ဘီလင်းတွင် တံတားမိုင်းခွဲခံရမှုဖြစ်စဉ် နှစ်ဦးသေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်အစပ် ရန်ကုန် - မော်လမြိုင် - မြဝတီကားလမ်းမပေါ်ရှိ ကျုံအိတ်တံတားတွင် ယနေ့နံနက်ပိုင်းက မိုင်းခွဲခံရမှုကြောင့် နှစ်ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိသွားကြောင်း လူမှုကူညီရေးအသင်းအဖွဲ့ထံမှ သိရသည်။ 

By Admin 29 Jun 2023

ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ပစ်ခတ်မှုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ပစ်ခတ်မှုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

DMG ၊ ဇွန် ၂၉

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်အစပ် ရန်ကုန် - မော်လမြိုင် - မြဝတီကားလမ်းမပေါ်ရှိ ကျုံအိတ်တံတားတွင် ယနေ့နံနက်ပိုင်းက မိုင်းခွဲခံရမှုကြောင့် နှစ်ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိသွားကြောင်း လူမှုကူညီရေးအသင်းအဖွဲ့ထံမှ သိရသည်။

ယနေ့နံနက် ၄ နာရီခန့်က ကျုံအိတ်တံတား မိုင်းခွဲခံရစဉ် ခရီးသွားမော်တော်ယာဉ်နှစ်စီး တံတားအောက်သို့ ပြုတ်ကျသွားပြီး ကားပေါ်တွင်ပါလာသည့် ဘီလင်းမြို့နယ်ဥပဒေအရာရှိတစ်ဦး သေဆုံးကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“မြို့နယ်ဥပဒေအရာရှိတစ်ဦးက ကားမှောက်ပြီးတော့ သေသွားတယ်။ ရဲတစ်ယောက်ကတော့ ဒဏ်ရာ တော်တော်ပြင်းတယ်။ ဘီလင်းမြို့နယ်ဆေးရုံကို ပို့ပေးထားတယ် ” ဟု ဘီလင်းမြို့ရှိ လူမှုကူညီရေး အသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းနောက် စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းအချို့က တံတားမိုင်းခွဲမှုဖြစ်စဉ်သို့ သွားရောက်စစ်ဆေးချိန်တွင် ပစ်ခတ်ခံရမှုကြောင့် သထုံခရိုင်လမ်းတံတားဦးစီးမှူး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သထုံခရိုင်ရဲတပ်နှင့်နီးစပ်သူများထံမှ သိရသည်။


“ကျန်တဲ့ စစ်တပ်ကအရာရှိကြီးတချို့ရယ်၊ ရဲအရာရှိကြီးတချို့ ဒဏ်ရာရသွားတာ မှန်ပါတယ်။ သွားစစ်တဲ့တဖွဲ့လုံးနီးပါး ထိခိုက်သွားတယ်။ အဲလောက်ပဲပြောလို့ရမယ်” ဟု သထုံခရိုင်ရဲတပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါမိုင်းဖောက်ခွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်လက်နက်အဖွဲ့က လုပ်ဆောင်ကြောင်း တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပေ။

စစ်ကောင်စီကို အားပေးအားမြောက်လုပ်နေသည့် လူမှုကွန်ယက်စာမျက်နှာများတွင် “ကျုံအိတ်တံတားကို KNU၊ PDF ပူးပေါင်းအဖွဲ့တို့ မိုင်းဖောက်ခွဲမှုကြောင့် ဌာနဆိုင်ရာဝန်ထမ်းနှစ်ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း ၂၇ ဦးအထိ ဒဏ်ရာရရှိသွားကြောင်း” ရေးသားထားကြသည်။

လက်ရှိမှာ မိုင်းခွဲခံရသည့် ကျုံအိတ်တံတားအနီး စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး လမ်းခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

#F004 #DMG

ဗီဒီယိုများ