မြန်မာ့တောရိုင်းတိရစ္ဆာန်များ အွန်လိုင်းမှတစ်ဆင့် တရားမဝင်ရောင်းချမှု မြင့်တက်လာနေ

မြန်မာနိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းချမှု ပိုမိုမြင့်တက်လာနေကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့- World Wide Fund For Nature(WWF)အဖွဲ့၏ သုတေသနမှတ်တမ်းများအရ သိရသည်။

02 Apr 2022

DMG ၊ ဧပြီ ၂

မြန်မာနိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းချမှု ပိုမိုမြင့်တက်လာနေကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့- World Wide Fund For Nature(WWF)အဖွဲ့၏ သုတေသနမှတ်တမ်းများအရ သိရသည်။

WWF အဖွဲ့၏ အာရှပစိဖိတ်ဒေသဆိုင်ရာရုံး၏ သုတေသနမှတ်တမ်းသစ်အရ ၂၀၂၀ နှင့် ၂၀၂၁ ကြားကာလအတွင်း မြန်မာနိုင်ငံတွင် Facebook မှတစ်ဆင့် တောရိုင်းတိရစ္ဆာန်ထွက်ကုန်ပစ္စည်းများကို ရောင်းဝယ်မှု ၇၄ ရာခိုင်နှုန်းထိ တိုး၍လာနေကြောင်း သိရသည်။

WWF ၏ အာရှပစိဖိတ်ဒေသတွင်း တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားသည့် ဆိုက်ဘာရာဇဝတ်မှုများဆိုင်ရာ စီမံကိန်းခေါင်းဆောင်ဖြစ်သူ Shaun Martin က “ကျွန်တော်တို့တွေ့ရှိတဲ့ အွန်လိုင်းကနေရောင်းဝယ်ကြသူတွေထဲက တစ်ဝက်ကျော်ကတော့ မြန်မာနိုင်ငံထဲမှာရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ ၃၄၄ ယောက်သော ရောင်းဝယ်ကြသူတွေထဲမှာ ရန်ကုန်က ၄၄ ရာခိုင်နှုန်း၊ မန္တလေးက ၃၀ ရာခိုင်နှုန်း၊ မကွေးက ၃ ရာခိုင်နှုန်းဖြစ်ပါတယ်။ နောက်ပြီးစစ်ကိုင်း၊ ပဲခူးနဲ့ နေပြည်တော်က ရာခိုင်နှုန်းနည်းနည်းစီဖြစ်ပါတယ်”ဟု DMG သို့ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း Facebook ပေါ်မှရောင်းချသည့် တောရိုင်းတိရစ္ဆာန်ပစ္စည်းပေါင်း ၁၁,၀၄၆ ခုထိရှိခဲ့ပြီး အဖွဲ့ဝင်ပေါင်း ၁၉,၀၀၀ ကျော်ရှိသော အွန်လိုင်းဂရုများအတွင်း တစ်ရက်လျှင် ပိုစ့်ပေါင်း ၃၀ ကျော်ထိတွေ့ရှိရကြောင်းနှင့် ရောင်းချရာတွင် ငှက်မျိုးစိတ် ၇၆ ရာခိုင်နှုန်း၊ နို့တိုက်သတ္တဝါ ၂၂ ရာခိုင်နှုန်းနှင့် တွားသွားသတ္တဝါ ၂ ရာခိုင်နှုန်းအထိပါဝင်ကြောင်း WWF အဖွဲ့၏ စစ်တမ်းများအရသိရသည်။

တောရိုင်းတိရစ္ဆာန်များအား အကောင်လိုက်ရောင်းဝယ်ခြင်း၊ တိရစ္ဆာန်အစိတ်အပိုင်းများကို လက်ဝတ်ရတနာအဖြစ် အသုံးပြုခြင်းနှင့် တိုင်းရင်းဆေးအဖြစ်အသုံးပြုခြင်းတို့အတွက် ပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ်လျှက်ရှိနေပြီး ရောင်းဝယ်နေကြသည့် သုံးပုံတစ်ပုံသောတိရိစ္ဆာန်များမှာ ကမ္ဘာပေါ်မှ မျိုးတုန်းပျောက်ကွယ်ရန် အန္တရာယ်နှင့်ကြုံတွေ့နေသော မျိုးစိတ်များဖြစ်ကြောင်း Shaun Martin ကဆိုသည်။

“၂၀၂၀ ပြည့်နှစ်မှာ မြန်မာ့သစ်တောဦးစီးဌာနက တရားဝင်ကာကွယ်ထားတဲ့မျိုးစိတ် ၉၀ ကို အခြေအနေပေါ်မူတည်ပြီး စီးပွားဖြစ် မွေးမြူခွင့်ပြုခဲ့ရာကနေစပြီး တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုကို ဖြေရှင်းကိုင်တွယ်တဲ့နေရာမှာ စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ လိုင်စင်လိုအပ်တယ်ဆိုပေမယ့် လိုင်စင်ရယူဖို့လိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြခဲ့တာမရှိသေးပါဘူး။ အဲ့ဒီလို လိုင်စင်ထုတ်ပေးတာက တောရိုင်းတိရစ္ဆာန်တရားမဝင်ရောင်းဝယ်မှုကို တားဆီးဖို့လုပ်ကိုင်တဲ့နေရာမှာ ခက်ခဲစေပါတယ်။ အဲလို မွေးမြူရောင်းချခွင့်ပြုခဲ့တာဟာ ရောင်းဝယ်တဲ့သူတွေကို အတိုင်းအတာတစ်ခုထိ အကာအကွယ်ပေးသလိုဖြစ်နေပြီး တွေရှိခဲ့တဲ့သူအချို့က သူတို့မှာ လိုင်စင်ရှိထားတယ်ဆိုတာမျိုးဖြစ်နေတာမျိုးပါ”ဟု သူကရှင်းပြသည်။

ရခိုင်တွင်လည်း တောရိုင်းတိရစ္ဆာန်များကို Online ပေါ်တွင် ရောင်းဝယ်ခြင်းထက် မြေပြင်တွင်ရောင်းချခြင်းများ ပိုများနေကြောင်း ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ကိုရန်နောင်စိုးကဆိုသည်။

“လက်ရှိမှာက ရခိုင်မှာနေ့တိုင်းလိုလို ဈေးတွေမှာ တောရိုင်းတိရိစ္ဆာန်တွေကို ဈေးတွေမှာရောင်းချနေတာတွေရှိတယ်။ ငှက်အစ လိပ်ဥအဆုံးပေါ့။ ဒါကလည်း စားသုံးသူရှိတဲ့အတွက် ရောင်းနေကြတာဖြစ်တယ်။ ဒီတော့ ဒါမျိုးတွေကိုလည်း ထိန်းသိမ်းဖို့လိုအပ်နေပါတယ်”ဟု ကိုရန်နောင်စိုးကပြောသည်။

ရခိုင်တွင် တောရိုင်းတိရိစ္ဆာန်များကို Online ပေါ်မှတစ်ဆင့် ရောင်းဝယ်ခြင်းများ မတွေ့ရှိရသေးသော်လည်း တရားမဝင်တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုမရှိဟု မဆိုနိုင်ကြောင်းနှင့် တောရိုင်းတိရစ္ဆာန်ရင်းမြစ်များကို ဖုန်းကွယ်ထားခြင်း၊ လူမသိသူမသိ ရောင်းဝယ်နေခြင်းမျိုးလည်းဖြစ်နိုင်ကြောင်း Shaun Martin ကလည်း ထောက်ပြပြောဆိုထားသည်။

ထို့အပြင် “ဒီတိရိစ္ဆာန်တွေမရှိတော့ရင် အများပြည်သူ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဘေးတွေ၊ ဘာမှမရှိတော့တဲ့ သစ်တောတွေ၊ မြစ်ချောင်းအင်းအိုင်တွေ၊ ကောင်းကင်တွေကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ အခုလိုကုန်သွယ်မှုကို ရပ်တန့်နိုင်မယ့်စွမ်းအား ကျွန်တော်တို့အားလုံးမှာရှိပါတယ်။ ဒါကြောင့် တောရိုင်းတိရစ္ဆာန်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မမွေးမြူကြပါနဲ့၊ မစားသုံးကြပါနဲ့၊ ရောင်းဝယ်ကုန်သွယ်တာတွေမလုပ်ကြပါနဲ့”ဟု သူကတိုက်တွန်းထားသည်။

ယခုကဲ့သို့ တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းချမှု ပိုမိုမြင့်တက်လာနေမှုကိုလျှော့ချရန်အတွက် WWF အနေဖြင့်လည်း အသိပညာပေးမှုများလုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း WWF မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ