ကမ်းထောင်းကြီးမြို့တွင် လက်နက်ကြီးကျ၍ ဒေသခံ ၄ ဦး ဒဏ်ရာရ

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် ဒီဇင်ဘာ ၁၇ ရက် ည ၈ နာရီခန့်က စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။

By Admin 18 Dec 2023

ကမ်းထောင်းကြီးမြို့တွင် လက်နက်ကြီးကျ၍ ဒေသခံ ၄ ဦး ဒဏ်ရာရ

အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စုရှိ တောဟိန်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီဗျူဟာမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် ကမ်းထောင်းကြီးဒေသခံများ ထိခိုက်သွားပြီး နေအိမ်တချို့လည်း ပျက်စီးသွားသည်။ 

“နှစ်ယောက်က ဒဏ်ရာပြင်းပါတယ်။ ခန္ဓာကိုယ်ပေါ်ကို ကျည်စတွေဖောက်ဝင်သွားတာ” ဟု ကမ်းထောင်းကြီး ဒေသခံတစ်ဦးက ပြောသည်။ 

ကမ်းထောင်းကြီးမြို့မှ ဦးခင်မောင် (၄၀ နှစ်)၏ ညာဘက်ပေါင်တွင် လက်နက်ကြီး ကျည်စဖောက်ဝင်သွားပြီး အခြားဒဏ်ရာရရှိသွားသူ အမည်များကို DMG က  ဆက်လက်စုံစမ်းနေသည်။ 

ယမန်နေ့က မြေပုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲ စစ်ကောင်စီတပ်က ကမ်းထောင်းကြီးမြို့သို့ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကမ်းထောင်းကြီးဒေသခံ နောက်တစ်ဦးက ပြောသည်။ 

“မနေ့က ဒီမှာ ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘူး။ ဘာမှမဖြစ်ဘဲ အဲဒီတောင်(တောဟိန်းတောင်)က လှမ်းပစ်လိုက်တာ။ လက်နက်ကြီးသုံးလုံးပစ်တာ သုံးလုံးစလုံး ကမ်းထောင်းကြီးကိုလာကျတာ” ဟု သူက ပြောသည်။ တောဟိန်းတောင်မှာ ကမ်းထောင်ကြီးမြို့၏ မြောက်ဘက် ၁၁ မိုင်ခန့်အကွာ၌ တည်ရှိသည်။ 

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစဖြစ်သည့်နေ့မှစ၍ စစ်ကောင်စီက ရခိုင်ပြည်အနှံ့တွင် လက်နက်ကြီး/ငယ်၊ လေကြောင်း၊ ရေကြောင်းတို့မှ ပစ်ခတ်နေမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေသည်။ 

DMG စာရင်းအရ နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၄ ရက်ထိ ရခိုင်နှင့် ပလက်ဝတွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၂၆ ဦးနှင့် ဒဏ်ရာရသူ ၁၁၅ ဦးထိ ရှိသည်။ အဆိုပါစာရင်းထဲတွင် တိုက်ပွဲပြင်းထန်နေသည့် ပေါက်တောမြို့မှ ဒေသခံများစာရင်းကို မဖော်ပြနိုင်သေးပေ။

ဗီဒီယိုများ