- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
ဘူးသီးတောင်ကထွက်ပြေးလာသည့် ခမီလူမျိုးများ စားဝတ်နေရေးခက်ခဲနေ
ဘူးသီးတောင်မြို့နယ်၊ အင်းကြင်းမြိုင်(နတလ) ကျေးရွာမှ ခမီလူမျိုး ၆၀ ခန့်မှာ ကျောက်တော်မြို့နယ်သို့ ထွက်ပြေးလာကြပြီး လက်ရှိတွင် အကူအညီမဲ့နေကြောင်း ဆိုသည်။
25 May 2024

DMG ၊ မေ ၂၅
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဧပြီလအစောပိုင်းကပင် ဘေးလွတ်ရာသို့ ထွက်ပြေးလာရသည့် ခမီလူမျိူးများမှာ စားဝတ်နေရေးဒုက္ခရောက်နေကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်၊ အင်းကြင်းမြိုင်(နတလ) ကျေးရွာမှ ခမီလူမျိုး ၆၀ ခန့်မှာ ကျောက်တော်မြို့နယ်သို့ ထွက်ပြေးလာကြပြီး လက်ရှိတွင် အကူအညီမဲ့နေကြောင်း ဆိုသည်။
“ကျနော်တို့ရွာရဲ့ရှေ့မှာဆိုရင် စကခ (၁၅) ရှိတယ်။ ရွာနောက်မှာဆိုရင် AA တွေရှိတယ်။ လက်နက်ကြီး အပြန်အလှန်ပစ်ကြတာ။ ရွာထဲမှာကျလို့ ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ ကျနော်တို့က AA ကယ်ထုတ်မှုနဲ့ လွတ်လာတာပါ။ သူတို့လမ်းပြပေးလို့ ဒီနေရာကို ရောက်လာတာ” ဟု ခမီ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
အင်ကြင်းမြိုင်ကျေးရွာတွင် အိမ်ခြေ ၇၀ ခန့်ရှိပြီး ရခိုင်၊ မြို၊ ခမီလူမျိုး နေထိုင်ကြကြောင်း သိရသည်။
ခမီအမျိုးသမီးတစ်ဦးကလည်း “ဗြုန်းစားကြီး ထွက်ပြေးလာရတာဆိုတော့ ဘာမှယူဖို့မရခဲ့ဘူး။ ထွက်လာတဲ့အချိန် တောင်တွေကိုကျော်ပြီးတော့ လာရတာ။ အခုက သူများအိမ်တွေမှာ ကပ်ပြီးနေရတော့ စားဝတ်နေရေး အခက်အခဲတွေရှိပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ၎င်းတို့အား အနီးအနားကျေးရွာများမှ ဆန်အလှူခံကာ ကျွေးမွေးနေရကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။
“သူတို့က လူသစ်တွေဆိုတော့ ဘာထောက်ပံ့မှုမှ မရသေးဘူး။ အခုရွာတွေက ဆန်အလှူခံပြီးတော့ ကျွေးနေရတယ်။ အခု ဘူးသီးတောင်သိမ်းလိုက်ပြီဆိုပေမယ့် မပြန်နိုင်ကြသေးဘူး။ ဒီမိုးတစ်မိုးလောက်တော့ သူတို့ နေရအုံးမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။
ဘူးသီးတောင်မြို့နယ်ကို အာရက္ခတပ်တော်(AA) က မေလ ၁၈ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် တိုက်ပွဲကာလအတွင်း ရခိုင်နှင့် ပလက်ဝတွင် နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းရှစ်သောင်းကျော်ထိရှိလာပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စသည့် အရေးပေါ်အကူအညီများ လိုအပ်နေသည်။