တိုက်ပွဲနီးကပ်လာ၍ ကျောက်ဖြူမြို့က ဌာနဆိုင်ရာဝန်ထမ်းများ ပြောင်းရွှေ့ရန် ကြိုးပမ်းနေ

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများမှာ မြို့အနီး ၆ မိုင်အကွာထိ နီးကပ်လာနေသဖြင့် ကျောက်ဖြူမြို့ပေါ်က စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများမှာ ပြည်မဘက်သို့ ပြောင်းရွှေ့ခွင့်တင်၍ မြို့ပေါ်က ထွက်ခွာရန် ကြိုးပမ်းနေကြောင်း စုံစမ်းသိရသည်။

By Admin 28 May 2025

ကျောက်ဖြူမြို့လယ်ခေါင်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက တွေ့ရစဉ်။
ကျောက်ဖြူမြို့လယ်ခေါင်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက တွေ့ရစဉ်။

DMG ၊ မေ ၂၈

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများမှာ မြို့အနီး ၆ မိုင်အကွာထိ နီးကပ်လာနေသဖြင့် ကျောက်ဖြူမြို့ပေါ်က စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများမှာ ပြည်မဘက်သို့ ပြောင်းရွှေ့ခွင့်တင်၍ မြို့ပေါ်က ထွက်ခွာရန် ကြိုးပမ်းနေကြောင်း စုံစမ်းသိရသည်။

ယခု အာရက္ခတပ်တော်၏ ထိုးစစ်မှာ ကျောက်ဖြူမြို့အနီး အမှတ် (၃၂) ရဲတပ်ရင်းနှင့် မလကျွန်းကျေးရွာက ကင်းမွန်းတောင် ကာကင်းစခန်းတို့ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုသို့ တဖြည်းဖြည်း တိုက်ပွဲများနီးကပ်လာသဖြင့် လုံခြုံရေးစိုးရိမ်ချက်ကြောင့် မြို့ပေါ်က ဌာနဆိုင်ရာဝန်ထမ်းအများမှာ ပြောင်းရွှေ့ခွင့်တင်လာကြခြင်း ဖြစ်သည်။

" လဝက၊ ပညာရေးနဲ့ အခွန်၊ မြေစာရင်းဌာနတို့က ဝန်ထမ်းတွေကတော့ အခြားဌာနတွေထက် ပြောင်းရွှေ့ခွင့် တင်တာ ပိုများတယ်။ ပြည်ထဲရေးမှာဆိုရင် ထွေအုပ်ဝန်ထမ်းလည်း ပါတယ်။ အဓိကတော့ တိုက်ပွဲက မြို့အနားကို ကပ်လာလို့ စိုးရိမ်ကြောက်လန့်စိတ်နဲ့ ပြောင်းရွှေ့ခွင့်တင်ကြတာ " ဟု ဝန်ထမ်းအသိုင်းအဝန်းနှင့် နီးစပ်သူ ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်သည် ပြီးခဲ့သည့် မေလ ၁၉ ရက်က အမှတ် (၃၂) ရဲတပ်ရင်းအနီးရှိ မင်းတပ်တောင်ကျေးရွာက စစ်ကောင်စီ၏ ကာကင်းစခန်းများကို သိမ်းပိုက်ခဲ့သည်။ ထို့အတူ ကျောက်ဖြူမြို့မှ ၆ မိုင်ခန့်အကွာ မလကျွန်းကျေးရွာအနီးက စစ်ကောင်စီစခန်းကုန်းအချို့ကိုပါ သိမ်းပိုက်ထားသည်။

မြို့ပေါ်က ဌာနဆိုင်ရာဝန်ထမ်းများမှာ ဓညဝတီရေတပ်ဌာနချုပ်အနီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလက စ၍ ပြောင်းရွှေ့ခွင့်တင်လာကြခြင်းဖြစ်သော်လည်း ယခုမေလတွင် ပို၍များလာခြင်းဖြစ်သည်။

" ဦးစီးတို့ အရာရှိတို့ ရုံးအကြီးအကဲတွေကို ပိုက်ဆံပေးပြီး ရန်ကုန်ဘက်ကို ပြောင်းသွားတဲ့ ဝန်ထမ်းတွေအများ ကြီးရှိတယ်။ ဒီလမှာကျတော့ ပိုပြီးသိသိသာသာ ဖြစ်လာတယ်။ ဒီရက်ပိုင်းဆို ပိုးဆိုပေါ့။ တိုက်ပွဲက မြို့နားအထိ ရောက်လာတဲ့ အခြေအနေဆိုတော့ တော်တော်လေး ကြောက်နေကြတယ် " ဟု ထွေအုပ်ရုံးနှင့် နီးစပ်သူ နောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။

လက်တလောတွင် တရားဝင်ပြောင်းရွှေ့အမိန့်ကျရန် မသေချာသဖြင့် အချို့ မှာ သက်ဆိုင်ရာဌာန၏ အကြီးအကဲများကို လာဘ်ထိုး၍ ရန်ကုန်သို့ ကြိုတင် ပြောင်းရွှေ့သွားသူများလည်း ရှိကြောင်း သိရသည်။

ဝန်ထမ်းများ ပြောင်းရွှေ့ခွင့် တင်လာကြခြင်းမှာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားအပေါ် အယုံအကြည် မရှိသောကြောင့်ဖြစ်ပြီး အခြားတစ်ဘက်တွင် မိသားစုလုံခြုံရေးနှင့် စားဝတ်နေရေးအရ ရွှေ့ပြောင်းကြခြင်း ဖြစ်သည်။

" အခု စစ်ရေးအခြေအနေအရဆိုရင် တိုက်ပွဲက မြို့ကို ကျိန်းသေပေါက် ရောက်လာမှာပဲ။ ကြာမယ်၊ မြန်မယ် နှစ်ခု ပဲရှိတယ်။ မြို့မှာသာ တိုက်ပွဲဖြစ်လာမယ်ဆိုရင် ကုန်ဈေးနှုန်းတွေ တက်ပြီး မိသားစုစားဝတ်နေရေးအတွက် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်တော့ဘူး။ ဒါကြောင့် ရန်ကုန်ကို ပြောင်းဖို့ကြိုတင်ခွင့်တင်ထားကြတာ ဖြစ်တယ် " ဟု ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ရခိုင်က မြို့နယ် ၁၄ ခုကို ရှုံးထားရပြီး ယင်းမြို့နယ်များရှိ ဌာနဆိုင်ရာရုံးအချို့ကို ရန်ကုန်တွင် ပြောင်းရွှေ့ ဖွင့်လှစ်ထားသည်။

ထို့အတူ အဆိုပါ ဌာနဆိုင်ရာရုံးလုပ်ငန်းများ လည်ပတ်ရေးအတွက် AA ထိန်းချုပ်နယ်မြေများမှ ရွှေ့ပြောင်းလာသော ဝန်ထမ်းများကို သက်ဆိုင်ရာမြို့နယ်အလိုက် တွဲဖက်ရာထူးများပေး၍ ခန့်အပ်ထားသည်။