CDM ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်မဝင်လျှင် လျော်ကြေးပေးရန်နှင့် အလုပ်ထုတ်ပယ်မည်ဟု စစ်ကောင်စီဖိအားပေး

မြန်မာစစ်ကောင်စီ အာဏာသိမ်းယူမှုအပေါ် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန်နှင့် မဝင်ရောက်ပါက လျှော်ကြေး သိန်း (၅၀) သို့မဟုတ် သိန်း (၁၀၀) ပေးဆောင်ရမည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံမှုပြလုပ်ခဲ့လျှင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထောင်ချခံရမည်ဟု စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန အမိန့်ညွှန်ကြားချက်အရ သိရသည်။

13 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၃

မြန်မာစစ်ကောင်စီ အာဏာသိမ်းယူမှုအပေါ် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန်နှင့် မဝင်ရောက်ပါက လျှော်ကြေး သိန်း (၅၀) သို့မဟုတ် သိန်း (၁၀၀) ပေးဆောင်ရမည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံမှုပြလုပ်ခဲ့လျှင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထောင်ချခံရမည်ဟု စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန အမိန့်ညွှန်ကြားချက်အရ သိရသည်။

မြန်မာစစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်ဟုဆိုကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းများကို တာဝန်ကျရာဆေးရုံများရှိ အဆောင်များမှ နှင်ထုတ်ခြင်းတို့အတင်းအကျပ်ပြုလုပ်နေပြီး စားဝတ်နေရေးအတွက် ပြင်ပအလုပ်များကို ဖြစ်သလိုလုပ်ဆောင်နေရခြင်းကြောင့် အခက်အခဲများစွာ ရင်ဆိုင်နေကြရကြောင်း CDM ကျန်းမာရေးဝန်ထမ်းများအတွက် ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက DMG ကိုပြောသည်။

"အဆောင်လိုင်းခန်းမှ ဖယ်ပေးရတာမျိုုးရှိတယ်။ အလုပ်သက်ကာလ မပြည့်ရင် လျော်ကြေးပေးရတာမျိုးပေါ့။ အလုပ်ပြန်ဝင်ရောက်ဖို့ မဝင်ရင် ထုတ်မယ် ပယ်မယ် ရပ်နားမယ်ပေါ့နော်။ အဲလို အထုတ်ပယ်ခံရမှုကိုတော့ အတင်းအကြပ်လုပ်ပေမဲ့ လျော်ကြေးကိစ္စကိုတော့ လက်ရှိအချိန်အထိ အတင်းအကျပ်လုပ်တာမရှိသေးဘူး။ ဒါပေမဲ့ CDM ဝင်ထားတဲ့သူတွေကတော့ အကျပ်အတည်းဖြစ်နေရတော့ အဆင်ပြေသလို အပြင်အလုပ်လုပ်ပြီး ဖြေရှင်းနေရတာရှိပါတယ်။" ဟု ၎င်းက ပြောသည်။

ထို့အပြင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများမှ CDM ဝင်ရောက်ထားသည့် ကျောင်းသူများကို အတင်းအကျပ်ပြန်လည် တက်ခိုင်းခြင်းများရှိနေပြီး ပြန်လည်တက်ရောက်လာသူများနှင့် နောက်ဆုံးနှစ် ကျောင်းသူတချို့ကို ဘွဲ့ဒီဂရီပေးအပ်ကာဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန် စီစဉ်နေကြောင်း CDM သူနာပြုနှင့်သားဖွားသင်တန်း နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးက ဆိုသည်။

"အခုဖယ်ရှားခံရတဲ့နေရာမှာ အစားထိုးကလေးတွေထည့်မယ်။ ပြီးရင် တာဝန်တွေ ထမ်းဆောင်ဖို့ပေါ့။ အဲလိုစီစဉ်နေတာတော့ ကြားသိရပါတယ်။" ဟု သူမက ဆိုသည်။

ထို့အပြင်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) သူနာပြုများ လိုင်စင်သက်တမ်းတိုးလျှင် လိုင်စင်စာအုပ်များကို ပြန်ပေးအပ်ခြင်းမရှိဘဲ မြန်မာစစ်ကောင်စီလက်အောက်ခံ သူနာပြုနှင့်သားဖွားကောင်စီ (MNMC) မှ သိမ်းဆည်းထားမှုများ ရှိနေကြောင်း CDM သူနာပြုအမျိုးသမီးထုက ဆိုသည်။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၆၁ နှင့် ၁၆၂ နည်းဥပဒေခွဲ (ဃ) တို့အရ နိုင်ငံဝန်ထမ်းများ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်ကို လိုက်နာရန်ပျက်ကွက်ခဲ့လျှင် ခွင့်မဲ့ပျက်ကွက်မှုဟု သတ်မှတ်ပြီး ရာထူးမှထုတ်ပယ်နိုင်ကြောင်း ဝန်ထမ်းဥပဒေတွင် ပြဌာန်းထားသည်။

ထိုပြဋ္ဌာန်းမှုသည် ယခင်အရပ်သားအစိုးရ လက်ထက်တွင်ဖြစ်ပြီး ယခုစစ်ကောင်စီလက်အောက်တွင် အလုပ်မလုပ်လိုခြင်းကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဆောင်ရွက်ခြင်းဖြစ်ကာ လျော်ကြေးပေးဆောင်ရန်မှာလည်း အလုပ်ထွက်ထားခြင်းမရှိခြင်းကြောင့်

ပေးဆောင်ရန်မလိုအပ်သည့်အပြင် အလုပ်ထွက်ရန်အတွက် လက်ရှိအချိန်အထိ ဖိအားပေးတိုက်တွန်းခြင်း မရှိသေးကြောင်း CDM သူနာပြုတစ်ဦးက ဆိုသည်။
"အလုပ်ပြန်ဝင်ဖို့။ Bond ကိစ္စနဲ့ လျော်ဖို့နဲ့ ဥပဒေအရအရေးယူမယ်ပြောပါတယ်။ နေပြည်တော်ထိတိုင်ကြားမယ်ပေါ့။ အလုပ်နားဖို့ကိုတော့ အတင်းအကြပ်ဖိအားမပေးသေးပါဘူး။ အခုသူတို့ (စစ်ကောင်စီ) အောက်မှာ အလုပ်မလုပ်ချင်တာလဲပါပါတယ်။" ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လကစပြီး မြန်မာစစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသရာတွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အဖြစ် ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများမှ အများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ ကျန်းမာရေးဝန်ထမ်းအင်အား၁သိန်း ကျော်ခန့်မှာ CDM ဝင်ရောက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ဆိုသည်။

မြန်မာစစ်ကောင်စီတပ်၏ ဖမ်းဆီးမှုများကြောင့် CDM သူနာပြုနှင့်နီးစပ်သည့် မိသားစုများ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကာ တချို့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး သေဆုံးသူအရေအတွက် ၁၁ ဦးအထိရှိနေကြောင်း CDM ကျန်းမာရေးဝန်ထမ်းများထံမှသိရသည်။

ဗီဒီယိုများ