- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
စစ်တွေက စစ်ကောင်စီ တပ်စခန်းများကို AA ထိုးစစ်ဆင်
စစ်တွေမြို့ပြင်ရှိ အမြင့်ကျွန်း၊ ပါဒလိတ်၊ ရေချမ်းပြင်နှင့် ကျားမသောက်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို ဖေဖော်ဝါရီ ၁၁ ရက်၊ ညနေပိုင်းတွင် AA က လက်နက်ကြီးများဖြင့် တပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
12 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၂
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို အာရက္ခတပ်တော် (AA) က စတင်ထိုးစစ်ဆင် တိုက်ခိုက်လာနေပြီဖြစ်ကြောင်း AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တွေမြို့ပြင်ရှိ အမြင့်ကျွန်း၊ ပါဒလိတ်၊ ရေချမ်းပြင်နှင့် ကျားမသောက်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို ဖေဖော်ဝါရီ ၁၁ ရက်၊ ညနေပိုင်းတွင် AA က လက်နက်ကြီးများဖြင့် တပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
" မနေ့ညက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာရှိတယ်။ အနီးအနားရှိ တပ်စခန်းတွေဆိုရင် စနိုက်ဘာတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်။ စစ်ကောင်စီဖက်ကတော့ ဒကစဌာနချုပ်က လက်နက်ကြီး ပစ်ခတ်မှုတချို့တော့ ရှိတယ်။ အဓိက စစ်တွေနဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်ဖက်ကို ပစ်တာ" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်တွေမြို့နယ်တွင် ပစ်ခတ်သံများရပ်တန့်နေရာမှ ဖေဖော်ဝါရီလဆန်ပိုင်းမှစ၍ ပစ်ခတ်မှုများ ပြန်လည်ထွက်ပေါ် လာခဲ့သော်လည်း ဖေဖော်ဝါရီ ၉ ရက်၊ ညနေပိုင်းမှစကာ နှစ်ဖက်ပစ်ခတ်မှုများ ရပ်တန့်ခဲ့သည်။
ယင်းနောက် ဖေဖော်ဝါရီ ၁၁ ရက်တွင် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်များနှင့်အတူ ပစ်ခတ်သံများ ထွက်ပေါ် လာခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းထိ ပစ်ခတ်မှုအချို့ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
AA တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိသွားခဲ့ပြီး စစ်တွေမြို့ ဒေသကွပ်ကဲမှုဌာနချုပ် (ဒကစ) ရှိ အမှတ် (၁၇) စစ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
" မနေ့က ညနေပိုင်းကစပြီး လက်နက်ကြီး ပစ်ခတ်သံတွေ ပြန်ကြားရတယ်။ ပုဏ္ဏားကျွန်းမြို့နယ် အစပ်ဖက်က ကြားရတာ။ ဒီနေ့ မနက် မြို့တွင်းအခြေအနေတွေက ပုံမှန်အခြေအနေပါပဲ။ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်တာမျိုး လုပ်တာတော့ မရှိဘူး" ဟု စစ်တွေမြို့ခံ တစ်ဦးက ပြောသည်။
အာရက္ခတပ်တော်သည် စစ်တွေမြို့ကို လအတော်ကြာ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီးနောက် ယခုနှစ်ဆန်းပိုင်းမှစ၍ ခပ်စိပ်စိပ် ထိုးစစ်ဆင်တိုက်ခိုက်လာနေခြင်း ဖြစ်သည်။
စစ်ကောင်စီက ရခိုင်ပြည်မြို့တော်ကို ခုခံကာကွယ်ရန်အတွက် ရေကြောင်းမှတစ်ဆင့် လူအင်အား ဖြည့်တင်းထားကာ စစ်ရေယာဉ်များကိုလည်း တိုးချဲ့ထားကြောင်း သိရသည်။