ဖွဲ့စည်းပုံ ပုဒ်မအချို့ပြင်ဆင်ရေး စစ်ကောင်စီနှင့် အပစ်ရပ် ၅ ဖွဲ့ တွေ့ဆုံနေ

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့တို့သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဉပဒေမှ ပုဒ်မအချို့ကို ပြင်ဆင်ရေးအတွက် ဩဂုတ်လ ၂၉ ရက်မှစပြီး ဆွေးနွေးနေကြသည်။

By Admin 31 Aug 2023

NSPNC နှင့် အပစ်ရပ် ၅ ဖွဲ့ တွေ့ဆုံဆွေးနွေးနေမှု။ ဓာတ်ပုံ - MRTV
NSPNC နှင့် အပစ်ရပ် ၅ ဖွဲ့ တွေ့ဆုံဆွေးနွေးနေမှု။ ဓာတ်ပုံ - MRTV

DMG ၊ ဩဂုတ် ၃၁

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေးထိုးထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)တို့သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဉပဒေမှ ပုဒ်မအချို့ကို ပြင်ဆင်ရေးအတွက် ဩဂုတ်လ ၂၉ ရက်မှစပြီး ဆွေးနွေးနေကြောင်း သိရသည်။

စစ်ကောင်စီနှင့်တွေ့ဆုံနေသော အဖွဲ့များမှာ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ ဖြစ်သည်။

“NSPNC နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ သဘောတူညီခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်တွင် ပြင်ဆင်လိုသည့်ပုဒ်မများ၊ လေ့လာဆန်းစစ် ဖော်ထုတ်ပြုစုရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ ပြဋ္ဌာန်းချက်များ (ပုဒ်မများ) အနက်မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့်ပုဒ်မများကို ဆွေးနွေးခဲ့ကြောင်း” ဟု ဩဂုတ်လ ၃၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။ 

သို့သော်လည်း မည်သည့်ပုဒ်မများကို ပြင်ဆင်ရန် ဆွေးနွေးနေသည်ကို အသေးစိတ်ဖော်ပြခြင်း မရှိပေ။ ဆွေးနွေးပွဲတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်  ငြိမ်းချမ်းရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးနေကြပြီး ဆွေးနွေးမည့်ရက် အရေအတွက်ကို မသိရပေ။ 

တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် လက်နက်ကိုင်အဖွဲ့များမှ တာဝန်ရှိသူများကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေမှာ စစ်အာဏာရှင်စနစ်  ရေရှည်စိုးမိုးနိုင်ရေးအတွက် အကွက်ချစီစဉ်ထားသည့် ဉပဒေဖြစ်၍ လက်ရှိဆွေးနွေးမှုမှာ တစ်စုံတစ်ရာထူးခြားမှု ရှိလာမည်မဟုတ်ကြောင်း နိုင်ငံလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။ 

“၂၀၀၈ ဖွဲ့စည်းပုံဉပဒေဟာ စစ်အာဏာရှင်စနစ် ရေရှည်စိုးမိုးနိုင်ရေးအတွက် အကွက်ချပြီးတော့ စီစဉ်ထားတာ ဖြစ်တယ်။ NLD အစိုးရလက်ထက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်းလဲဖို့ ၅ နှစ်လုံးလုံးကြိုးစားခဲ့တယ်။ ဒါပေမယ့် မဖြစ်နိုင်ခဲ့ဘူး။ သာမန်ပုဒ်မလေးတွေကိုတော့ ပြင်ချင်ရင်ပြင်မှာပေါ့ဗျာ။ သူတို့ အခုဆွေးနွေးပွဲက ဘာမှထူးခြားလာမှာ မဟုတ်ဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 

ယခင်ကလည်း စစ်ကောင်စီနှင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှိသော်လည်း ယနေ့အချိန်ထိ တစုံတရာ ထူးခြားသည့် ရလဒ်များ မတွေ့ရသေးပေ။

#R007

ဗီဒီယိုများ