ထိုင်း- မြန်မာနယ်စပ်ရှိ ဝေါလေဗျူဟာစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ

ထိုင်း- မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်း ၃ ခုထဲမှ ဝေါလေဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်နေ၍ တိုက်ပွဲများပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

By Admin 08 Jul 2025

၂၀၂၅ ခုနှစ် ဧပြီလအတွင်းတွေ့ရသည့် KNLA တပ်သားတစ်ဦး။ ဓာတ်ပုံ - ရိုက်တာ
၂၀၂၅ ခုနှစ် ဧပြီလအတွင်းတွေ့ရသည့် KNLA တပ်သားတစ်ဦး။ ဓာတ်ပုံ - ရိုက်တာ

DMG ၊ ဇူလိုင် ၈

ထိုင်း- မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်း ၃ ခုထဲမှ ဝေါလေဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်နေ၍ တိုက်ပွဲများပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ စခန်းကို ဇူလိုင် ၃ ရက်မှ စ၍ KNLA ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း ပစ်ကူဖြင့် အပြင်းအထန်ခုခံနေ၍ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက " စစ်ကောင်စီဘက်ကတော့ မြေပြင်အင်အား မဖြည့်နိုင်တော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ခုခံတာတွေ ရှိတယ်။ ဒီတစ်ခါတော့ အပြီးသတ် ရမယ်လို့ မျှော်လင့်တယ်။ မဟုတ်ရင် စစ်ကောင်စီက သက်စောင့်စည်းရိုး ၂ ပြန် ရိုက်နေအုံးမှာ " ဟု ပြောသည်။

ထို့အတူ ကျန်စခန်းနှစ်ခုဖြစ်သည့် ဥကရစ်ထနှင့် တီသဲလယ်စခန်းတို့ကိုလည်း KNLA နှင့် ပူးပေါင်းတပ်များက ပိတ်ဆို့ဖြတ်တောက်ထားကြောင်း သိရသည်။

အဆိုပါ စခန်းအားလုံးသိမ်းပိုက်နိုင်ပါက ထိုင်းနယ်စပ်တစ်ခုလုံးကို ထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်း KNLA စစ်ရေးသတင်းရင်းမြစ်များက ဆိုကြသည်။

လက်ရှိတွင် နယ်စပ်အနီးက တိုက်ပွဲများကြောင့် ဒေသခံအမြောက်အများမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး စစ်ဘေးရှောင်နေကြရသည်။

KNU အနေဖြင့် ထိုင်းနယ်စပ်မှ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးလျှင် ပဲခူးရိုးမမှ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ နေပြည်တော်ကို ထိုးစစ်ဆင်နိုင်ကြောင်း စစ်ရေး၊ နိုင်ငံရေးအကဲခတ်သူတို့က ရှုမြင်နေကြသည်။

" KNU မှာလည်း စစ်တောင်းမြစ်ဝှမ်း အနောက်ဘက်ခြမ်းကနေ အရှေ့ဘက်ခြမ်းကို ကူးပြီးတော့ အရေးကြီးတဲ့ စစ်လမ်းကြောင်းဖြစ်တဲ့ ရန်ကုန်- မန္တလေး မီးရထား လမ်းကြောင်းတွေရှိနေတဲ့ ပဲခူးရိုးမ အရှေ့ခြမ်းမှာ လှုပ်ရှားကြလိမ့်မယ်။ အဲဒီ ပဲခူးရိုးမ အနောက်ခြမ်းမှာရှိနေတဲ့ အင်အားစုတွေနဲ့ ပေါင်းမိပြီဆိုရင် နေပြည်တော်ကို ဝိုင်းပတ်ထိုး စစ်ဆင်ဖို့ အခြေနေကောင်းတစ်ရပ် ရရှိလိမ့်မယ် " ဟု စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

နိုင်ငံတဝန်း နယ်စပ်ဒေသများတွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်မှုများ တိုးလာနေပြီး နယ်စပ်ကုန်သွယ်ရေး အကျိုးအမြတ်များကို အသုံးပြု၍ စစ်အာဏာရှင်စနစ်ကို အမြတ်ဖြတ် ချေမှုန်းရေး ပြုလုပ်လာနိုင်ကြောင်း စစ်ရေးနိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

KNU/KNLA နှင့် ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် မတ်လမှ စ၍ ထိုင်း-မြန်မာနယ်စပ်မှ စစ်ကောင စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်တပ်စခန်း၊ သေ့ဘောဘိုးစခန်း၊ ထီးကပလယ် စခန်းတို့ကို သိမ်းပိုက်ထားသည်။