မြန်မာနိုင်ငံ၏ လူထုတိုက်ပွဲ အလားအလာ (၁)

PDF များဘက်ကလည်း ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်လျှင်တောင် ပြန်တိုက်နိုင်အောင် ကြိုးစားခြင်းများ ရှိပြီး  မကြာခဏဆိုသလို ကိုယ့်သဘောနှင့်ကိုယ် အကြမ်းပတမ်း ရက်စက်မှုများ ရှိသည်။

By စောသန္တာအေး 04 Sep 2021

ဓာတ်ပုံ - AFP

DMG ၊ စက်တင်ဘာ ၄
(ဘာသာပြန်ဆောင်းပါး)

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ၊ သွေးချောင်းစီး လူသတ်မှုများ၊ စီးပွားရေးပြိုလဲမှု၊ ကိုဗစ်ကပ်ဘေးကြီး အစရှိသဖြင့် ရင်ဆိုင်ကြုံတွေ့ရပြီး ဖြစ်သော်လည်း အရပ်သားအစိုးရကို ဖြုတ်ချပြီး မြန်မာစစ်တပ်က အာဏာရယူခဲ့သည့် ဖြစ်ရပ်၏ သက်တမ်းခြောက်လအကြာတွင် အရှိတရားတစ်ခုကို ရှင်းလင်းပီပြင်စွာ မြင်တွေ့လာရသည်။ မချိတင်ကဲနာကြည်းမှုနှင့် သံတမန်ရေးရာ ခြေချင်းလိမ်မှု မည်မျှပင် ရှိနေလင့်ကစား နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာကို လာကယ်မည်မဟုတ် ဟူသောအချက်ပင် ဖြစ်သည်။

မြန်မာလူထုအနေဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရန်သာ ရှိတော့သည်။ ရွေးချယ်စရာ လမ်းကြောင်းမှာ ရိုးရှင်းသည်။ အလျှော့ပေး နောက်ဆုတ်မည်လား ပြန်တိုက်မည်လား။ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည့် ဗုံးပေါက်ကွဲမှုများ၊ ပစ်မှတ်ထား သတ်ဖြတ်မှုများနှင့် PDF တို့၏ လက်နက်ကိုင် တိုက်ပွဲများကို ကြည့်ခြင်းအားဖြင့် မြန်မာလူငယ် အများစုသည် သူတို့လျှောက်မည့် လမ်းကို ရွေးချယ်ထားပြီးဖြစ်သည်မှာ သိသာနေသည်။

အကဲခတ်ရန် ပိုခက်နေသည်မှာ အောက်ခြေမှ ပေါ်ထွက်လာသည့် ခုခံတော်လှန်မှုသည် ဘယ်အထိ ဦးတည်နေသနည်း၊ ဘယ်အနေအထားထိ လက်တွေ့ကျကျ ရရှိနိုင်သနည်း၊ မည်ကဲ့သို့ ရရှိမည်နည်း ဆိုသည့်အချက်များ ဖြစ်သည်။ မီဒီယာများ၏ ချဲ့ကားပြောဆိုမှုများကို ဘေးဖယ်စဉ်းစားမည် ဆိုလျှင်တော့ မြန်မာနိုင်ငံသည် ပြည်တွင်းစစ် ဖြစ်မည့်အဆင့်အထိ မရောက်သေးဟု ပြောရမည်ဖြစ်သည်။

အုပ်ချုပ်ရေးစနစ်များ ပြိုလဲခြင်း၊ အုပ်ချုပ်ရေး နယ်ပယ်တွင် လစ်ဟာမှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုကျယ်ပြန့်လာခြင်း တို့ကြောင့် နိုင်ငံသည် မင်းမဲ့စရိုက်ဆန်ဆန် ပရမ်းပတာ ဖြစ်မှုဆီသို့ ဦးတည်လျှက်ရှိသည်။ နိုင်ငံဗဟိုချက်မရှိ နေရာအများစုတွင် ဖိနှိပ်မှုမှသည် စစ်သားများကိုယ်တိုင် သတ်ဖြတ်မှု၊ လုယက်မှုနှင့် တစ်ရွာလုံး မီးရှို့မှုများအထိ လမ်းကြောင်းသွေဖီလာသည်ကို တွေ့ရသည်။

PDF များဘက်ကလည်း ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်လျှင်တောင် ပြန်တိုက်နိုင်အောင် ကြိုးစားခြင်းများ ရှိပြီး  မကြာခဏဆိုသလို ကိုယ့်သဘောနှင့်ကိုယ် အကြမ်းပတမ်း ရက်စက်မှုများ ရှိသည်။ ဤသို့ဖြင့် အရပ်သားအချင်းချင်း ရင်ဆိုင်မိပြီး ပုဂ္ဂိုလ်ရေး အငြိုးအတေးများ၊ ရာဇဝတ်မှုဆိုင်ရာ အငြင်းအခုံများကို ဖြေရှင်းသည့်နည်းလမ်း အဖြစ်သို့ ပြောင်းသွားနိုင်သည့် အန္တရာယ်လည်း ကြုံနေရသည်။

ဤကဲ့သို့ တရားလက်လွတ်မှုများကြောင့် ပဋိပက္ခ အရှိန် ပိုမြင့်လာနိုင်သည်။ သို့သော်လည်း တာရှည်မည့်ပုံ မရှိပေ။ ၂၀၂၂ မေလအထိ လာမည့် ကိုးလအတွင်း မြန်မာနိုင်ငံသည် လမ်းကြောင်းနှစ်ခုအနက် တစ်ခုကို ပြတ်ပြတ်သားသား ရွေ့ရတော့မည် ဖြစ်သည်။

တပ်မတော်သည် အသစ်ဖွဲ့လိုက်သည့် အိမ်စောင့်အစိုးရ၏ အာဏာချုပ်ကိုင်မှု ထိထိရောက်ရောက် ရှိရေးအတွက် မြန်မာပြည်အလယ်ပိုင်းတွင် ၎င်း၏ အဓိကအင်အားဖြစ်သည့် စည်းလုံးမှု၊ စည်းကမ်းသေဝပ်မှု၊ အရင်းအမြစ်များနှင့် အကန့်အသတ်မရှိသည့် ကြမ်းတမ်းခက်ထန်မှုကို အသုံးချနိုင်စွမ်းရှိမှုတို့ကို အသုံးပြုလျက်ရှိသည်။

တပ်မတော်အနေဖြင့် အနှေးနှင့်အမြန် ဆိုသလို ၎င်း၏အာဏာစက်ကို ဒေသအနှံ့အပြားတွင် ဖြန့်ကြက်နိုင်စွမ်း ရှိလာမည်သာ ဖြစ်သည်။ စပ်အုပ်ချုပ်ရေးအား အများစုက မုန်းတီးမြဲ မုန်းတီးဆဲ ဖြစ်နိုင်သလို အကြမ်းပတမ်း နည်းလမ်းများဖြင့် အခါအားလျော်စွာ အကဲစမ်းမှုများလည်း ရှိနိုင်သည်။

သို့သော် အချိန်တစ်ခုရောက်လျှင် တည်ငြိမ်မှု ရှိလာနိုင်သလို စီးပွားရေးသည်လည်း တရုတ်၊ ရုရှားနှင့် အခြားသော အာဆီယံနိုင်ငံများ၏ အကူအညီများဖြင့် ပြန်လည် နာလံထူလာမည် ဖြစ်သည်။ ဤသို့ဖြင့် တပ်မတော်သည် ၎င်းလိုလားသော ပုံစံဖြစ်သည့် တင်းကြပ်စွာထိန်းချုပ်ထားသော သို့မဟုတ် ‘စည်းကမ်းပြည့်ဝသော’ ဒီမိုကရေစီ ဗားရှင်းနှင့် ကိုက်ညီသည့် ရလဒ်ကို ထုတ်ပေးနိုင်သော ရွေးကောက်ပွဲစနစ်တစ်ခုကို ချပြလာနိုင်သည်။

နောက်လမ်းကြောင်းတစ်ခုမှာ ပြည်တွင်းစစ် လမ်းကြောင်းသို့ မြန်မာနိုင်ငံ သက်ဆင်းသွားခြင်း ဖြစ်သည်။ ဤလမ်းကြောင်း၌ ဗမာပင်မနယ်မြေများတွင် လက်ရှိ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေကြသော အုပ်စုများသည် အဖွဲ့အစည်းကြီးတစ်ခု အဆင့်အထိ ရောက်သွားနိုင်သည်။ တော်လှန်ရေး ရေရှည်တည်တံ့ရန်နှင့် တပ်မတော်၏ အားနည်းချက်များကို ထိုးဖောက်ဝင်ရောက်ရန် လိုအပ်သည့် ခေါင်းဆောင်မှုစွမ်းရည်နှင့် မဟာဗျူဟာမြောက် အစီအစဉ်များ ရှိလာနိုင်သလို တစ်ချိန်တည်း၌ တိုင်းရင်းသား လူနည်းစုများကို အမှန်တကယ် စာနာထောက်ထားမှုများ ရှိလာနိုင်သည်။

ဖော်ပြပါ ဖြစ်နိုင်ခြေနှစ်ခုအနက် တစ်ခုခုကို ရှောင်လွဲ၍ မရနိုင်ပေ။ သို့သော် ထိုနှစ်မျိုးလုံးသည် လက်ရှိ သိထားရပြီးဖြစ်သည့် အချက်များ၏ အပြန်အလှန် သက်ရောက်မှုအပေါ် မူတည်မည်ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်များအသိသာဆုံး အချက်မှာ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့များဖြစ်သည်။ ကနဦးတွင် ယိုင်နဲ့နဲ့ဖြင့် ဖွဲ့စည်းခဲ့ကြသော ဤအုပ်စုများသည် ဧပြီလအစောပိုင်းတွင် စတင်ပေါ်ထွက်လာသည်။ နိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ဖြစ်သည်။ ချင်းပြည်ကာကွယ်ရေးတပ် (CDF) ကို ဧပြီလ ၄ ရက်နေ့တွင် ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

ဧပြီနှောင်းပိုင်းနှင့် မေလ အစောပိုင်း ကာလများတွင် လုပ်နိုင်စွမ်းပုံစံ အမျိုးအစားစုံလင်သည့် အုပ်စုများ တဟုန်ထိုး တိုးပွားလာသည်ကို အံ့သြဖွယ် တွေ့ရသည်။ ဇူလိုင်လလယ်ပိုင်း အထိဆိုလျှင် မြန်မာစစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ကြောင်း ကြေညာသည့် အဖွဲ့အစည်းပေါင်းသည် ကျေးလက်နှင့် မြို့ပြ နေရာနှစ်မျိုးလုံးတွင် ၁၂၅ အုပ်စုခန့်အထိ ရှိနေပြီဖြစ်သည်။
အားလုံးမဟုတ်သော်လည်း အချို့အုပ်စုများက NUG အစိုးရအပေါ် သစ္စာခံကြောင်း ကြေညာသည်များလည်း ရှိသည်။

အောက်ခြေအဆင့်တွင် PDF အဖွဲ့များ၏ အကျိူးသက်ရောက်မှုသည် တိတိပပ ဆုံးဖြတ်ရန် ခက်ခဲသော်လည်း သိသာထင်ရှားမှုတော့ ရှိသည်။ မကြာသေးမီ သီတင်းပတ်များတွင် ဆိုလျှင် ကိုဗစ်ကပ်ဘေးနှင့် မိုးရာသီကာလ အခက်အခဲများကြောင့် PDF လှုပ်ရှားမှုများသည် အနည်းငယ် အရှိန်လျော့နေခဲ့သည်။ သို့သော်လည်း လှုပ်ရှားမှုများ ဆက်ရှိနေဆဲ ဖြစ်သလို အဖွဲ့များအကြား အရင်းအမြစ်များကို မျှဝေသုံးစွဲရန် ညှိနှိုင်းမှုများ နှင့်အတူ စစ်ရေးမဟာမိတ် အဖြစ် ပူးပေါင်း ကြေညာမှုများလည်း ရှိသည်။

မြို့ပြ PDF များသည် ၎င်းတို့ဖွဲ့စည်းထားသည့် လျှို့ဝှက် ကလာပ်စည်းများအပေါ် အခြေခံပြီး အဓိကကျင့်သုံးသည့် ဗျူဟာ နှစ်ရပ်ရှိသည်။ လက်လုပ်မိုင်းများဖြင့် ဗုံးခွဲခြင်းနှင့် ပစ်မှတ်ထား လုပ်ကြံခြင်းတို့ ဖြစ်သည်။ သူတို့၏ ပစ်မှတ်များမှာ အများအားဖြင့် ရပ်ကွက်ရုံးများ၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် အရပ်ဘက် အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်သတင်းပေးဟု ယူဆရသူများနှင့် ကြံ့ခိုင်ရေးအဖွဲ့ဝင်များ ကဲ့သို့ အပျော့စားပစ်မှတ်များ ဖြစ်ကြသည်။

ပြည်မရှိ ကျေးလက်များတွင် PDF အဖွဲ့များသည် ကနဦး အားယူစအဆင့်တွင်သာ ရှိနေသေးသလို လက်နက်အင်အား ချို့တဲ့နေဆဲ ဖြစ်သည်။ မြို့ပေါ်ရှိ အပျော့စားပစ်မှတ်များအား တိုက်ခိုက်ခြင်းများအပြင် ဤအဖွဲ့များသည် ကျေးရွာများအတွင်းသို့ ဝင်ရောက်လာသော တပ်မတော်အား အမဲလိုက်ရိုင်ဖယ်များ၊ လက်လုပ်မိုင်းများဖြင့် တုံ့ပြန်တိုက်ခိုက်ရန် ကြိုးပမ်းမှုများ ရှိနေသည်။ သူတို့၏ တိုက်ခိုက်မှုများကြောင့် မြန်မာစစ်တပ်ဘက်မှ သေဆုံးဒဏ်ရာရမှုများ ရှိကြောင်းလည်း ထုတ်ပြန်မှုများရှိသည်။

ကျေးလက်အခြေပြု တိုက်ပွဲများသည် တိုင်းရင်းသား လူနည်းစုများရှိရာ ဒေသများတွင် ပိုမို ထိရောက်မှုရှိသည်ကို တွေ့ရသည်။ အဆိုပါဒေသများ၌ PDF အဖွဲ့သစ်များသည် KIA ၊ KNLA နှင့် ကရင်နီတပ် KA တို့ကဲ့သို့ နဂိုရှိနှင့်ပြီးသား တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိသည်။

စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ နှင့်အတူ PDF တပ်များသည် ကချင်နှင့် ကယားကဲ့သို့ နေရာများတွင် ခေတ်မီလက်နက်များ အသုံးပြုနိုင်စွမ်း ရှိလာခဲ့သည်။ ကချင် တောင်ပိုင်းနှင့် စစ်ကိုင်းနယ်စပ် ဧရိယာများတွင် PDF များသည် KIA တို့နှင့်အတူ ပူးတွဲ စစ်ရေးလှုပ်ရှားမှုများ ရှိသည်။ ချင်းပြည်နယ်တွင် ဆိုလျှင်လည်း ချင်းအမျိုးသားတပ် (CNA) သည် PDF အဖွဲ့ဝင်များကို သင်တန်းပေးခြင်းများရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်များက PDF များအား ခေတ်မီလက်နက်များ မည်မျှကြာကြာ ထောက်ပံ့လိုစိတ် ရှိသနည်း၊ မည်မျှပမာဏအထိ ပေးမည်နည်း ဆိုသည့် အဓိက မေးခွန်းများတော့ ရှိနေဆဲဖြစ်သည်။ ဇွန်လနှောင်းပိုင်းက မန္တလေးသို့ သယ်ယူလာသည့် ကေအိုင်အေထုတ် လက်နက်ငယ်များနှင့် လောင်ချာများ အစုလိုက်အပြုံလိုက် တပ်မတော်က ဖမ်းဆီးရမိခဲ့သည့်ဖြစ်ရပ်ကို ကြည့်လျှင် လှုပ်ရှားမှုလမ်းကြောင်း အနည်းဆုံးတော့ တစ်ခုရှိနေပြီဖြစ်ကြောင်း ထင်ရှားသည်။

သို့သော် ထိုင်းနှင့် ကမ္ဘောဒီးယားရှိ လက်နက်ဈေးကွက်များ အကြီးအကျယ် ကျဆင်းလာခြင်းကြောင့် PDF တို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များ ထံမှ ရသော လက်နက်များသာမက ၎င်းတို့၏ ရန်သူများထံမှ သိမ်းဆည်းရရှိသည့် လက်နက်များကိုပါ သုံးစွဲရန် လိုအပ်နိုင်သည်။

အရေးပါသည့် နောက်အချက်တစ်ချက်မှာ NUG အစိုးရအပေါ် မူတည်နေသည်။ ဖက်ဒရယ်ဒီမိုကရေစီကို လက်ကိုင်ပြုပြီး စတင်ဖွဲ့စည်းခဲ့သည့် ဧပြီလ ၁၆ ရက်နေ့မှသည် လက်ရှိအထိ NUG ၏ လုပ်ရပ်များသည် ရောထွေးနေသည်။

ဖြုတ်ချခံ NLD ပါတီဝင် ဗမာလွှတ်တော်အမတ် အများစု ဦးဆောင်ဖွဲ့စည်းထားပြီး လူနည်းစုအသိုင်းအဝိုင်းများကို ကိုယ်စားပြုသူများလည်း ပါဝင်သည့် NUG အစိုးရသည် တပ်မတော်အာဏာပိုင်များကို အစားထိုးနိုင်မည့် အုပ်စုအဖြစ် အသိအမှတ်ပြုမှု ရရှိထားသည်။

အနောက်အုပ်စုသည် နယ်မြေပိုင်ဆိုင်မှု မရှိသလို ခေါင်းဆောင်များလည်း ပြန့်ကြဲနေသည့် NUG အစိုးရအဖွဲ့ကို သံတမန်အရ အဆင့်မြှင့်ဆက်ဆံရန်ဆန္ဒ မရှိသေးပေ။ သို့သော်လည်း NUG သည် မြန်မာစစ်တပ်၏ အာဏာချုပ်ကိုင်မှုကို မထောက်ခံသော အနောက်အုပ်စု အစိုးရများ၏ အဆက်အသွယ် အဖြစ်လည်း ကိုယ်စားပြုမှုရထားသည်။

ပို၍ မရှင်းမရှင်းဖြစ်နေသည်မှာ မြေပြင်တွင် ခိုင်ခိုင်မာမာ ရပ်တည်ပြနိုင်ရေး မသေချာသည့် NUG အုပ်ချုပ်ရေးအဖွဲ့သည် ပူးပေါင်းဆောင်ရွက်မှု မရှိသလို ဗျူဟာလည်းမရှိဘဲ အမှုန့်ချေ ခံနေရသည့် ဌာနေ PDF များအတွက် ဗဟိုပြုအားထားစရာအဖွဲ့ ဖြစ်လာနိုင်ခြေ ရှိ မရှိ ဆိုသောအချက် ဖြစ်သည်။

ဖမ်းဆီးခံထားရသည့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါအောက်တွင် ရှိနေသည့် သက်ကြီးပိုင်းနိုင်ငံရေးသမားများ လွှမ်းမိုးထားသည့် NUG သည် လူငယ်အားဖြင့် မောင်းနှင်နေသော တော်လှန်ရေးလှုပ်ရှားမှုကို လှုံ့ဆော်နိုင်ရေးအတွက် သြဇာရှိသည့် ခေါင်းဆောင်မှုတစ်ရပ်ကိုလည်း ပြသရန် လိုအပ်နေသေးသည်။

NUG သည် ၎င်း အဓိက ခိုလှုံနေပြီး စစ်ဆင်ရေးအတွက် အထိုင်ချထားသလို သင်တန်းများလည်း ပေးနေသည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများ၏ ယုံကြည်လေးစားမှုနှင့် အမိန့်နာခံမှုကိုလည်း လက်ရှိအချိန်အထိ မရသေးပေ။

စောသန္တာအေး ဘာသာပြန်သည်။
အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါမည်။

ဗီဒီယိုများ