- နိုင်ငံတစ်ဝန်း တစ်ရက်ကို ၇ ကြိမ်နှုန်း လေကြောင်းပစ်ခတ်နေ၊ ရခိုင်တွင် အများဆုံးဖြစ်
- ဖမ်းဆီးခံ ရခိုင်တေးသံရှင် ဆုမြတ်ထက်နှင့် မိသားစု အဆက်သွယ်မရ
- မြန်မာဘက်သို့ ခိုးဝင်သည့်အတွက် AA က ဖမ်းဆီးထားသူ ငါးဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သို့ ပြန်လွှဲပေး
- ဂွတွင် ဆန်ကြမ်း တစ်ပြည်ကို တစ်သောင်းသုံးထောင်ကျပ်ထိ ဈေးမြင့်တက်နေ
- လူငယ်များအတွက် အန္တရာယ်ဖြစ်စေမှုဖြင့် အမေရိကန်ပြည်နယ်များ TikTok ကို တရားစွဲ
မွတ်ဆလင်ဒုက္ခသည်ဝှက်ဖဲကို ထုတ်သုံးလာသည့် မြန်မာစစ်တပ်၏ ကစားပွဲ
ဖေဖော်ဝါရီလ ၅ ရက်နေ့က United News Bangladesh (UNB) သတင်းတစ်ရပ်တွင် ဖော်ပြချက်အရ ထိုတပ်မှူးများသည် မွတ်ဆလင်လူကြီးပိုင်းနှင့် တွေ့ဆုံခဲ့ပြီး မြန်မာငွေ ငါးသိန်းနှင့်အတူ အောင်မင်္ဂလာရပ်ကွက်ရှိ ဗလီအတွက် အစားအစာများ လှူဒါန်းခဲ့သည်ဟု သိရသည်။ အောင်မင်္ဂလာတွင် ၂၀၁၂ မွတ်ဆလင်အရေးအခင်းကြောင့် ချောင်ပိတ်မိနေသည့် ဒုက္ခသည် ထောင်ပေါင်းများစွာ ရှိနေသည်။
17 Feb 2021
စောသန္တာအေး မြန်မာပြန်ဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာရယူလိုက်ပြီးနောက် လူထု၏ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ နှင့်အတူ အမေရိကန်၊ အီးယူနှင့် ကုလသမဂ္ဂတို့၏ ပြစ်တင်ရှုတ်ချမှုများ ရင်ဆိုင်နေရသည့် မြန်မာစစ်တပ်အတွက် အနိုင်ရရန် ထုတ်သုံးနိုင်သည့် ဝှက်ဖဲမှာ မရှိသလောက်နည်းပုံ ပေါ်သည်။
သို့သော်လည်း အာဏာသိမ်းသူများသည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားရသည့် မွတ်ဆလင်ဒုက္ခသည်များ အရေးအား ဝှက်ဖဲအဖြစ် ထုတ်သုံးနိုင်မည်ဟု ယူဆနေကြသည်မှာ အံ့သြဖွယ်ရာ ဖြစ်သည်။ အဆိုပါ မွတ်ဆလင်များသည် ၂၀၁၆-၁၇ တွင် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ထွက်ပြေးသွားရသူများ ဖြစ်သည်။
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရအား ဖြုတ်ချပြီး မကြာမီပင် အာဏာသိမ်းစစ်အုပ်စုသည် ဘင်္ဂလားဒေ့ရှ်အစိုးရထံသို့ စာတစ်စောင် ပေးပို့ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ တစ်ခဲနက်အနိုင်ရရှိခြင်းသည် မဲမသမာမှုကြောင့် ဖြစ်ကြောင်း အထောက်အထား မခိုင်လုံသည့် စွပ်စွဲချက်များ ထိုစာတွင် ပါရှိသည်။ ထိုအချက်ကြောင့် အာဏာသိမ်းရခြင်းဖြစ်ကြောင်း အဆိုပါစာ၌ ရှင်းပြထားသည်။
အဆိုပါစာ၌ မွတ်ဆလင်အရေးကို ဖြေရှင်းရန်အတွက်လည်း ဖြစ်နိုင်ဖွယ်ရာ အဖြေများ ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်က “ဒါက သတင်းကောင်းတွေပါ၊ ခြေလှမ်းသစ်တစ်ရပ်ပါပဲ” ဟု ဖြေကြားခဲ့ကြောင်း Dhaka Tribune သတင်းတွင် ဖေဖော်ဝါရီလ ၆ ရက်၌ ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင်လည်း ဒေသဆိုင်ရာ တပ်မှူးအချို့သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ မွတ်ဆလင်များ နေထိုင်ရာ နေရာများနှင့် စစ်တွေရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများထံ သွားရောက်ခဲ့သည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့က United News Bangladesh (UNB) သတင်းတစ်ရပ်တွင် ဖော်ပြချက်အရ ထိုတပ်မှူးများသည် မွတ်ဆလင်လူကြီးပိုင်းနှင့် တွေ့ဆုံခဲ့ပြီး မြန်မာငွေ ငါးသိန်းနှင့်အတူ အောင်မင်္ဂလာရပ်ကွက်ရှိ ဗလီအတွက် အစားအစာများ လှူဒါန်းခဲ့သည်ဟု သိရသည်။ အောင်မင်္ဂလာတွင် ၂၀၁၂ မွတ်ဆလင်အရေးအခင်းကြောင့် ချောင်ပိတ်မိနေသည့် ဒုက္ခသည် ထောင်ပေါင်းများစွာ ရှိနေသည်။
စစ်တပ်အရာရှိများသည် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောမြို့သို့လည်း သွားရောက်လည်ပတ်ခဲ့သည်။ ထိုနေရာများတွင်လည်း စစ်တပ်က မွတ်ဆလင်များအား တစ်လေသံတည်းသာ ထပ်တလဲလဲ ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ်က မွတ်ဆလင်များ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရခြင်းသည် မြန်မာစစ်တပ်ကြောင့်မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့်သာ ဖြစ်သည် ဆိုသောစကားဖြစ်သည်။
စစ်တပ်၏ပြောကြားချက်များကို မွတ်ဆလင်များဘက်က အလေးထား မထားကို ရှင်းရှင်းလင်းလင်း မသိရပေ။ သို့သော် သတင်းအချက်အလက်များ အရဆိုလျှင် ၂၀၁၇ တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်သော်လည်းကောင်း အခြားသော အရပ်သားခေါင်းဆောင်များသော်လည်းကောင်း သြဇာသက်ရောက်မှုမရှိသည့် ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများသာ ဖြစ်သည်။
သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ရှိ လူဦးရေပြည့်ကျပ်နေသော ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များသည် ဒေါ်အောင်ဆန်းစုကြည် အာဏာသိမ်းခံရသည့် သတင်းကြောင့် ပျော်ရွှင်နေကြသည်ဟု UNB သတင်းတွင် ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်ရှိ အခြားမီဒီယာများလည်း အလားတူသတင်းများ ဖော်ပြကြသည်ကို တွေ့ရသည်။
သို့သော် မေးခွန်းထုတ်ရဦးမည့် အချက် ကျန်နေသေးသည်။ စစ်တပ်၏ ယခုကဲ့သို့ ချဉ်းကပ်မှုများကြောင့် စစ်တွေမှ ဒုက္ခသည်စခန်းများရှိ မွတ်ဆလင်များအတွက် သွားလာခွင့်ကန့်သတ်ချက် ဖြေလျှော့မှုများ၊ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များအား ပြန်လည်ခေါ်ယူမှုများ ဖြစ်လာနိုင်သလား ဟူသောအချက်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် ဒုက္ခသည်အရေအတွက် ၈ သိန်း ၄ သောင်း ပါဝင်သည့်စာရင်းတစ်ခုအား မြန်မာဘက်မှ နိုင်ငံသားစိစစ်ရေး ဆောင်ရွက်နိုင်ရန် ပေးအပ်ခဲ့သည်။ သို့သော် ထိုအထဲက ၅ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် ၄ သောင်း ၂ ထောင်သာ မြန်မာဘက်က အတည်ပြုခဲ့ပြီး ၎င်းတို့အားလုံးနီးပါးမှာလည်း လုံခြုံရေးအနေအထား စိုးရိမ်ပူပန်မှုများကြောင့် ယခုအထိ နေရပ်မပြန်နိုင်ကြသေးပေ။
ဘင်္ဂလားဒေ့ရှ်သည် လူငယ်များ၊ မတည်ငြိမ်သော ဒုက္ခသည်များအကြား အစွန်းရောက်အယူအဆ ကြီးထွားလာခြင်း၊ ရာဇဝတ်မှုများ ထူပြောလာခြင်းကို စိုးရိမ်သဖြင့် ကော့ဘဇားရှိ ပြည့်ကြပ်နေသော စခန်းများမှ ဒုက္ခသည်များအား ဘာဆန်ချာကျွန်းသို့ ရွှေ့ပြောင်းနေသည်မှာ ဒုက္ခသည် ၅၃၀၀ အထိ ရှိနေပြီဖြစ်သည်။
ယခုအချိန်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်၏စကားကိုသာ ယုံကြည်ရမည်ဆိုပါက ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များသည် “ရခိုင်မှသတင်းကို ကြားရ၍ ဝမ်းသာနေကြသည်” ဟုဆိုသည်။
ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ခိုးဝင်လာသူများဟု မြန်မာနိုင်ငံသားအများစု ယူဆထားသူများအား ပြန်လည်လက်ခံရေးကို စစ်တပ်၏ အာဏာရယူမှုနှင့် မူဝါဒများကို ဆန့်ကျင်သူများက ကန့်ကွက်ပါက သူတို့အား လူမျိုးရေးခွဲခြားသူ သို့မဟုတ် မွတ်ဆလင်မုန်းတီးသူ အဖြစ် တံဆိပ်ကပ်ခံရနိုင်အောင် ဖန်တီးထားခြင်းသည် မြန်မာစစ်တပ်၏ လှည့်ကွက်များအနက် တစ်ခုဖြစ်ကြောင်း ရန်ကုန်အခြေစိုက် လေ့လာသူများက ဆိုသည်။
ထို့ပြင် စစ်တပ်၏အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် ဒီမိုကရေစီလိုလားသူများကသာ ဒုက္ခသည် ပြန်လည်လက်ခံရေးကို မလိုလားသည့် အမူအရာများ ပြသလာပါက အနောက်နိုင်ငံများက မည်သို့ တုံ့ပြန်ကြမည်နည်း။ ဤကစားကွက်တွင် တရုတ်က မည်သည့်နေရာမှ ဝင်ပါလာမည်နည်း။
ဒေါ်အောင်ဆန်းစုကြည်အား ဖြုတ်ချလိုက်ခြင်းကို မွတ်ဆလင်ဒုက္ခသည်များ ဝမ်းသာအားရ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဆိုရှယ်မီဒီယာများတွင် ဖော်ပြချက်များ၌ လက်သုံးချောင်းထောင်သည့် သင်္ကေတဖြင့် မွတ်ဆလင်များက စစ်အာဏာသိမ်းမှုအား ကန့်ကွက်နေကြသည်ကိုလည်း တွေ့နေရသည်။ ဤသင်္ကေတသည် ထိုင်းနိုင်ငံ၌ အစိုးရဆန့်ကျင့်ရေး ဆန္ဒပြမှုများအတွင်း စတင်အသုံးပြုခဲ့ကြပြီး ယခုအခါ မြန်မာနိုင်ငံ၌လည်း တွင်ကျယ်လာခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒုက္ခသည်များအရေးနှင့် ပတ်သက်၍ အဖြေတစ်ခုခု ရှာဖွေနိုင်ရန်အတွက် တရုတ်အပေါ် မျှော်လင့်တကြီး အားထားလျက်ရှိသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်သတင်းထောက်များအား ဝန်ကြီးမိုမန်က “ကျွန်တော်တို့ တရုတ်ကို ယုံကြည်ထားပါတယ်။ သူတို့ ဦးဆောင်ဖို့ ထွက်လာပြီး တိုးတက်မှုတွေလည်း ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ဝန်ကြီးမိုမန်က မည်သည့်တိုးတက်မှုများကို ရည်ညွှန်းပြောဆိုသည်မှာ မရှင်းလင်းသလို တကယ်တမ်း၌ တွေ့ဆုံဆွေးနွေးပွဲများတွင် အင်အားစုများ အစုံအလင်ပါဝင်နိုင်ခြင်း မရှိသေးပေ။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်ကိုယ်စားလှယ်များ ပါဝင်မည့် အွန်လိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျင်းပရန် တရုတ်က စီစဉ်ထားသော်လည်း မြန်မာ့အာဏာသိမ်းမှုနှင့်အတူ အင်တာနက်ပြတ်တောက်ပြီး အထမမြောက်ခဲ့ပေ။
တရုတ်သည် အစ္စလာမ်ဆန်သည်ဟု ယူဆရသော မည်သည့်လှုပ်ရှားမှုမျိုးကို မဆို သံသယဖြင့် ရှုမြင်လေ့ရှိသည်။ မြန်မာ တိုင်းရင်းသားလက်နက်ကိုင်များ ကိုလည်း အာဆာ လက်နက်ကိုင်အဖွဲ့နှင့် မည်သည့် အပေးအယူမှု မလုပ်ရန် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် မှတစ်ဆင့် သတိပေးထားသည်။
၂၀၁၆ နှင့် ၂၀၁၇ တွင် အာဆာအဖွဲ့က မီးကျိုးမောင်းပျက် လက်နက်များဖြင့် ရခိုင်ရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် မြန်မာစစ်တပ်သည် ထိုဒေသအတွင်း ဧရာမ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့သည်။ ထိုအချိန်မှစ၍ တရုတ်အစိုးရသည် အာဆာအား တရုတ်ပြည်အနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှ အစ္စလာမ်စစ်သွေးကြွ ဆိုသူများနှင့် အဆက်အသွယ်ရှိကြောင်း စွပ်စွဲခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်းသည် ဤကိစ္စ၌ ဝိဝါဒကွဲပြားနေပုံရသည်။ အာရှနှင့် ကမ္ဘာတစ်ဝန်းတွင် ဒီမိုကရေစီအရေးကို မြှင့်တင်မည်ဟု ကတိပြုထားသည့် ဂျိုးဘိုင်ဒန်အစိုးရသစ်သည် မွတ်ဆလင်ဒုက္ခသည်အရေးအတွက် အဖြေရှာမည်ဟူသည့် စစ်ခေါင်းဆောင်များ၏ အပြောကြောင့် အာဏာသိမ်းမှုအပေါ် အမြင်ပြောင်းမည့် အနေအထားတွင် မရှိပေ။
ဝါရှင်တန်သည် မြန်မာအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရန် စီစဉ်နေပြီဖြစ်ကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရေး၊ လူ့အခွင့်အရေး အခြေခံလွတ်လပ်ခွင့်နှင့် တရားဥပဒေ စိုးမိုးရေးတို့ကို လေးစားလိုက်နာရန် တောင်းဆိုထားသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ အာဏာသိမ်းအစိုးရသစ်သည်သာ ဧရာမ လူထုဆန္ဒပြပွဲများကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ကာ အာဏာဆက်လက် ဆုပ်ကိုင်နိုင်အောင် စီစဉ်နိုင်ခဲ့မည်ဆိုပါက အနောက်အုပ်စုများနှင့် မြန်မာအပေါ် တရုတ်၏သြဇာ လွှမ်းမိုးမှုကို တားဆီးလိုသည့် ဂျပန်တို့အနေဖြင့် လေသံပြောင်းပြီး ပျော့ပျောင်းသည့်ရပ်တည်ချက်ဖြင့် မြန်မာစစ်တပ်နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လာမည်မှာ ဖြစ်နိုင်လောက်သည့် အနေအထားဖြစ်သည်။
အာဏာသိမ်းမှု မတိုင်မီက ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင် ဒီမိုကရေစီသည် အပြည့်အဝ မဟုတ်သည့်တိုင် ကပြား အနေအထားတော့ ရရှိခဲ့သည်။ လက်ရှိ၌ မြန်မာစစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံခြင်းသည် ဆိုခဲ့ပါ ကပြားဒီမိုကရေစီအဆင့် ကိုတောင် ရောက်အောင် တွန်းပို့နိုင်မည့် အနေအထား မရှိကြောင်းကို သမိုင်းက သက်သေပြလျက်ရှိသည်။ သန်းဂဏန်းနီးပါး ရှိနေသည့် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များ မြန်မာပြည်သို့ ပြန်လာရေးသည်လည်း ဗိုလ်ချုပ်ကြီးများ၏ ဖိတ်ခေါ်မှုရှိလင့်ကစား ဖြစ်နိုင်ဖွယ်ရာ မရှိသော အခြေအနေသာ ဖြစ်ပေသည်။
စောသန္တာအေး
(ဆောင်းပါးရှင် Bertil Lintner ၏ ‘Myanmar military implausibly plays the Rohingya card’ ကို မြန်မာပြန်ဆိုပါသည်။ မူရင်းဆောင်းပါးအသုံး ‘ရိုဟင်ဂျာ’ ကို ‘မွတ်ဆလင်’ ဟု ပြောင်းလဲသုံးနှုန်းထားပါသည်။)