတ်မှုများ ရပ်ဆိုင်းပြီး လူထုတောင်းဆိုနေသည့် ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်လည် လျှောက်လှမ်းရန် တပ်မတော်ကို တောင်းဆိုခြင်းသာမက ဖိအားပေးမှုပါ ဆောင်ရွက်နိုင်သည့် မူဝါဒတစ်ရပ်ကို ညှိနှိုင်း အကောင်အထည် ဖော်သင့်သည်။

ဆီးရီးယားပုံစံသစ်

မြန်မာသည် စစ်အုပ်ချုပ်ရေးအောက်တွင် ယိုယွင်းပျက်စီးမှုကို ရာစုနှစ်ထက်ဝက်ခန့် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ စစ်အုပ်ချုပ်ရေး သံသရာသည် ၁၉၆၂ အာဏာသိမ်းမှုဖြင့် စတင်ကာ ၁၉၈၈ အာဏာသိမ်းမှုဖြင့် တစ်ကျော့ပြန် အားသစ်လောင်းခဲ့သည်။ ရလဒ်အဖြစ် နိုင်ငံသည် နိုင်ငံရေးအရ ရက်စက်စွာဖိနှိပ်မှု၊ စီးပွားရေးကျဆင်းမှု၊ ပြည်တွင်းအကွဲအပြဲ ကြီးမားလာမှုနှင့် ပြည်ပနိုင်ငံများသို့ အစုလိုက်အပြုံလိုက် ထွက်ခွာမှုများ ရင်ဆိုင်ခဲ့ရသည်။

လက်ရှိအာဏာသိမ်းမှု၏ အကျိုးဆက်ကား ယခင်အတိတ် ဖြစ်ရပ်များထက် ပိုမို ဆိုးဝါးပြင်းထန်ဦးမည် ဖြစ်သည်။ ဖေဖော်ဝါရီလတည်းက တစ်ခဲနက် ပေါ်ထွက်ခဲ့သည့် ပြည်သူလူထု၏ အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုကြောင့် နိုင်ငံ၏စီးပွားရေး၊ အစိုးရလုပ်ငန်းဌာနများနှင့် ပြည်သူ့ဝန်ဆောင်မှုများ၊ နိစ္စဓူဝ ကိစ္စရပ်အများအပြားသည် ထိထိရောက်ရောက် ရပ်ဆိုင်းသွားသည်။

မြန်မာလူထုသည် သူတို့၏ ကံကြမ္မာအတွက် ငြိမ်ခံနေမည်မဟုတ်ကြောင်း ပြသသည့်အနေဖြင့် သူတို့၏ဘဝများကို ရင်းကာ နေ့စဉ်နှင့်အမျှ လမ်းမပေါ်ထွက်၍ ဆန္ဒဖော်ထုတ်လျက်ရှိသည်။

စစ်အုပ်ချုပ်ရေး တစ်ကျော့ပြန် လည်လာပါက သူတို့၏အနာဂတ် မည်ကဲ့သို့ဖြစ်သွားမည်ကို ပြည်သူလူထုသည် စိတ်မချမ်းမြေ့ဖွယ် အတွေ့အကြုံများမှတစ်ဆင့် သင်ယူထားကြပြီးဖြစ်သည်။

မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ကို ကိုးကွယ်နေရမည့် မည်သည့်နိုင်ငံရေးစနစ်မျိုးကိုမဆို လူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြသည်။ စစ်တပ်က အကြမ်းဖက် ဖိနှိပ်လေ လူထု၏ ခုခံမှုလည်း နေ့စဉ်နှင့်အမျှ ပြင်းထန်လေ ဖြစ်လာနေသည်။

လမ်းပေါ်ထွက် ဆန္ဒပြသူ အများစုမှာ လူငယ်များဖြစ်သည်။ သူတို့သည် ၂၀၁၁ နောက်ပိုင်း ဆယ်စုနှစ်တစ်ခုစာ ကြာမြင့်ခဲ့သည့် ဒီမိုကရေစီအရွေ့ ကာလ၌ လွတ်လပ်မှုအရသာကို မြည်းစမ်းဖူးထားကြသည်။ တစ်ချိန်က လူကြီးမျိုးဆက်များ ငေးမောရုံသာ တတ်နိုင်ခဲ့သည်များကို သူတို့လက်ထက်တွင် လက်တွေ့မျှော်လင့်လာကြသည်။ ရက်ရက်စက်စက်ဖိနှိပ်မှုများ ရင်ဆိုင်ရသော်လည်း သူတို့သည် ပုံစံအမျိုးမျိုးဖြင့် ခုခံတော်လှန်နေကြဦးမည် ဖြစ်သည်။

ဥပမာပြောရလျှင် လူငယ်အများအပြားသည်  မြန်မာစစ်တပ်ကို တော်လှန်နိုင်မည့် “ဖက်ဒရယ်တပ်မတော်” ထူထောင်ရေးအတွက် တိတ်တဆိတ် စစ်သင်တန်း တက်ရောက်နေကြခြင်းမျိုး ရှိသည်။ လက်နက်အပြည့်အစုံ ရှိသော စစ်တပ်ကို ခုခံတော်လှန်နိုင်ခြေမှာ သူတို့အတွက် အခွင့်အရေး နည်းပါးလှသည်။ သို့သော် နိုင်ငံတစ်ဝန်း ခုခံမှုများကတော့ အချိန်အကန့်အသတ်မရှိ ဆက်လက်ဖြစ်ပေါ်နေဦးမည်။

မြန်မာစစ်တပ်ဘက်ကို ကြည့်လျှင်လည်း နောက်ပြန်ဆုတ်မည့် အရိပ်လက္ခဏာ မတွေ့ရပေ။ မြန်မာ့အသိုင်းအဝိုင်းတွင် စစ်တပ်သည် သာမန်ထက် ထူးခြားသာလွန်သည့် အဖွဲ့အစည်းဖြစ်သည် ဟူသောယုံကြည်ချက်ကို တပ်ဖွဲ့ဝင်များအကြား ဝါဒဖြန့်ချိထားနိုင်ခြင်းကြောင့် တပ်မတော်သားများအား ကျိုးကြောင်းဆီလျော်မှု၊ ဆွဲဆောင်သိမ်းသွင်းမှုတို့ဖြင့် စည်းရုံး၍ ရနိုင်မည့်ပုံမပေါ်ပေ။ အခြားနိုင်ငံများတွင် ဆိုလျှင် စစ်တပ်ကို အုပ်ချုပ်သူ အာဏာရှင်များမှ ခွဲထုတ်လိုက်ခြင်းဖြင့် လူထုလှုပ်ရှားမှုများ အောင်မြင်သွားခြင်း ရှိကောင်းရှိမည်။

ကျယ်ပြောသော ဆန့်ကျင်မှုများ ရင်ဆိုင်နေရသည့် တပ်မတော်ခေါင်းဆောင်ပိုင်းသည် သူတို့သိထားသည့် တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်သည့် အကြမ်းဖက်ဖြိုခွင်းခြင်း ကိုသာ အသုံးပြုလိမ့်မည်။ စစ်တပ်သည် နိုင်ငံနယ်စပ်ရှိ လူနည်းစုတိုင်းရင်းသား ဒေသများတွင် ဖြိုခွင်းဖျက်ဆီးမှုများကို ဆယ်စုနှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သဖြင့် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်အဖြစ် ရှိနေခဲ့သည်။ ဤကဲ့သို့ သတ်ဖြတ်နှိမ်နင်းမှုများ၏ ရလဒ်ကတော့ ရှင်းသည်။ စီးပွားရေးနှင့် လူမှုရေး ဖွတ်ဖွတ်ညက်ညက် ပျက်စီးသွားခြင်း၊ ပြည်တွင်း အကွဲအပြဲ  ပိုမိုနက်ရှိုင်းလာခြင်း၊ လူအမြောက်အများ အတိဒုက္ခ ခံစားရခြင်းနှင့် ဒုက္ခသည်အများအပြား နိုင်ငံမှ ထွက်ပြေးကြရခြင်း တို့ဖြစ်ကြသည်။

လက်ရှိကြုံနေရသည့် ပြဿနာကြီးကတော့ မြန်မာနိုင်ငံကို ပိုမိုပျက်စီးပြီး အထီးကျန်သွားစေဦးမည် ဖြစ်သည်။ မြန်မာစစ်တပ်သည် လူသတ် အကျဉ်းချမှုများ ဆက်လက် ကျူးလွန်နေဦးမည်။ အခြေခံ ဝန်ဆောင်မှုများဖြစ်သော ဘဏ်လုပ်ငန်း၊ ကျန်းမာရေး၊ အစိုးရရုံးဌာနများလည်း ပြိုလဲသွားလိမ့်မည်။ ကိုဗစ်-၁၉ ဒဏ်ကြောင့် ထောင်းထောင်းကြေနေသည့် မြန်မာ့စီးပွားရေးလည်း ပြိုလဲသွားမည်။ ပြည်ပမှ အဓိကရင်းနှီးမြှုပ်နှံသူများ သည်လည်း အကြီးအကျယ် ဂုဏ်သိက္ခာကျဆင်း၊ ဘဏ္ဍာရေးအကျပ်အတည်းများ ရင်ဆိုင်ရမှုကြောင့် နိုင်ငံမှ ထွက်ခွာရခြင်း သို့မဟုတ် မြန်မာကို ရှောင်ကြဉ်ကြခြင်းမျိုး ဖြစ်လာလိမ့်မည်။

တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အခြားသော မြန်မာ့အိမ်နီးချင်း နိုင်ငံများသည် မြန်မာဘက်မှ ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များကို လက်ခံပေးရန် ဖိအားပေးခံကြရပြန်ဦးမည် ဖြစ်သလို မြန်မာနယ်စပ်တလျှောက် တရားဥပဒေ ကင်းမဲ့မှု၊ အကြမ်းဖက်မှုနှင့် ထင်ရာစိုင်းမှုများ ကြီးထွားလာနိုင်ခြေကို တွက်ဆထားရတော့မည်။ ဒေသတစ်ခုလုံးလည်း တည်ငြိမ်မှု လျော့နည်းလာတော့မည်ဖြစ်ကာ ယခုအထိ မြန်မာ့အုပ်ချုပ်သူအသစ်ကို အလေးထား ထိန်းညှိမှု မဖြစ်စလောက်သာ ရှိသေးသည့် အာဆီယံ အဖွဲ့ကြီး၏ ဂုဏ်သိက္ခာသည်လည်း ကျဆင်းရတော့မည် ဖြစ်သည်။

အာဏာသိမ်းမှုကြောင့် မြန်မာ့ပုံစံသည် ဟွန်ဆန်လက်အောက်ရှိ ကမ္ဘောဒီးယား သို့မဟုတ် ၂၀၁၄ အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းနိုင်ငံတို့ကဲ့သို့ သက်ဦးဆံပိုင်စနစ်မျိုးသို့ ပြောင်းလဲမှုထက် ထိန်းမနိုင်သိမ်းမရ ပြိုလဲပျက်စီးမှုများ၊ အုပ်ချုပ်သူများနှင့် လူတန်းစားစုံလင်သည့် နိုင်ငံသားများအကြား ညှိနှိုင်း၍မရတော့သည့် အကွဲအပြဲများ ရှိနေသော ဆီးရီးယားကဲ့သို့သာ ဖြစ်သွားနိုင်ခြေ ပိုများသည်။

အပြန်အလှန် ဖဲကြဉ်စိမ်းကားမှုများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာနေသည်။ ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ လောဘ၊ ခေါင်းမာမှု၊ အကြောက်တရားနှင့် ရည်မှန်းချက်များကြောင့် အထီးကျန်လျက်ရှိသည်။ သူတို့စတင်လိုက်သည့် လုပ်ရပ်အား ကာလရှည်ကြာ ခုခံတွန်းလှန်မှု ရှိနေသည်ကိုလည်း အံ့သြကောင်း အံ့သြနေကြပေမည်။ ဆီးရီးယားသမ္မတ အာဆတ်နှင့် သူ၏ အပေါင်းအပါများ ကဲ့သို့ပင် တပ်မတော်ခေါင်းဆောင်များသည်လည်း သူတို့ကိုယ်သူတို့ ကယ်တင်ရန် နိုင်ငံကို ဖျက်ဆီးရမည် ဆိုလျှင်တောင်မှ သူတို့၏ လက်ရှိရေစီးကြောင်းမှ နောက်ပြန်လှည့်ရန် အလွန်ခက်ခဲသွားပြီဆိုသည်ကို သဘောပေါက်လာနိုင်သည်။

စိတ်ရှည်သည်းခံခြင်း၏ မိုက်မဲမှု

ယခုကဲ့သို့ အခြေအနေမျိုး၌ ကာလရှည်ကြာ သည်းခံစောင့်ဆိုင်းရန် တောင်းဆိုသည့် ချဉ်းကပ်မှုမျိုးသည် လက်တွေ့မကျတော့ပေ။ ဗျူဟာမဲ့မှုနှင့် ကိုယ်ကျင့်သိက္ခာပိုင်း အမြင်ကင်းမဲ့မှုမျိုးသာ ဖြစ်နိုင်သည်။ မြန်မာနိုင်ငံ ပြိုလဲပြီး မတည်ငြိမ်မှုက ဒေသတစ်ခုလုံးကို ရိုက်ခတ်လာလျှင် အိမ်နီးချင်းနိုင်ငံများ အနေဖြင့် စိတ်ရှည်သည်းခံနေရန် မဖြစ်နိုင်တော့ပေ။ အခြေအနေ ပိုဆိုးမလာမီ ထိန်းသိမ်းရန် စဉ်းစားရတော့မည်ဖြစ်သည်။

ထိုကဲ့သို့သော ဆန္ဒမျိုးအတွက် ဆိုလျှင် အစဉ်အလာအရ ကိုယ်ကျိုးစီးပွား တွက်ချက်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ မူဝါဒအရ ဆုတ်လွယ်တက်လွယ် အနေအထားမျိုး ကိုင်စွဲထားမှုကို ကျော်လွန်စဉ်းစားခြင်းမျိုး လိုအပ်သလို ကြားဝင်မစွက်ဖက်ရေး ဟူသည့် အသုံးမဝင်တော့သော ဆေးမြီးတိုကိုလည်း စွန့်လွှတ်ရတော့မည် ဖြစ်သည်။ မဟာဗျူဟာ ပြိုင်ဆိုင်မှုအပေါ် အခြေခံပြီး ချမှတ်ထားသည့် မူဝါဒများဖြင့် မြန်မာကိုဆက်ဆံလေ့ရှိသည့် အင်အားကြီးနိုင်ငံများသည် ၎င်းတို့၏ စဉ်းစားပုံများကို ပြောင်းလဲရတော့မည်။ မြန်မာနှင့် ဒေသတစ်ခုလုံးအတွက် ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူးများ ရရှိရန် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာကြံရတော့မည် ဖြစ်သည်။

ဤလမ်းကြောင်းကို အာဆီယံက ဦးဆောင်ရမည်။ မြန်မာစစ်တပ်အား လက်ရှိထွက်ပေါက်မဲ့ မြန်မာ့အနေအထား အတွက် ဆွေးနွေးအဖြေရှာရန် စားပွဲဝိုင်းသို့ ဖိတ်ခေါ်ခြင်းသာ ဖြစ်ပြီး အုပ်ချုပ်သူအဖြစ် တရားဝင် အသိအမှတ်ပြုခြင်း မဟုတ်ကြောင်းကို အာဆီယံအဖွဲ့ကြီးက ရှင်းရှင်းလင်းလင်း ပြသထားသင့်သည်။ အာဆီယံသည် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန် အပါအဝင် အခြားနိုင်ငံများနှင့်ပါ ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန် ဆွေးနွေးမှုများ ဆောင်ရွက်ကာ ရှင်းလင်းပြတ်သားသည့် စုပေါင်းသဘောထားကို မြန်မာစစ်တပ်အား အသိပေးသင့်သည်။

တပ်မတော်အနေဖြင့် အကြမ်းဖက်မှုကို ရပ်တန့်ပြီး ရွေးကောက်ခံ မြန်မာ့ခေါင်းဆောင်များနှင့် ပွင့်လင်းသော ဆွေးနွေးမှုများ ဆောင်ရွက်ရန် သဘောမတူပါက တပ်မတော်နှင့် ဆက်စပ်နေသည့် ဘဏ်၊ ကျောင်း၊ ဆေးရုံနှင့် အခြားအထောက်အပံ့များကို ဖြတ်တောက်မည်ဟူသည့် ယုံကြည်လောက်သည့် ခြိမ်းခြောက်မှုဖြင့် အာဆီယံဘက်က ဆောင်ရွက်ရမည် ဖြစ်သည်။

ထိုအချက်များ မဆောင်ရွက်မီ ပြင်ပအင်အားကြီး နိုင်ငံများသည် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ဆောင်ရွက်ရန် အလေးထား စဉ်းစားသင့်သလို မြန်မာအားနိုင်ငံတကာက လက်နက်ရောင်းချခြင်းကိုလည်း တားမြစ်သင့်သည်။ မြန်မာပြည်သူလူထုကို ကူညီထောက်ပံ့မှုများ တောက်လျှောက်ပေးရန်လည်း အထူးအရေးကြီးသည်။

မြန်မာစစ်တပ်သည် ရွေးကောက်ခံကိုယ်စားလှယ်များ လွှတ်တော်မတက်ရောက်နိုင်အောင် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တားမြစ်ခဲ့သည်။ ထိုကိုယ်စားလှယ်များသည် ပြည်သူ့အစိုးရတစ်ရပ်ကို ဖွဲ့စည်းထားကြသည်။ သူတို့သည် မြန်မာလူထု၏ တရားဝင် ကိုယ်စားလှယ်များ ဖြစ်ကြသဖြင့် အမေရိကန်နှင့် အင်ဒိုပစိဖိတ် နိုင်ငံများသည် သူတို့ကို အသိအမှတ်ပြု လက်ခံသင့်သည်။

အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်း အင်အားဖြင့် မြန်မာစစ်တပ်အပေါ် တွန်းအားပေးရန် အကန့်အသတ်ရှိသည်။ သို့သော်လည်း ဘိုင်ဒန်အစိုးရသည် တပ်မတော်အပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူခြင်း၊ ဖိနှိပ်ခံနေရသည့် နိုင်ငံရေးခေါင်းဆောင်များနှင့် လူထုခေါင်းဆောင်များကို ထောက်ခံအားပေးခြင်းများ ဆောင်ရွက်ပြီး မဟာမိတ်များအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကို စုစည်းကာ ဦးဆောင်ဦးရွက် ပေးနိုင်ရမည်ဖြစ်သည်။

ဘိုင်ဒန်အစိုးရအနေဖြင့် အင်ဒိုပစိဖိတ် နိုင်ငံများနှင့် မူဝါဒများ ညှိနှိုင်းဆောင်ရွက်ရန် အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ပြီး မြန်မာ့အကျပ်အတည်းအား အလျင်အမြန် ဖြေရှင်းရန်လိုအပ်မှုနှင့် အရေးပါမှုကို မီးမောင်းထိုး ထောက်ပြနိုင်သည်။ ယခုကဲ့သို့ အရေးပါသည့် ကိစ္စရပ်မျိုးတွင် အမေရိကန်နိုင်ငံက သံတမန်တစ်ဦး ခန့်အပ်ခြင်း၏ သရုပ်သကန်နှင့် လက်တွေ့အကျိုးသက်ရောက်မှုကို အစားထိုးနိုင်မည့် လုပ်ရပ် မရှိပေ။

လက်ရှိ မြန်မာ့အကျပ်အတည်းအပေါ် အာဆီယံအဖွဲ့က သူတို့၏ သမားရိုးကျ ကန့်သတ်ချက်များအား ကျော်လွန် ဖြေရှင်းမည်ဟု မျှော်လင့်ခြင်းသည် စိတ်ကူးယဉ်မှုမျှသာ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မည်။ အာဆီယံက တစ်ဖွဲ့လုံး အတိုင်းအတာဖြင့် မဆောင်ရွက်နိုင်ပါက အဖွဲ့ဝင်နိုင်ငံများက တစ်သီးပုဂ္ဂလ ဖြေရှင်းပေးသင့်သည်။

လက်ရှိ အာဆီယံဥက္ကဌ ဘရူနိုင်းနှင့်အတူ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံက အဖြစ်အပျက်များအတွက် စိုးရိမ်ကြောင်း လူသိရှင်ကြား ပြောကြားထားကြသည်။ ထိုနိုင်ငံများ အနေဖြင့် တသီးပုဂ္ဂလ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် အချင်းချင်း ချိတ်ဆက်ညှိနှိုင်းသင့်သည်။ ထိုနိုင်ငံများ၏ အစိုးရများသည် မြန်မာ့အရေးနှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရန် အဆင်မပြေမှုများ ရှိကောင်းရှိမည်။ သို့သော်လည်း သူတို့၏ လုပ်ရပ်များက စကားပြောလာမည် ဖြစ်သည်။

မြန်မာနိုင်ငံသစ်

မြန်မာအပေါ် စိတ်ရှည်သည်းခံရန်နှင့် အရေးယူမှု မလုပ်ရန် ပြောသူများက မြန်မာနိုင်ငံသည် နောက်ပြန်ဆုတ်မရတော့သည့် အနေအထားသို့ ရောက်သွားပြီဖြစ်ကာ ပျက်စီးဆုံးရှုံးမှု အလွန်ကြီးမားသလို စစ်တပ်နှင့် ပြည်သူအကြား အကွဲအပြဲသည်လည်း စေ့စပ်ညှိနှိုင်း၍ မရနိုင်တော့သည်အထိ ကွာဟသွားပြီဟု စောဒကတက်ကြသည်။ သို့သော်လည်း မျှော်လင့်ချက်ပြည့်ဝသော မြန်မာနိုင်ငံတော်သစ် တစ်ခုအတွက်  အခြေခံအုတ်မြစ်များ ထင်ရှားနေပြီဖြစ်ကြောင်းကို အာဏာသိမ်းမှုအား လူထု၏ ဆန့်ကျင်ဆန္ဒပြမှုများက ပြသနေကြသည်။

မြန်မာစစ်တပ်၏ အညှာအတာမဲ့ ရက်စက်ကြမ်းကြုတ်မှုများကို လက်ရှိအချိန်၌ တောက်လျှောက် ကြုံလာရသောအခါ လူများစု ဗမာတိုင်းရင်းသားများသည် လူနည်းစုတိုင်းရင်းသားများ ဆယ်စုနှစ်များစွာ ဒုက္ခခံခဲ့ရသည့် အကြမ်းဖက်မှုများနှင့် တရားလက်လွတ်မှုများအပေါ် နားလည် သဘောပေါက်လာကြသည်။ ဤကဲ့သို့ တိုင်းရင်းသားများအကြား စည်းလုံးလာမှုသည် မြန်မာ့ ရေရှည်ငြိမ်းချမ်းရေးနှင့် ပြည်လည်သင့်မြတ်ရေးအတွက် အခြေခံအုတ်မြစ်များ ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဤ အချိန်အခါကို အရယူပြီး စစ်တပ်က အလျှော့ပေးလာအောင်နှင့် နိုင်ငံ့အနာဂတ်အတွက် တိုင်းရင်းသားများအကြား ခိုင်မာသည့် ဆွေးနွေးမှုများ ပိုမိုထွက်ပေါ်လာအောင် အထူးအားစိုက် ဆောင်ရွက်သင့်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ ထွက်ပေါက်မဲ့အနေအထား အတွက် လွယ်ကူသော သို့မဟုတ် ရှင်းလင်းသော အဖြေများ မရှိပေ။ အာဏာမသိမ်းမီက NLD နှင့် တပ်မတော်အကြား ရှိခဲ့သော ယိုင်နဲ့နဲ့ ဆက်ဆံရေးသို့ ပြန်သွားရန်လည်း ဤအခြေအနေ၌ မဖြစ်နိုင်ပေ။ သေချာသည့် အချက်မှာ မြန်မာစစ်တပ်၏ နိုင်ငံတွင်း လက်တံရှည်ရှည်ဖြင့် ဖြန့်ကြက်နိုင်မှုကို ကြည့်ခြင်းအားဖြင့် အနာဂတ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် စစ်တပ်သည် အစိတ်အပိုင်းတစ်ရပ်အဖြစ် ရှိနေဦးမည်ဖြစ်သည်။

သို့သော်လည်း စစ်တပ်မရှိလျှင် နိုင်ငံပြိုလဲသွားမည်ဟူသည့် တပ်မတော်၏ ပြောကြားချက်ကိုမူ လေ့လာသူများအနေဖြင့် လက်မခံသင့်ပေ။ တကယ်တမ်း ပြောရလျှင် မြန်မာပြည်၏ မြို့ကြီးများတွင် ယခု ဖြစ်ပေါ်နေသည့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအား စစ်တပ်သည် တိုင်းရင်းသားနယ်မြေများတွင် ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ကာ အကွဲအပြဲများ ဖန်တီးနေခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့် ၁၀ နှစ်တာအတွင်း လက်နက်ကိုင်အုပ်စု တစ်ပုံတစ်ခေါင်းအကြား အကဲဆတ်လှသည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည် အရပ်သားထိန်းချုပ်မှုထက် ကျော်လွန်ဆောင်ရွက်နိုင်သည့် စစ်တပ်၏ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်ကြောင့် အဟန့်အတားများ ရင်ဆိုင်ခဲ့ရသည်။ သဘောတူညီမှုများ ရရှိလာချိန်၌လည်း တပ်မတော်ဘက်က လိုက်နာရန် ပျက်ကွက်ခဲ့သည်။ ရလဒ်အဖြစ် လက်နက်ကိုင် အုပ်စု အများအပြားသည် အာဏာသိမ်းပြီးပြီးချင်း စစ်တပ်နှင့် ဆက်ဆံရေး ပြန်လည်တင်းမာခဲ့ပြီး အသစ်ဖွဲ့စည်းလိုက်သည့် အရပ်သားအစိုးရနှင့် မဟာမိတ်ဖြစ်လာခဲ့သည်။ မြန်မာအတွက် မည်သည့်အဖြေမျိုး ထွက်လာသည်ဖြစ်စေ လူထုကတောင်းဆိုနေသည့် နိုင်ငံတော်လုံခြုံရေးကို အရပ်သား ထိန်းချုပ်မှုအောက်တွင် ထားရှိရန်နှင့် အရပ်သားအစိုးရကို စစ်တပ်က ဝင်ရောက်မနှောင့်ယှက်ရန် ဟူသော အချက်များကို စစ်တပ်ဘက်က အသိအမှတ်ပြု လိုက်နာရန် လိုအပ်သည်။

မြန်မာ့ပြဿနာအား ကံစီမံရာအတိုင်း ပုံအပ်ထားလိုက်ခြင်းသည် နည်းလမ်းမဟုတ်ပေ။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဆောင်ရွက်လိုသည့် ဆန္ဒ ရှိရမည်။ သင့်တော်သည့် အရင်းအမြစ်များ အသုံးပြုရမည်။ သွေးချောင်းစီးမှုကို ရပ်တန့်ရန် လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်ကာ လက်ရှိ ပြဿနာကို အဆုံးသတ်နိုင်အောင် ကူညီရမည်ဖြစ်သည်။

ရဲရင့်သည့် မြန်မာပြည်သူများသည် သူတို့၏ ပိုင်ဆိုင်မှုများကို စတေးကာ နိုင်ငံအား ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အားယူခဲ့သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ ပြန်လည်ဆွဲတင်နေကြသည်။ အင်အားနှင့် သြဇာရှိသည့် ပြည်တွင်းပြည်ပ အစိုးရများ အနေဖြင့်လည်း ပုံစံတူ ရဲရင့်မှုဖြင့် ပြည်သူများကို ထောက်ခံအားပေးသင့်သည်။ သို့မဟုတ်ပါက မြန်မာနိုင်ငံကို ကမ္ဘာကြီးအတွက် အရှက်ရစရာ လူမှုဘဝ ကပ်ဘေးကြီးအဖြစ် သာမက အရေးပါသော ဒေသတစ်ခု၏ ဗဟိုချက်မတွင် ရှိနေသည့် ကျရှုံးနိုင်ငံတစ်ခု အဖြစ်ပါ မြင်တွေ့လာကြရမည် ဖြစ်သည်။

Foreign Affairs ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် “The Looming Catastrophe in Myanmar” ကို ကောက်နုတ် ဘာသာပြန်ပါသည်။
ဆောင်းပါးရှင် ဒဲရစ်ဂျေမစ်ချယ်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် National Democratic Institute အဖွဲ့၏ ဥက္ကဌဖြစ်သည်။ (ဓာတ်ပုံ - Reuters)

ဗီဒီယိုများ