အပစ်ရပ်ကာလတွင် AA က ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လာ

စစ်ကောင်စီတပ်နှင့် ယာယီအပစ်ရပ်ထားသည့် ရက္ခိုင့်တပ်တော် (AA) သည် ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများအတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်လာနေသည်ကို တွေ့ရသည်။

By Admin 31 Mar 2023

ရသေ့တောင်မြို့နယ်တွင် AA က ဦးစီးဖွင့်လှစ်ခဲ့သည့် သရက်ချောင်းတံတားဖွင့်ပွဲ။ ဓာတ်ပုံ - May Yu Tun
ရသေ့တောင်မြို့နယ်တွင် AA က ဦးစီးဖွင့်လှစ်ခဲ့သည့် သရက်ချောင်းတံတားဖွင့်ပွဲ။ ဓာတ်ပုံ - May Yu Tun

DMG ၊ မတ် ၃၁

စစ်ကောင်စီတပ်နှင့် ယာယီအပစ်ရပ်ထားသည့် ရက္ခိုင့်တပ်တော် (AA) သည် ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများအတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်လာနေသည်ကို တွေ့ရသည်။ လက်ရှိမှာ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ပြည်သူများနှင့် ပူးပေါင်းပြီး လမ်းတံတားများ တည်ဆောက်နေကြောင်း ဒေသခံများက ဆိုသည်။ 

မတ်လ ၂၅ ရက်နေ့က ရသေ့တောင်မြို့နယ်တွင်  သရက်ချောင်းတံတားနှင့် ကာမေချောင်းတံတားကို ULA/ AA မှ တာဝန်ရှိသူများက ဖွင့်လှစ်ခဲ့သည်။

ရသေ့တောင်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြို့နယ်တစ်ခုဖြစ်သဖြင့် ထိုသို့ လမ်းတံတားများ တည်ဆောက်နေခြင်းအပေါ် ကြိုဆိုကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ ရသေ့တောင်ဘက်မှာဆိုရင် အခု ULA/AA ကနေပြီးတော့ ကျေးရွာတစ်ရွာနဲ့တစ်ရွာကို ဆက်တဲ့ တံတားတွေရှိတယ်။ ဒီအပေါ်မှာ ကျနော်တို့ကတော့ လက်ခံကြိုဆိုတယ်။ ဝမ်းလည်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ရသေ့တောင်မြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးက အခက်အခဲရှိတယ်။ အခုဆိုရင် တစ်ရွာနဲ့တစ်ရွာ သွားလာရေးတွေ အဆင်ပြေလာတယ်။ ဒါက ရသေ့တောင်မြို့နယ်ရဲ့ ဒေသဖွံဖြိုးရေးအတွက် ပိုပြီးတော့ ကောင်းလာတာပေါ့” ဟု ရသေ့တောင်မြို့နယ်မှ တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

အလားတူ ရသေ့တောင်မြို့နယ် လိုင်ဂွင်ချေတံတားကိုလည်း ULA/AA က ဦးဆောင်ပြီး တည်ဆောက်ကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဒေသခံများနှင့်အတူ ဖွင့်လှစ်ခဲ့သည်။

ULA/ AA သည် ရခိုင်ပြည်က လုပ်ငန်းရှင်များနှာင့် ပြည်သူများထံမှ အခွန်ကောက်ခံနေပြီး  ထိုအခွန်အခများကို တော်လှန်ရေးအပြင် ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း၊ တရားစီရင်ရေး လုပ်ငန်းများတွင် သုံးစွဲထားကြောင်း တတိယအကြိမ်မြောက် ULA/ AA ၏ သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခက ပြောဆိုထားသည်။

လက်ရှိ အပစ်အခတ်ရပ်စဲကာလတွင် AA ထိန်းချုပ်နေရာများတွင် ကျန်းမာရေး၊ ပညာရေးအပြင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်လာခြင်းမှာ အစိုးရတစ်ရပ်၏ ပုံရိပ်ကို ဖော်ဆောင်လာခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ရှုမြင်သည်။

“ULA/AA က ရခိုင်ဒေသကို ထိန်းချုပ်ဖို့  ကြိုးစားနေတာကတော့ အကုန်လုံးသိပါတယ်။ အခုက ထိန်းချုပ်လို့ရတဲ့ နေရာတွေရှိတယ်။ လက်လှမ်းမမှီနိုင်တဲ့ နေရာတွေရှိတယ်။ ဒီလို တိုက်ပွဲမဖြစ်တဲ့ကာလမှာ ပိုပြီးတော့ ဒေသဖွံ့ဖြိုးရေးတွေကို ဒေသခံတွေနဲ့ ပေါင်းပြီးတော့ လုပ်လာတာရှိတယ်။ ဒေသခံတွေရဲ့အခက်အခဲကို ကူညီဖြေရှင်းတာရှိတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ဖက်က လုပ်လာတာကို တွေ့တာပေါ့။ ULA/AA က သူ့ဒေသအတွက် တတ်နိုင်သလောက် ပြည်သူတွေကို ဦးဆောင်ပြီးတော့ ကြိုးစားနေတဲ့ အနေအထားကို တွေ့ရတယ်” ဟု ဦးဖေသန်းက ဆိုသည်။

လက်ရှိမှာ AA သည် ရခိုင်ပြည်အတွင်း တရားစီရင်ရေး၊ အုပ်ချုပ်ရေးတို့ကို စစ်ကောင်စီနှင့်အပြိုင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ 

စစ်ကောင်စီနှင့် AA တို့သည် ၂၀၂၂ ဇွန်လဆန်းပိုင်းကနေ တကျော့ပြန်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက်  နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ နားလည်မှုနှင့် အပစ်ခတ်ရပ်စဲထားကြသည်။ 

အပစ်ရပ်ချိန်မှစပြီး AA သည်  ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား မြို့နယ်များတွင် စစ်ဘေးရှောင်လယ်သမားတို့၏ စပါးခင်းများကို ဒေသခံများနှင့်ပူးပေါင်းကာ ရိတ်သိမ်းပေးခဲ့မှုလည်း ရှိခဲ့သည်။

#R007