- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
- ရခိုင်ပြည်သူတစ်ရပ်လုံး၏ ရည်မှန်းချက် အပြည့်အဝရရှိရန် ဆက်လက်ကြိုးပမ်းနေဟု AA ပြော
မြန်မာပြည်ထဲက အကျိုးစီးပွားတွေကို ကာကွယ်ဖို့ တရုတ်က စစ်ရေးအရ ဝင်စွက်တော့မလား
ဒီပလိုမက် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည့် အခြား သတင်းရင်းမြစ် အများအပြားကလည်း တရုတ်သည် ဝဂ္ဂနာကြေးစားစစ်တပ် အပါအဝင် အခြားသော ကြေးစားတပ်ဖွဲ့များနှင့်အတူ မြန်မာ့မြေတွင် ခြေချရန် ပြင်ဆင်နေသည်ဟု ပြောကြသည်။
22 Nov 2024
ပဋိပက္ခများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံရှိ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန်အတွက် တရုတ်သည် စစ်သည်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ စေလွှတ်ရန် ပြင်ဆင်နေသည် ဟူသော တွက်ဆမှုများ စစ်ကောင်စီတော်လှန်ရေး တပ်ဖွဲ့များကြားတွင် အပြောများနေကြောင်း နိုင်ငံရေးသုတေသီတစ်ဦး အဖြစ်သာမက မြန်မာ့ပဋိပက္ခနှင့် ပတ်သက်ပြီး အထူးအတိုင်ပင်ခံ တစ်ဦးလည်း ဖြစ်သူ ပေါလ်ဂရင်းနင်းက ပြောသည်။
ဤသို့စေလွှတ်မှုတွင် တရုတ်စစ်သားများအပြင် ၎င်းတို့နှင့်အတူ တွဲဖက်၍ ရုရှားကြေးစား တပ်ဖွဲ့ ဝဂ္ဂနာကဲ့သို့ လက်နက်ကိုင်တပ်များလည်း ပါဝင်နိုင်သည်။ ၎င်းတို့၏ အဓိက တာဝန်မှာ မြန်မာကမ်းလွန်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ၇၇၁ ကီလိုမီတာ ရှည်လျားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို လုံခြုံရေးပေးရန် ဖြစ်သည်။
ဒီပလိုမက် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည့် အခြား သတင်းရင်းမြစ် အများအပြားကလည်း တရုတ်သည် ဝဂ္ဂနာကြေးစားစစ်တပ် အပါအဝင် အခြားသော ကြေးစားတပ်ဖွဲ့များနှင့်အတူ မြန်မာ့မြေတွင် ခြေချရန် ပြင်ဆင်နေသည်ဟု ပြောကြသည်။
စစ်ရေးလေ့လာသူ တစ်ဦးကဆိုလျှင် ဤလုပ်ရပ်အပေါ် ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်က မည်ကဲ့သို့ တုံ့ပြန်သည် အဆိုသည့်အပေါ် မူတည်ပြီး ပြည်တွင်းစစ်ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်သွားနိုင်သည်ဟု ယူဆသည်။
ပြီးခဲ့သော လများအတွင်း ရခိုင်ဒေသရှိ တိုက်ပွဲများသည် မြန်မာစစ်တပ် အာဏာသိမ်းယူပြီးနောက် နိုင်ငံကို ပြည်တွင်းစစ်အတွင်း ဆွဲသွင်းခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် အပြင်းထန်ဆုံး ဖြစ်နိုင်သည်။
မြန်မာ့အရေးနှင့် ပတ်သက်သည့် တရုတ်၏ အစီအစဉ်များအပေါ် ယူဆချက်များသည် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ယခုလ အစောပိုင်းက တရုတ်အရာရှိများနှင့် တွေ့ဆုံမှုအပြီးတွင် ပိုမို ထင်ရှားလာခဲ့သည်ဟု ပေါလ်ဂရင်းနင်းက ပြောသည်။
တစ်ချိန်တည်း၌ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင် ဖုန်းတာရွှင်သည် တရုတ်ပြည် ယူနန်တွင် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည် ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
ခြောက်သွေ့ရာသီအထိ တိုက်ပွဲများ ပြင်းထန်နိုင်သော်လည်း ယခုနှစ်ကုန်တွင် မန္တလေးကို သိမ်းပိုက်မည်ဆိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ၏ အစီအစဉ်များကတော့ ဖြစ်လာနိုင်ဖွယ်ရာ မရှိဟု ပေါလ်ဂရင်းနင်းက ဒီပလိုမက် သတင်းဌာနမှ လုခ်ဟန့်ကို ဖြေကြားသည်။
EAO များနှင့် မဟာမိတ် PDF တပ်ဖွဲ့များသည် မန္တလေးကို ဝိုင်းထားကြသည် ဆိုသော်လည်း ဤမြို့ကို အင်အားပြည့် ထိုးစစ်ဆင်ပါက မြို့နေပြည်သူလူထု ထိခိုက်မည်ကို စိုးရိမ်ကြသည်ဟု သူကပြောသည်။
ထိုအစား လက်နက်ကိုင်တပ်များသည် မြို့၏ ထောက်ပံ့ရေး အဝင်အထွက် လမ်းကြောင်းများကို ပိတ်ဆို့ပြီး တချိန်တည်း၌ ၎င်းတို့၏ သက်ဆိုင်ရာ နယ်မြေများတွင် အားကောင်းခိုင်မာအောင် လုပ်ကာ စစ်ကောင်စီ၏ ဗဟိုချက်မ မြန်မာပြည်အလယ်ပိုင်းကို ထိုးစစ်ဆင်ဖွယ်ရာ ရှိသည်ဟု ပေါလ်ဂရင်းနင်းက ပြောကြားသည်။
The Diplomat တွင် ဖော်ပြထားသည့် Is China preparing to put boots on the ground to protect its investments in the country? By Luke Hunt ကို ဘာသာပြန်ပါသည်။