အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့ မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်

စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ကြာမြင့်လာချိန်၌ မြန်မာအာဏာပိုင်များအပေါ် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံများက အရေးယူဒဏ်ခတ်မှုအသစ်များ ထပ်တိုးချမှတ်မည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 01 Feb 2022

 ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်အား တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

DMG ၊ ဖေဖော်ဝါရီ ၁

စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ကြာမြင့်လာချိန်၌ မြန်မာအာဏာပိုင်များအပေါ် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံများက အရေးယူဒဏ်ခတ်မှုအသစ်များ ထပ်တိုးချမှတ်မည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်အုပ်စုဝင်များအား ယခင်တည်းက ဒဏ်ခတ်အရေးယူမှုများ ချမှတ်ထားသည့် အဆိုပါသုံးနိုင်ငံ၏ အရေးယူမှုအသစ်သည် ဒေါ်အောင်ဆန်းစုကြည်အား တရားစီရင်မှုတွင် ပါဝင်ပတ်သက်နေသည့် တရားရေးအရာရှိများအား ပစ်မှတ်ထား ဆောင်ရွက်ခြင်း ဖြစ်သည်။

သုံးနိုင်ငံပူးပေါင်းအရေးယူမှုသည် မြန်မာလူထုအပေါ် နိုင်ငံတကာက ထောက်ခံမှုကို ပြသခြင်း ဖြစ်ကာ “စစ်တပ်၏ အာဏာသိမ်းမှုနှင့် အကြမ်းဖက်မှုများအတွက် တာဝန်ယူမှုရှိစေရန်” တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

အာဏာသိမ်းမှု တစ်နှစ်ပြည့်ချိန်၌ ထပ်တိုးအရေးယူမည့်သူများတွင် ကာကွယ်ရေးဦးစီးချုပ်၏ စစ်လက်နက်ဝယ်ယူရေးဌာန၊ စစ်အာဏာရှင်အား ပံ့ပိုးကူညီသူအဖြစ် ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနှင့် ၎င်း၏ သားများဖြစ်သော ထူးထက်တေဇ၊ ပြည့်ဖြိုးတေဇတို့အပြင် စစ်တပ်ကို ပံ့ပိုးကူညီနေသူ ဦးဂျွန်နသန်မျိုးကျော်သောင်းနှင့် ၎င်းပိုင် KT Services and Logistics ကုမ္ပဏီတို့ကိုပါ ဒဏ်ခတ်အရေးယူမည်ဟု အမေရိကန်အစိုးရက ဇန်နဝါရီလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုတွင် ပါဝင်သည့် KT Services & Logistics ကုမ္ပဏီသည် စင်္ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများရှိ ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသည့် KT Group လုပ်ငန်းစုကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ ရန်ကုန်၌ ကုန်တင်ကုန်ချ ဆိပ်ခံတစ်ခုကို မြန်မာစစ်တပ်ပိုင် ကုမ္ပဏီထံမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ သန်းဖြင့် ငှားရမ်းထားသည်ဟု အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကယားပြည်နယ်၌ NGO ဝန်ထမ်းအချို့အပါအဝင် ပြည်သူ ၃၅ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အာဏာပိုင်များ တာဝန်ခံမှုရှိစေရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးတင်ဦးတို့လည်း ပါဝင်သည်။ အဆိုပါပုဂ္ဂိုလ်များသည် ရယူထားသည့် ရာထူးကို အသုံးပြုကာ တရားဥပဒေစိုးမိုးရေး ယုတ်လျော့စေရန် ဆောင်ရွက်ပြီး စစ်အာဏာရှင်အကျိုးအတွက် ဆောင်ရွက်ခဲ့သဖြင့် ဒဏ်ခတ်အရေးယူရန် စီစဉ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဝန်ကြီးဘလင်ကင်က ပြောကြားသည်။

ယခုအရေးယူမှုများအရ အဆိုပါပုဂ္ဂိုလ်များသည် နာမည်ပျက်စာရင်း သွင်းခံရမည်ဖြစ်ကာ ၎င်းတို့၏ အမေရိကန်တွင် ရှိနေသော ပိုင်ဆိုင်မှုများကိုလည်း ထိန်းချုပ်ခံရမည်ဖြစ်သလို အမေရိကန်နိုင်ငံသားများသည်လည်း ၎င်းတို့နှင့် ဆက်သွယ်ဆောင်ရွက်ခွင့် ရှိတော့မည် မဟုတ်ပေ။

ကနေဒါ၏ ထုတ်ပြန်ချက်၌လည်း ဦးထွန်းထွန်းဦး၊ ဒေါ်သီတာဦးနှင့် ဦးတင်ဦးတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းထားကြောင်း ကြေညာသည်။ ၎င်းတို့၏ ရာထူးများကို အသုံးပြုကာ နိုင်ငံရေးအတိုက်အခံများကို ဖယ်ရှားခြင်း၊ နိုင်ငံတကာငြိမ်းချမ်းရေး ချိုးဖောက်ခြင်းနှင့် လုံခြုံရေးအခြေအနေများကို ပိုမိုဆိုးရွားစေခြင်းတို့တွင် ပါဝင်နေသူ ထိပ်ပိုင်းအရာရှိများအား ပစ်မှတ်ထား အရေးယူခြင်း ဖြစ်ကြောင်း ကနေဒါအစိုးရ၏ ဇန်နဝါရီလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကနေဒါအစိုးရက မြန်မာအပေါ် ပိတ်ဆိုးအရေးယူထားသည့်စာရင်းတွင် လူပုဂ္ဂိုလ် ရ၃ ဦးနှင့် အဖွဲ့အစည်း ၅၈ ဖွဲ့ရှိနေပြီဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗြိတိန်၏ အရေးယူဒဏ်ခတ်မှု စာရင်းတွင် ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးတင်ဦးတို့အပြင် မြန်မာစစ်တပ်က ခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးတို့ ပါဝင်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် သေဆုံးရသူ အရေအတွက်သည် ၁၅၀၃ ဦး ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ဇန်နဝါရီ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ