မဟာမုနိဘုရား သိမ်တော်တိုင်ပြုလုပ်မှု ၂၀ ရာခိုင်နှုန်းခန့်ပြီးစီး

ရခိုင်မှ တန်ခိုးကြီးမဟာမုနိဘုရား သိမ်တော်တိုင်များ ပြုလုပ်မှုမှာ ၂၀ ရာခိုင်နှုန်းခန့်အထိ ပြီးစီးနေပြီဖြစ်ကြောင်း ဂေါပကအဖွဲ့မှသိရသည်။

25 Sep 2021

DMG ၊ စက်တင်ဘာ ၂၅

ရခိုင်မှ တန်ခိုးကြီးမဟာမုနိဘုရား သိမ်တော်တိုင်များ ပြုလုပ်မှုမှာ ၂၀ ရာခိုင်နှုန်းခန့်အထိ ပြီးစီးနေပြီဖြစ်ကြောင်း ဂေါပကအဖွဲ့မှသိရသည်။

သိမ်တော်တိုင်များအားပြုလုပ်ရန် အချိန်တစ်နှစ်ခန့်သာကြာမည်ဟု ခန့်မှန်းခဲ့သော်လည်း လက်ရှိလုပ်ဆောင်ရာတွင် ရှေးခေတ်ရခိုင်မူအတိုင်း ကနုပ်ပန်း၊ ရုပ်ထုများဖြင့် ပြုလုပ်ရခြင်းကြောင့် ကြန့်ကြာမှုရှိသည့်အတွက် ၂၀ ရာခိုင်နှုန်းခန့်သာ အကြမ်းထည် ပြီးစီးသေးခြင်းဖြစ်ကြောင်း သိရသည်။

မဟာမုနိသိမ်တော်တိုင်များမှာ နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်နေပြီဖြစ်ပြီး ယခုအခါ သိမ်တိုင်အောက်ခြေများ ဆွေးမြေ့လာသလို ဘုရားဖူးခရီးသည်များအား အန္တရာယ်မဖြစ်စေရန်နှင့် သိမ်တိုင်များအား ခိုင်ခံ့မှုရှိစေရန် ပြုပြင်ရခြင်းဖြစ်သည်ဟု မဟာမုနိဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးသာလှအောင်ကပြောသည်။ 

“ပြီးစီးမှုအနေအထားကတော့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိသေးတယ်။ ပထမတုန်းကတော့ တစ်နှစ်နဲ့ ပြီးစီးအောင်လုပ်မယ်လို့မျှော်မှန်းခဲ့တယ်။ ဒါပေမဲ့ တိုင်ရဲ့အကြမ်းထည်ကို လုပ်တုန်းက အမြန်လုပ်လို့ရခဲ့ပေမဲ့ အနုထည်ကိုလုပ်တဲ့အခါ အရမ်းကြာတယ်။ တိုင်တစ်လုံးကို ပန်းကနုပ်ဖော်တာတွေလုပ်ရတာတွေ၊ အရုပ်တွေဖော်ရတော့ တိုင်တစ်လုံးကို လခွဲလောက်စီကြာတယ်။ သံတိုင်အခေါင်းထဲမှာ သံချောင်းတွေထည့်ထားပြီး ဆလပ်လောင်းလိုက်တယ်။ အဲဒါကိုသံတိုင်ပြင်ပက ကျောက်နဲ့ပြန်ပတ်မယ်။ အကုန်လုံးက ရခိုင်မူတွေပါ ဓညဝတီခေတ်၊ မြောက်ဦးခေတ်၊ လေးမြို့ခေတ်၊ ဝေသာလီခေတ်က ကနုပ်တွေ၊ ပန်းတွေ၊ အရုပ်တွေ အကုန်လုံးပါမယ်။ အဲဒါတွေရဖို့ ကျောက်ကိုထွင်းနေရတာက အရမ်းကြာတယ်။ အမြန်လိုချင်လို့လည်းမရဘူး“ ဟု ဆိုသည်။

လက်ရှိမှာ သိမ်တော်ကြီးအလယ်အဆောင်မှတိုင်များ၊ အနောက်ဖက်အာရုံခံဆောင်မှတိုင်များအပါအဝင် စုစုပေါင်း ၄၈ လုံးကို သံတိုင်ထူထားပြီး အကြမ်းထည်ပြီးစီနေပြီဟုလည်း သိရသည်။

မဟာမုနိဘုရားရင်ပြင်မှ သိမ်တိုင် ၂၈ လုံး၊ နံရံကပ်တိုင် ၂၀ လုံး၊ အနောက်ဖက်အာရုံခံဆောင်တွင် ၂၄ လုံး၊ တောင်ဖက်အာရုံခံဆောင်တွင် ၈ လုံး၊ မြောက်ဖက်အာရုံခံဆောင်တွင် ၈ လုံး၊အရှေ့ဖက်အာရုံခံဆောင်တွင် ၃၂ လုံးတို့ကို ပြုပြင်မွန်းမံနေခြင်း ဖြစ်သည်ဟု ဂေါပကအဖွဲ့မှသိရသည်။

လက်ရှိလုပ်ဆောင်နေသည့် သိမ်တော်တိုင်များမှာ နှစ်ပေါင်းတစ်ထောင်ခန့်ခိုင်ခံ့အောင် လုပ်ဆောင်ထားခြင်းဖြစ်ပြီး ဆောက်လုပ်ပြီးစီးရန်အချိန် ၃ နှစ်ခန့် ကြာမြင့်နိုင်သည်ဟုခန့်မှန်းထားကြောင်းလည်း ဂေါပကအဖွဲ့ဝင် ဦးညိုသာလှကပြောသည်။

“ပထမတော့ တစ်နှစ်လောက်ဆိုရင် ပြီးစီးမယ်လို့မျှော်မှန်းခဲ့တယ်။ အခုက လုပ်ရတာ အရမ်းလက်ဝင်တယ်။ ရှေးသုနဲ့အင်ဂျင်နီယာတွေနဲ့ညို့နှိုင်းပြီးတော့ လုပ်ဆောင်ရတယ်။ တိုင်တစ်လုံးကို အကြမ်းထည် ရဖို့တောင် ၂ ပတ်လောက်ကြာတယ်။ အဲဒါကြောင့် အကုန်လုံးပြီးစီးဖို့ဆိုရင် ၃ နှစ်လောက်ကြာမယ်လို့ ကျနော်တို့ထင်တယ်“ ဟု ဆိုသည်။ 

အဆိုပါ သိမ်တော်တိုင်များကို မြောက်ဦးမြို့ရတနာ့မာန်အောင် ဆရာတော်ကြီးအရှင်ဝါယာမိန္ဒမှဦးဆောင်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြင်ပအလှူရှင်များအနေဖြင့် ရတနာ့မာန်အောင်ဆရာတော်ကြီးနှင့် ဆက်သွယ်လှူဒါန်းနိုင်သလို တခြားလှူရှင်များအနေဖြင့်လည်းအုတ်တချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်လှူဒါန်း၍ရကြောင်း ဂေါပကအဖွဲ့မှ မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

မဟာမုနိဘုရားရင်ပြင်ကို ကိုလိုနီခေတ်က သူဌေးကြီးဦးရဲကျော်သူလက်ထက်တွင် ပြုပြင်မွန်းမံခဲ့ပြီး ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်တွင်လည်း တစ်ဖန် ပြန်လည်မွန်းမံခဲ့ကြောင်းလည်း သိရသည်။

ဗီဒီယိုများ