ရခိုင်နယ်စပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား မြို့ကြီးများသို့ နေရာရွှေ့နေ

ရခိုင်နယ်စပ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူဦးရေထူထပ်သည့် မြို့နယ်အချို့ထံသို့ ရွှေ့ပြောင်းနေသည်ဟု သတင်းရင်းမြစ်အချို့မှ ရရှိထားသော အချက်အလက်များအရ သိရကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက အေပီသတင်းဌာနနှင့် အင်တာဗျူးတစ်ရပ်တွင် ဖြေကြားသည်။

By Foreign Desk 20 Feb 2021

(ဓာတ်ပုံ - AP)

ရခိုင်နယ်စပ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူဦးရေထူထပ်သည့် မြို့နယ်အချို့ထံသို့ ရွှေ့ပြောင်းနေသည်ဟု သတင်းရင်းမြစ်အချို့မှ ရရှိထားသော အချက်အလက်များအရ သိရကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက အေပီသတင်းဌာနနှင့် အင်တာဗျူးတစ်ရပ်တွင် ဖြေကြားသည်။

ရခိုင်ဒေသမြောက်ပိုင်း နယ်စပ်ဧရိယာများရှိ အမာခံလုံခြုံရေး တပ်ဖွဲ့ဝင်များအား မြို့ကြီးအချို့သို့ နေရာရွှေ့ပြောင်းနေသဖြင့် သွေးထွက်သံယိုများ၊ ‘အသက်ဆုံးပါးမှုများ’ ဖြစ်လာနိုင်ခြေ မြင့်တက်လာနေကြောင်းလည်း တွမ်အင်ဒရူးက ဖြေကြားခဲ့သည်။

အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေကြသည့် ပြည်သူလူထုအား ကိုင်တွယ်ရာ၌ ရဲတပ်ဖွဲ့သည် ရာဘာကျည်အသုံးပြုမှုများ၊ ကျည်အစစ်အသုံးပြုမှုများနှင့် အဓိကရုဏ်းဖြိုခွင်းသည့် ရေပိုက်များ အသုံးပြုမှုများလည်း ရှိနေကြောင်း သူက ဆိုသည်။

“အခြေအနေက အရမ်းတင်းမာနေပါတယ်။ မြန်မာလူထုဟာ အားမာန်အပြည့်နဲ့ တုံ့ပြန်နေကြပြီး လုပ်ဆောင်ချက်တစ်ရပ် ထွက်ပေါ်လာတာကို မြင်ချင်နေကြပါတယ်” ဟူ သူက ဖြေကြားသည်။

လက်ရှိအချိန်၌ နိုင်ငံတကာအသိုင်းအဝိုင်းက အဓိကလုပ်ပေးနိုင်သည်မှာ အလေးထား စောင့်ကြည့်ရန်နှင့် ပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများ၊ သံတမန်ဖိအားများ ပေးရန်ဖြစ်ကြောင်း တွမ်အင်ဒရူးက ပြောသည်။

တရုတ်၏ နောက်ကွယ်မှဖိအားများသည်လည်း အထူးအရေးပါသည်ဟု သူကဆိုသည်။ တရုတ်သည် အလွန်အထောက်အကူပြုသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ပေးခဲ့ပြီး ဆက်လက်ပါဝင်ကာ မြန်မာ့အရေးတွင် ဆက်လက် ထိန်းကျောင်းပေးမည်ဟု မျှော်လင့်သည်ဟု သူကဆိုသည်။

လူထုက တပ်မတော်၏ အာဏာသိမ်းသည့်လုပ်ရပ်အပေါ် တွန်းလှန်သွားရန် သန္နိဋ္ဌာန်ချထားသည်ကို တပ်မတော်အနေဖြင့် အသိအမှတ်ပြုရန် လိုအပ်ကြောင်း အင်ဒရူးက ပြောသည်။
“တပ်မတော်အနေနဲ့ ဒီအချက်ကို မြန်မြန်သဘောပေါက်လေ ဒီပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်လေပါပဲ” ဟု သူက ဆိုသည်။

ဗီဒီယိုများ