ကျိုးလွယ်ပျက်လွယ်သော အရှေ့တောင်အာရှဒီမိုကရေစီ

ယခုနှစ်ဖေဖော်ဝါရီလဆန်းပိုင်းက မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီး တကမ္ဘာလုံး၏အာရုံက မြန်မာနိုင်ငံ အပေါ်ကျရောက်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားများစွာ သေဆုံးခဲ့သလို ဖမ်းဆီးခြင်းခံခဲ့ရသည်။ တချို့ကတော့ ဘယ်ရောက်နေမှန်းမသိရ။ မြန်မာအာဏာသိမ်းမှုက ထိုနေရာမှာပင်ပြီးမသွားခဲ့ပါ။ အရှေ့တောင် အာရှ ထိုဒေသတခွင်လုံးတွင် ဒီမိုကရေစီ နောက်ကြောင်းပြန်ဆုတ်ခြင်း တိမ်တိုက်မည်းများ ဖုံးလွှမ်းနေပါသည်။

By ကြည်ဖြူစံ 27 Dec 2021

(ဓာတ်ပုံ - Getty Images)

DMG ၊ ဒီဇင်ဘာ ၂၇

(ဘာသာပြန်ဆောင်းပါး)

လွန်ခဲ့သော ၅ နှစ်လောက်ကတော့ လူအများက “အရှေ့တောင်အာရှနိုင်ငံများသည် ဒီမိုကရေစီစနစ်ဆီ ဦးတည် သွားကြလိမ့်မည်” ဟု အကောင်းမြင်စိတ်ဖြင့် ကြည့်ခဲ့ကြဖူးသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရခဲ့သဖြင့် မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သော စစ်အုပ်ချုပ်ရေး အဆုံးသတ်ခဲ့သည်။ နောက်ထပ်သုံးနှစ်အကြာမှာတော့ မလေးရှားအတိုက်အခံပါတီကလည်း မလေးရှားနိုင်ငံကို ကာလရှည်ကြာ အုပ်ချူပ်ခဲ့သော Barisan Nasional လက်တွင်းမှအာဏာကို ဖယ်ရှားနိုင်ခဲ့သည်။ ၎င်းက မလေးရှားနိုင်ငံလွတ်လပ်ရေး ရခဲ့သော ၁၉၅၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အစိုးရအပြောင်းအလဲ ဖြစ်လာခဲ့သည်။

အထက်ဖော်ပြပါ အပြောင်းအလဲများက တစ်နိုင်ငံချင်းစီအတွက် အခြေခံအကျဆုံးနှင့် အကြီးမားဆုံးသော အပြောင်းအလဲများဖြစ်ပြီး အရှေ့တောင်အာရှအတွက် ဒီမိုကရေစီအရုဏ်ဦးလည်း ဖြစ်ခဲ့လေသည်။  ပို၍အရေးကြီးသည်က ထိုရွေးကောက်ပွဲနှစ်ခုစလုံးသည် လုံးဝတရားမျှတမှု မရရှိခဲ့သော်ငြား အာဏာရှင်များလက်မှ လွတ်မြောက် ခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးတွင် အာဏာအပြောင်းအလဲ ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုအပြောင်းအလဲများတွင် သွေးထွက်သံယိုအကြမ်းဖက်မှုများ မပါဝင်ခဲ့ပေ။

ဒီမိုကရေစီ နောက်ပြန်ဆုတ်ခြင်း (မနီလာမှသည် နေပြည်တော်ဆီသို့)

လွန်ခဲ့သောနှစ်များမှ အရှေ့တောင်အာရှအတွက် အကောင်းမြင်စိတ်များ ယနေ့နိဋ္ဌိတံ အဆုံးသတ်ခဲ့လေပြီ။

ယခုနှစ်ဖေဖော်ဝါရီလဆန်းပိုင်းက မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီး တကမ္ဘာလုံး၏အာရုံက မြန်မာနိုင်ငံ အပေါ်ကျရောက်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားများစွာ သေဆုံးခဲ့သလို ဖမ်းဆီးခြင်းခံခဲ့ရသည်။ တချို့ကတော့ ဘယ်ရောက်နေမှန်းမသိရ။ မြန်မာအာဏာသိမ်းမှုက ထိုနေရာမှာပင်ပြီးမသွားခဲ့ပါ။ အရှေ့တောင် အာရှ ထိုဒေသတခွင်လုံးတွင် ဒီမိုကရေစီ နောက်ကြောင်းပြန်ဆုတ်ခြင်း တိမ်တိုက်မည်းများ ဖုံးလွှမ်းနေပါသည်။

ထိုင်းနိုင်ငံကိုကြည့်ပါက ထိုင်းနိုင်ငံ၏ ဒဿမမြောက်ဘုရင်သစ် မဟာဝိဇယလောင်ကွန်းနှင့်အတူ ဘုရင်စနစ်မှ စစ်အုပ်ချုပ်ရေးစနစ်သို့ ပြန်လည်ရောက်ရှိလာသည်ကို တွေ့ရမည်။ ထိုင်းဘုရင်သစ်က အုပ်ချုပ်ရေးအာဏာ ပိုမိုရယူရန် ထိုင်းဘုရင်၏တော်ဝင်ပိုင်ဆိုင်မှုကို စီမံခန့်ခွဲသော တရားဝင်စီမံခန့်ခွဲရေးအေဂျင်စီ Crown Property Bureau ကို သူ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက် လွှဲအပ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ တောင်းဆိုနေသည်။ ထိုင်းနိုင်ငံ၏ ရာဇဝတ်မှုပုဒ်မ ၁၁၂ အရ ဘုရင်စနစ်ကို စော်ကားသူအား ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

ထိုင်းဘုရင်သည် ကမ္ဘာ့အချမ်းသာဆုံးဘုရင်များစာရင်းဝင် တဦးဖြစ်ပြီး သူ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၆၀ မှ ရ၀ ဘီလီယံကြား ရှိသည်။

ပြင်သစ်စကားဖြင့် Lèse-majesté ဆိုသည်မှာ တော်ဝင်မျိုးနွယ်များအား စော်ကားခြင်းကိုတားမြစ်ခြင်း သို့မဟုတ် အသရေဖျက်မှုဟု အဓိပ္ပါယ်ရသည်။ အဆိုပါဥပဒေအောက်တွင် ထိုင်းနိုင်ငံသားများ အပြင်းအထန် ဖိနှိပ်ခံနေရသည်။ ထိုင်းနိုင်ငံသားများသည် ဘုရင်စနစ်ကိုဆန့်ကျင်သောပိုစ့်များ ဆိုရှယ်မီဒီယာပေါ် ပုံမှန်လိုတင်လေ့ရှိသည်။ ထို့ကြောင့်လည်း ထိုင်းအာဏာပိုင်များ၏ ပစ်မှတ်ထားခံနေရပြီး ပြီးခဲ့သောနှစ်မှာတော့ Facebook နှင့် Twitter ပေါ်က ဘုရင်စနစ်ဆန့်ကျင်သော ပို့စ်များကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း ဥပဒေနှင့်ဆန့်ကျင်သည်ဟု ထိုင်းအာဏာပိုင်များက ယူဆထားကြသော အဆိုပါပိုစ့်များကို Facebook နှင့် Twitter ပေါ်မှ ဖယ်ရှားခဲ့ခြင်း မရှိခဲ့သောကြောင့် အရေးယူခံခဲ့ကြရလေသည်။

စိုးရိမ်စရာကောင်းသည်မှာ ထိုင်းနိုင်ငံ၏ ထင်ရှားသောအတိုက်အခံအများအပြား အိမ်နီးချင်းနိုင်ငံများတွင် ထူးဆန်းစွာ သေဆုံးရခြင်းဖြစ်လေသည်။

ဖိလစ်ပိုင်တွင် ၂၀၁၆ ခုနှစ် ဇွန်လမှစပြီး ဒူတာတေး အာဏာာရရှိခဲ့သည်။ အာဏာရရှိပြီးနောက်ပိုင်း ကမ္ဘာကျော်ခဲ့ သည်အထိ လူအများ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသောကိစ္စမှာ မူးယစ်ဆေးတိုက်ဖျက်ရေး လှုပ်ရှားမှုဖြစ်ပြီး လူပေါင်း ၁၂၀၀၀ ခန့် သတ်ဖြတ်ခံခဲ့ရသည်။

အဆိုပါ သတ်ဖြတ်ခံရမှုများကို မီဒီယာများက ဖော်ပြခဲ့ပြီးနောက်ပိုင်း ဒူတာတေး၏ ဂုဏ်သတင်းလည်း သေဆုံးခဲ့ရလေသည်။ လွန်ခဲ့သောနှစ်က ထင်ရှားသော ဝေဖန်ရေးသမားတယောက်က ဖိလစ်ပိုင်အစိုးရကို ဝေဖန်ခဲ့သည့် အတွက် အသရေဖျက်မှုနှင့် တရားစွဲခံခဲ့ရသည်။ ဖိလစ်ပိုင်နိုင်ငံ၏အကြီးမားဆုံးသော အသံလွှင့်ကွန်ရက်ဖြစ်သည့် ABS-CBN ကို ဒူတာတေးနှင့်အပေါင်းအပါများက ပိတ်ပစ်ခဲ့သေးသည်။

မလေးရှားနွေဦးအပေါ် အကောင်းမြင်စိတ်များကလည်း လုံးဝမရှိကြတော့ပါ။ လွန်ခဲ့သောတစ်နှစ်ကမူ ပြုပြင်ပြောင်းလဲရေးဝါဒီ Pakatan Harapan အစိုးရပြိုလဲသွားခဲ့ကာ မလေး-အစ္စလာမ်မစ် ညွှန့်ပေါင်းအဖွဲ့သစ် အာဏာရလာခဲ့သည်။ မလေးရှားနိုင်ငံ၏ လူမျိုးဘာသာပေါင်းစုံသော လူ့အဖွဲ့အစည်းကို Perikatan Nasional  ကပံ့ပိုးထားသည်။ ၎င်းတို့၏တည်ထောင်မှုများက ဒီမိုကရေစီအတွက် အပြုသဘောဆောင်သော လက္ခဏာ မဟုတ်ပေ။

မလေးရှားနိုင်ငံတွင်လည်း နိုင်ငံရေးအကြပ်အတည်းများ ကြုံခဲ့ရပြီး အရေးပေါ်အခြေအနေ ကြေညာကာ လွှတ်တော်ပင် ရပ်ဆိုင်းခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။

စင်ကာပူနိုင်ငံသည် ဒေသတွင်းအချမ်းသာဆုံးနိုင်ငံဖြစ်ပြီး ခေါင်းမာသော People’s Action Party အုပ်ချုပ်မှု အောက်တွင်ရှိသည်။ ပြီးခဲ့သောနှစ်ကလည်း PAP က အခြားရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ စင်ကာပူနိုင်ငံကို ၁၉၅၉ ခုနှစ်ကတည်း ရွေးကောက်ပွဲအနိုင်ရ PAP တပါတီကပဲ အုပ်ချုပ်လာခဲ့သည်။

နိုင်ငံရေးအရ ဒေသတွင်းအရှိန်အဝါအကြီးဆုံးနှင့် အတောက်ပဆုံးကတော့ အင်ဒိုနီးရှားနိုင်ငံဖြစ်သည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံရေး မိုးကုတ်စက်ဝိုင်းမှာ တိမ်တိုက်မည်းမည်းက ဖုံးလွှမ်းနေသည်။ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အင်ဒိုနီးရှားနိုင်ငံကို အစ္စလာမ့်တပိုင်းနိုင်ငံအဖြစ် အသွင်ပြောင်းလဲရန် စိတ်အားထက်သန်နေသော အစ္စလာမ္မစ်ဝါဒီများနှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖို့ စိတ်အားထက်သန်မှုမရှိဘဲ နောက်ပြန်ဆုတ်နေတာ တွေ့နေရသည်။

အရှေ့တောင်အာရှတွင် ဒီမိုကရေစီက ဘာကြောင့် ပျက်စီးလွယ်သနည်း။

ဤအဖြစ်အပျက်များက အရှေ့တောင်အာရှ၏ ဒေသတွင်းအင်အားကြီးနိုင်ငံအဖြစ် ရပ်တည်ရန် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်များအလယ် ဖြစ်ပျက်နေကြသော အဖြစ်အပျက်များ ဖြစ်သည်။

အရှေ့တောင်အာရှအတွက် တရုတ်သဘောထားကတော့ ရှင်းသည်။ တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အချုပ်အခြာအာဏာကို မေးခွန်းမထုတ်သေးသရွေ့၊ အငြင်းပွားစရာမရှိသော ဒေသဆိုင်ရာ စူပါပါဝါအဖြစ် တရုတ်ကိုအသိ အမှတ်ပြုထားသရွေ့ အရှေ့တောင်အာရှနိုင်ငံများတွင် မည်သည့်အုပ်ချုပ်ရေးစနစ် သို့မဟုတ် နိုင်ငံရေးစနစ်ဖြစ်နေပါစေ တရုတ်နိုင်ငံက ဂရုမစိုက်ကြောင်း ရှင်းလင်းပြတ်သားသော သတင်းစကား ပေးပို့ခဲ့ပြီးဖြစ်သည်။

ဤအချက်က အရှေ့တောင်အာရှတွင်းရှိ ဒီမိုကရေစီဆန့်ကျင်ရေးအုပ်စုများ၏ လက်တံကို သွယ်ဝိုက်သောနည်းဖြင့် အားကောင်းစေခဲ့သည်။ အချို့ကမူ တရုတ်၏ “ကြံ့ခိုင်သန်စွမ်းသော နိုင်ငံတော်” စနစ်ကို သဘောကျကြောင်း မဖုံးကွယ်ဘဲ ပွင့်ပွင့်လင်းလင်း ဝန်ခံကြသည်။

တချိန်တည်းမှာပင် ဒီမိုကရေစီလိုလားသော အုပ်စုတွင်လည်း ကြီးမားသောအကြပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ တဘက်တွင်မူ ၎င်းတို့ကို ထောက်ခံသူများကလည်း ဒီမိုကရေစီအပြောင်းအလဲအတွက် အနောက်နိုင်ငံများ (အထူးသဖြင့် အမေရိကန်နှင့် ဩစတြေးလျ) ထံမှ အကူအညီပိုမိုရရှိရန် မျှော်လင့်နေကြသည်။ အခြားတဘက်တွင်မူ ၎င်းတို့အား အနောက်တိုင်းအလိုလိုက် အကြိုက်ဆောင်သူများ၊ အနောက်တိုင်းသူလျှိုများဟု စွပ်စွဲခံရမှာ ကြောက်လန့်နေကြသည်။

ဤသို့သော ဘေးကြပ်နံကြပ် အခြေအနေများက လူကြိုက်များသော အမျိုးသားရေးဝါဒနှင့် အာဏာရှင်များလက်တွင်းသို့ လူတွေကို တွန်းပို့နေပေတော့သည်။

နောက်ထပ်စိန်ခေါ်မှုတခုက အရှေ့တောင်အာရှ၏ မတူကွဲပြားမှုဖြစ်သည်။ အရှေ့တောင်အာရှဒေသအတွက် တည်ငြိမ်သောဒေသတွင်း ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် ဒေသတွင်းတည်ငြိမ်မှုအတွက် အတုယူစရာပုံစံ သို့မဟုတ် သမိုင်းဝင်စံပြနမူနာဆို၍ တခုမှမရှိခဲ့သေးပါ။ အရှေ့တောင်အာရှ နိုင်ငံအများစုကို ဥရောပနိုင်ငံများမှ ကိုလိုနီပြုခဲ့ကြသည်။ ဥရောပနိုင်ငံများက ၎င်းတို့ ကိုလိုနီပြုကျင့်ခဲ့သော အရှေ့တောင်အာရှနိုင်ငံများကို မတူညီသောနိုင်ငံရေးစနစ်များဖြင့် အုပ်ချုပ်ခဲ့ကြသူများ ဖြစ်သည်။ ယင်းနိုင်ငံများအပေါ် ကိုလိုနီခေတ်အုပ်ချုပ်သူများ မလုပ်ခဲ့ဖူးသောအရာဆို၍ ဒီမိုကရေစီမြှင့်တင်ပေးခြင်းသာ ရှိတော့သည်။ ဒီမိုကရေစီမြှင့်တင်ပေးခြင်းကို ကိုလိုနီနိုင်ငံများ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှသာ ပြုလုပ်ခဲ့လေသည်။

ကမ္ဘာ့စံချိန်စံညွှန်းများအရ ဆိုရလျှင်လည်း အခြားဒေသများနှင့် နှိုင်းယှဉ်ပါက အရှေ့တောင်အာရှနိုင်ငံများသည် သက်တမ်းနုနယ်ကြသူများ ဖြစ်သည်။ အများစုကို ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက်မှ ဖန်တီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ နိုင်ငံနယ်နိမိတ်များနှင့် နိုင်ငံရေးစနစ်များကိုလည်း ၎င်းတို့၏ ကိုလိုနီသခင်ကြီးများက အများဆုံး ဆုံးဖြတ်ပေးခဲ့ကြသည်။

ဆိုလိုချင်သည်ကတော့ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်နေသော်လည်း လစ်ဘရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ရည်ရွယ်ချက် ရှိနေသည်ဟု အရှေ့တောင်အာရှနိုင်ငံများအပေါ် အနောက်နိုင်ငံများက တထစ်ချ မမှတ်ယူထားသင့်ပေ။

အရှေ့တောင်အာရှနိုင်ငံအများစုတွင် ရိုးရာအစွဲအလမ်းဟုဆိုရမည့် သက်ဦးဆံပိုင်၊ ပဒေသရာဇ်နှင့် အာဏာရှင် မျက်နှာပြင်စနစ်အောက်သို့ မကြာခဏ ကျရောက်လေ့ ရှိတတ်သည်။ အမှန်ဆိုရမည်ဆိုလျှင်လည်း ၎င်းတို့အတွင်းမှ အထက်တန်းလွှာအများအပြားမှာ လစ်ဘရယ်ဒီမိုကရေစီအပေါ် ကွဲလွဲသောသဘောထားများ ရှိနေကြသည်။

၎င်းတို့သည် နိုင်ငံရေးခေါင်းဆောင်များကို ရွေးချယ်ရန်အတွက် လူထုရွေးကောက်ပွဲသဘောတရားကို လက်ခံကြသည်။ ထို့ပြင် မှန်ကန်သောခေါင်းဆောင်များ ရွေးချယ်ရန်အတွက် ထိန်းကွပ်လမ်းညွှန်သော ခေါင်းဆောင်မှု သဘောတရားကိုလည်း ယုံကြည်ကြလေသည်။ (တဦးတယောက်တည်း အုပ်ချုပ်နေသောစနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခြင်းကို ဆိုလိုသည်)
ဥပမာ - အင်ဒိုနီးရှား လွတ်လပ်ရေးရပြီးနောက် နိုင်ငံ၏ပထမဆုံးခေါင်းဆောင်က ဆူကာနိုဖြစ်သည်။ ဆူကာနို သည် နိုင်ငံရေးသဘောဆန္ဒကို တွန်းအားပေးခဲ့ပြီး စစ်အုပ်ချုပ်ရေးစနစ်က ရွေးချယ်ထားသော ခေါင်းဆောင်များ တရားဝင်ရန် ရွေးကောက်ပွဲများ ကျင်းပပေးခဲ့လေသည်။ ထို့ကြောင့်လည်း အရှေ့တောင်အာရှ ရွေးကောက်ပွဲများတွင် မဲပုံးများ လဲလှယ်ခြင်း၊ မဲဝယ်ခြင်းနှင့် မဲလိမ်ခြင်းဖြစ်စဉ်များက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေတော့သည်။ တခါတရံတော့လည်း မှန်ကန်သောခေါင်းဆောင်မျိုးရရှိရန် အဆိုပါလုပ်ရပ်များက တရားမျှတသည်ဟုလည်း ရှုမြင်လေ့ ရှိတတ်ကြ ပြန်သည်။

အရှေ့တောင်အာရှတွင် စစ်မှန်သောဒီမိုကရေစီ ထွန်းကားရေးအတွက် လွယ်ကူတူညီသောအဖြေ မရှိပါ။ အမြစ်မစွဲမီ မျိုးဆက်အပြောင်းအလဲကိုသာ စောင့်ဆိုင်းရပေတော့မည်။ လူငယ်များက စစ်မှန်သောဒီမိုကရေစီကို တောင့်တကြသော်လည်း သူတို့လက်ထဲတွင် သေနတ် သို့မဟုတ် လွှတ်တော်ကိုထိန်းချုပ်နိုင်သော အာဏာ စသောအရာမျိုး ယခုအချိန်အထိ မရှိကြသေးပါ။

ကြည်ဖြူစံ

The Conversation ဝက်ဘ်ဆိုက်တွင် ဩစတြေးလျနိုင်ငံ Tasmania တက္ကသိုလ်၏ အာရှလေ့လာရေးဆိုင်ရာပါမောက္ခ ဂျိန်းစ်ချင်း ရေးသားသော “Democracy has always been fragile in Southeast Asia” ကို ဆီလျော်အောင် ပြန်လည်ရေးသားသည်။

ဗီဒီယိုများ