အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ (ဇူလိုင် ၂၁ ရက်မှ ၂၇ ရက်နေ့ထိ)

ရခိုင်အရေးနဲ့ပတ်သက်လို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်မှ ဇူလိုင် ၂၇ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

By Admin 29 Jul 2025

အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ (ဇူလိုင် ၂၁ ရက်မှ ၂၇ ရက်နေ့ထိ)

ရခိုင်အရေးနဲ့ပတ်သက်လို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်မှ ဇူလိုင် ၂၇ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

■ ကျောက်ဖြူတိုက်ပွဲ ပြန်လည်စတင်လာ

တရုတ်စီမံကိန်းများစွာရှိတဲ့ ကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲတွေရပ်တန့်နေခဲ့ပေမယ့် အခုပြန်လည်ဖြစ်ပွားလာနေပါတယ်။

ကျောက်ဖြူတိုက်ပွဲတွေအတွက် စစ်ကောင်စီက ရေကြောင်းကတဆင့် အင်အားဖြည့်တင်းမှုနဲ့အတူ AA သိမ်းယူထားတဲ့ နေရာတချို့ကိုလည်း မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က စတင်ကာ စစ်ကောင်စီက ဓညဝတီရေတပ်အနီးက ကျေးရွာတွေဖြစ်တဲ့ ကြတ္တိန်၊ ကုလဘာ၊ စည်မော်စတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး လေကြောင်းကလည်း ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီဘက်က လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ တောက်လျောက် ဗုံးကြဲနေတာကြောင့် AA ဘက်က ပြန်ပြီးလှုပ်ရှားလာတဲ့ သဘောမြင်နေရတယ်လို့ ကျောက်ဖြူဒေသခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။

ရခိုင်က မြို့နယ် ၁၄ ခု အထိသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်ဟာ လက်ရှိ မြို့တော်စစ်တွေနဲ့ ကျောက်ဖြူမြို့တွေကို တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ကျောက်ဖြူနဲ့ စစ်တွေမြို့သိမ်းတိုက်ပွဲတွေမှာ AA အတွက် အဆုံးအဖြတ်တိုက်ပွဲတွေဖြစ်သလို စစ်ကောင်စီအတွက်လည်း အရေးပါတဲ့မြို့တွေဖြစ်နေတာကြောင့် ပြင်းထန်ခက်ခဲတဲ့ တိုက်ပွဲတွေ ဖြစ်မယ်လို့ လေ့လာသူတွေက ရှုမြင်ထားကြပါတယ်။

■ မွတ်ဆလင်တွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း Fortify Rights စွပ်စွဲချက် AA ပယ်ချ

အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်အတွင်း မွတ်ဆလင်တွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ Fortify Rights ရဲ့ စွပ်စွဲပြောဆိုချက်ကို AA က ပယ်ချလိုက်ပါတယ်။

Fortify Rights ရဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ AA ဟာ မွတ်ဆလင်ကျေးရွာတွေ၊ ယာယီထိန်းသိမ်းရေးစခန်းတွေမှာ စစ်ဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အဲဒီပြင် ပြန်ပေးဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ အပါအဝင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ဆိုထားပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးသင့်တယ်လို့ Fortify Rights က တိုက်တွန်းထားပါတယ်။

၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်တွေမှာ AA ရဲ့ ရက်စက်ကြမ်းကြုတ်မှုအကြားက အသက်ရှင်လွတ်မြောက်လာတဲ့ မျက်မြင်သက်သေအမျိုးသမီး ၈ ယောက်အပါအဝင် မွတ်ဆလင် ၃၉ ယောက်ကို Fortify Rights က မေးမြန်းခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

သူတို့ရဲ့ ပြောဆိုချက်တွေနဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုမှတ်တမ်း အထောက်အထားတွေကို လေ့လာကြည့်ရာ ဗွီဒီယိုဖိုင်တစ်ခုမှာ ငါးကန်ငယ်တစ်ခုက အလောင်းငါးလောင်းမှာ ခေါင်းဖြတ်အသတ်ခံထားရတဲ့ အလောင်းလေးလောင်းပါရှိတဲ့ အထောက်အထားကို Fortify Rights အဖွဲ့က ရရှိထားတယ်လို့ ဆိုထားပါတယ်။

အဲဒီဖြစ်စဉ်တွေကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးရဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အစီရင်ခံစာမှာလည်း မှတ်တမ်းတင်ထားတယ်လို့ Fortify Rights ရဲ့အစီရင်ခံစာက ဖော်ပြပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ AA နဲ့ တွေ့ဆုံဆွေးနွေးဖို့ Fortify Rights က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှာ စာပို့တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Fortify Rights ရဲ့ တောင်းဆိုချက်နဲ့ပတ်သက်လို့ AA ဘက်က ပြတ်ပြတ်သားသားပယ်ချထားပြီး အဲဒါက လုပ်ကြံဖန်တီးထားတဲ့ စွပ်စွဲချက်နဲ့ အသရေဖြတ်မှုတွေသာဖြစ်တယ်ဆိုပြီး တုန့်ပြန်ထားတယ်လို့ အစီရင်ခံစာမှာပါရှိပါတယ်။

■ AA ထိန်းချုပ်နယ်မြေတွေမှာ ဒုစရိုက်မှုတွေ ခပ်စိပ်စိပ်ရှိလာ

ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသတွေမှာ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ လူသတ်မှုစတဲ့ ဒုစရိုက်မှုတွေ ခပ်စိပ်စိပ်ရှိလာနေတာကို တွေ့လာရပါတယ်။

ဇူလိုင် ၂၄ ရက်က ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာမှာ အသက် ၆၂နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ မိမိနေအိမ်အတွင်း ဓားပြတိုက်ခံရပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။

ဇူလိုင် ၁၈ ရက်က မင်းပြားမြို့နယ်၊ င/ပုဂွကျေးရွာမှ အသက် (၃၆) နှစ်ရွယ် ဦးကျော်စိုးထွန်းမှာ နေ့လည်ပိုင်းအချိန်မှာ နေအိမ်အတွင်း အိပ်ပျော်နေစဉ် တစ်ရွာတည်းနေ ဦးမဲလုံးဆိုသူက ဓားနဲ ခုတ်သတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် ကျောက်တော်မြို့မဈေးကြီးအတွင်း အမျိုးသမီးတစ်ဦးမှာ ခါးပိုက်နှိုက်ခံရလိုါ့ ရွှေနှစ်ကျပ်သားနှင့် ငွေသား ၆ သိန်းပါသွားကြောင်း အဲဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် ဇူလိုင်လ ပထမအပတ်ကလည်း ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာက ဆန်စက်ပိုင်ရှင် ကိုကျော်သက်လှိုင်ရဲ့ နေအိမ်ဓားပြတိုက်ခံရပြီး ရွှေ (၁၀) ကျပ်သားနှင့် ငွေသားအချို့ ပါသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ဒေသအတွင်း ဒုစရိုက်မှုများ ခပ်စိပ်စိပ်ရှိလာနေတာကြောင့် ဒေသခံတွေကြား လုံခြုံရေးနဲ့ပတ်သက် လို့ စိုးရိမ်မှုတွေရှိနေကြပါတယ်။ ဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ အခုလိုဒုစရိုက်မှုတွေနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ထောက်ပြနေကြပါတယ်။

■ ဝေးလံခေါင်ဖျားဒေသက ကလေးတွေ ပညာသင်ကြားနိုင်ရေး ရက္ခိုင်ကျောင်းသားသမဂ္ဂ စီစဉ်နေ

ရခိုင်ပြည်အတွင်းက ဝေးလံခေါင်ဖျားဒေသနေ ကလေးတွေ ပညာရေးကွင်းဆက်မပြတ်စေဖို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (ASU) က စီစဉ်နေတယ်လို့ သတင်းရရှိပါတယ်။

အဲဒီအစီစဉ်အတွက် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက "မျိုးဆက်သစ်" ကမ်ပိန်းလို့ နာမည်ပေးကာ ငွေကျပ်သိန်း ၃၀၀ မျှော်မှန်းပြီး အလှူငွေလက်ခံနေပါတယ်။ လက်ရှိမှာ မျှော်မှန်းထားတဲ့ ငွေပမာဏရဲ့ ၁၃ ရာခိုင်နှုန်းသာ ရရှိပါသေးတယ်။

အရင်စစ်ရေးကာလက စစ်ဘေးရှောင်တွေမှာ နေရပ်ကို ပြန်သွားကြပေမယ့် ပြန်လည်ထူထောင်ရေး၊ စားဝတ်နေရေး စိန်ခေါ်မှုတွေရှိနေတာကြောင့် ကလေးငယ်တွေ ပညာသင်ကြားရေးအပိုင်းမှာ အဆင်မပြေမှုတွေ ရှိနေပါတယ်။

ဝေးလံခေါင်ဖျားဒေသတွေမှာ နေထိုင်ကြတဲ့ ရခိုင်မျိုးနွယ်စုဝင်တွေဟာ အရင်ကတည်းက ပညာရေး၊ လူမှုရေး၊ စီးပွားရေးအဘက်ဘက်မှာ နောက်ကျကျန်နေခဲ့တာကြောင့် ဦးစားပေး ဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ ရသေ့တောင်နဲ့ အမ်းစတဲ့ မြို့နယ်တွေမှာ အခမဲ့ ပညာသင်ကျောင်းတွေ ဖွင့်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမရောက်တဲ့ ကလေးသူငယ်များစွာ ရှိနေသေးတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေဆီက သိရပါတယ်။

■ စစ်တွေမှာ စစ်ကောင်စီ စစ်ရေးပြင်ဆင်လာ

ရခိုင်မြောက်ပိုင်းက တစ်ခုတည်းကျန်ရှိနေတဲ့ စစ်တွေမြို့မှာ စစ်ကောင်စီက အခုရက်ပိုင်း စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်လာနေတာကို တွေ့ရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။

စစ်တွေ - ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ ဇော်မဒတ်၊ ကံ့ကော်ကျွန်းနဲ့ ကျောက်တန်းချေမှာရှိတဲ့ ဗျူဟာစခန်းတို့မှာ စစ်အင်အားထပ်ဖြည့်တင်းတာနဲ့အတူ တပ်အရွှေ့အပြောင်းတွေ လုပ်လာနေပါ တယ်။

စစ်တွေမှာ စစ်ကောင်စီနဲ့ AAတို့အကြား အပြန်အလှန် လက်နက်ကြီးတိုက်ပွဲတွေ ရပ်တန့်နေတာ အတန်ကြာမြင့်နေခဲ့ရာကနေ ဇူလိုင်လ ၂၂ ရက်နေ့စတင်ပြီးတော့ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုနဲ့ အတူ ပစ်ခတ်မှုတွေ ရှိလာနေပါတယ်။

AA ဟာ စစ်တွေမြို့ ပတ်ပတ်လည်မှာရှိတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်တွေမြို့ကို ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေတာပါ။

စစ်တွေမြို့ စစ်မျက်နှာအခြေအနေမှာ နှစ်ဖက်အင်အားအလုံးအရင်းနဲ့ စစ်ဆိုင်ထားတဲ့ အနေအထားရှိပေမယ့် တိုက်ပွဲပြင်းထန်တာ မရှိသေးပါဘူး။ ရခိုင်မှာ ကလေးလုပ်သား အများအပြား တွေ့လာနေရပါတယ်။

■ ရခိုင်မှာ ကလေးလုပ်သား အများအပြား တွေ့လာနေရ

စစ်ဘေးဒဏ်သင့် ရခိုင်ဒေသတွေမှာ ကုန်ဈေးနှုန်းမြင့်တက်မှု၊ စားဝတ်နေရေးကျပ်တည်းမှုတို့ကြောင့် မြို့/ရွာအနှံ့မှာ ကလေးအလုပ်သမားတွေကို သိသိသာသာ တွေ့လာနေရပါတယ်။

လူစည်ကားရာ ဈေး၊ ဆိပ်ကမ်း၊ ကားဂိတ်၊ ကုန်စုံဆိုင်၊ အဝတ်ဆိုင်၊ စတိုးဆိုင်၊ လက်ဘက်ရည်ဆိုင်စတဲ့ အရောင်းဆိုင်တွေမှာ အသက် ၁၆ နှစ်အောက် ကလေးငယ်အများအပြားတွေ့လာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဈေးရောင်း၊ ဈေးဝယ်၊ မုန့်ရောင်း၊ တောင်တက်ထင်းရှာ၊ ချောင်းထဲငါးဖမ်း၊ နွားအငှားကျောင်း စတဲ့ ကြုံရာကျပန်းအလုပ်တွေကိုပါ ကလေးအလုပ်သမားတွေပါ လုပ်ကိုင်နေကြတာကို တွေ့မြင်ရပါတယ်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ ကလေးအလုပ်သမားတွေကို အများဆုံးတွေ့ မြင်နေရတာပါ။

တိုက်ပွဲစတင်ချိန်ကစလို့ ရခိုင်ဒေသကို စစ်ကောင်စီ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ဒေသခံတွေမှာ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို အလူးအလဲရင်ဆိုင်နေကြရပြီး အဲဒီထဲ အခြေခံလက်လုပ်လက်စား တွေမှာ ပိုခက်ခဲနေပါတယ်။

ဒါကြောင့် မိသားစုစားဝတ်နေရေးအတွက် မိဘတွေလုပ်အားနဲ့ လိုက်မမီတော့တာကြောင့် သားသမီး တွေကိုပါ လုပ်ငန်းခွင့်ထဲဝင်ရောက်ကာ ဝိုင်းကူဖြေရှင်းနေကြရတာလည်းဖြစ်ပါတယ်။