စစ်ကောင်စီဖမ်းဆီးထားသော ရခိုင်ဒေသခံအချို့ ငွေညှစ်ခံနေရ 

ရခိုင်တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ဒေသခံများအား အကြောင်းအမျိုးမျိုးဖြင့် ဆက်တိုက်ဖမ်းဆီးနေပြီး ယင်းအထဲမှတချို့ကို ငွေဖြင့်ပြန်ရွေးခိုင်းမှုများ ရှိနေကြောင်း DMG က စုံစမ်းသိရှိရသည်။ 

By Admin 07 Dec 2023

စစ်တွေမြို့မရဲစခန်းရှေ့တွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (File Photo/2020)
စစ်တွေမြို့မရဲစခန်းရှေ့တွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (File Photo/2020)

DMG စာရင်းအရ ရခိုင်ပြည်အနှံ့တွင် နိုဝင်ဘာလ ၁၃ ရက်မှစပြီး ဒေသခံ ၇၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ ယင်းအထဲတွင် လုပ်ငန်းရှင်၊ ကျောင်းသား၊ လူမှုရေးတက်ကြွလှုပ်ရှားသူ၊ ကုန်သည်နှင့် အခြေခံလူတန်းစားများ ပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငွေညှစ်နေခြင်းဖြစ်သည်။

“သူတို့တောင်းတဲ့ငွေကို လုပ်ငန်းရှင်တွေကတော့ ပေးနိုင်ပေမယ့် ငွေမရှိတဲ့လူတွေကတော့ မပေးနိုင်ဘူး။ ‘ငွေမပေးနိုင်ရင် လွတ်မြောက်ဖို့ နည်းမရှိဘူး’ ဆိုပြီး ရဲတစ်ယောက်က ပြောလာတယ်။ အနည်းဆုံး ငွေသိန်း ၂၀ ပေးရမယ်လို့ ပြောတယ်” ဟု ကျောက်ဖြူတွင် ဖမ်းဆီးခံထားရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ 

ငွေမပေးနိုင်သူများကို ရက္ခိုင့်တပ်တော်(ULA/AA)နှင့် ဆက်နွယ်သည်ဆိုပြီး စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ကာ ထောင်ဒဏ်ချမှတ်မည်ဟု ခြိမ်းခြောက်ကြောင်းလည်း သိရသည်။

AA ထုတ်ပြန်ချက်အရ ရခိုင်စစ်ပွဲစတင်သည့်နေ့မှ ဒီဇင်ဘာ ၆ ရက်နေ့ထိ ရခိုင်ဒေသခံ ၈၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ယင်းအထဲတွင် အသက်မပြည့်သေးသူ ၆ ဦးနှင့် မွတ်ဆလင် ၁၄ ဦး ပါဝင်သည်။ 

ငွေပေးပြီး လွတ်မြောက်လာသူတစ်ဦးက “ကျနော်တို့ကို ဘာမှမပြောဘဲ ဒီအတိုင်း ရဲစခန်းကို ဖမ်းခေါ်သွားတယ်။ အမည်၊ ဘယ်ကလဲ၊ သားသမီးဘယ်နှစ်ယောက်ရှိလဲ မေးတယ်။ ပြီးရင် AA နဲ့ ဘယ်လိုပတ်သက်လဲ မေးတယ်။ မဖြေရင် မီးကြိုးတွေနဲ့ရိုက်တယ်။ အဲဒီလို ရက်အတော်ကြာနေခဲ့ရတယ်” ဟု ပြောသည်။ (လွတ်မြောက်လာသူ၏လုံခြုံရေးအတွက် ပေးဆောင်ခဲ့ရသည့် ငွေကြေးပမာဏနှင့် မြို့နယ်ကို ချန်လှပ်ထားသည်။) 

စစ်ကောင်စီက ဖမ်းဆီးထားသူများထဲတွင် အခြေခံ လက်လုပ်လက်စားများလည်း ပါဝင်နေသဖြင့် ကျန်ရစ်ခဲ့သည့် မိသားစုဝင်များမှာ အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်။ ထို့အပြင် ဖမ်းဆီးခံထားရသူ အများစုမှာ မိသားစုဝင်များနှင့် လုံးဝတွေ့ခွင့်မရဘဲ ဖြစ်နေကြသည်။ 

“တွေ့ခွင့်လည်း မပေးဘူး။ ထမင်းသွားပို့ရင်လည်း စခန်းဂိတ်ဝမှာပဲ ပေးခဲ့ရတယ်။ စားရလား၊ မစားရလားလည်း မသိဘူး။ ကျန်းမာရေးအခြေအနေလည်း မသိရတော့ စိုးရိမ်မိတယ်။ တချို့တွေ ပိုက်ဆံပေးပြီး လွှတ်လာကြတယ်” ဟု စစ်တွေတွင် ဖမ်းဆီးခံထားရသူတစ်ဦး၏ မိခင်ကပြောသည်။

စစ်ကောင်စီသည် ရခိုင်ဒေသခံများကို ULA/AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးနေသည့်အထဲ ငွေညှစ်ရန်ရည်ရွယ်ချက်ဖြင့် လုပ်ငန်းရှင်များကို ပစ်မှတ်ထားဖမ်းဆီးမှုများလည်း ရှိနေသည်။ 

ကျောက်ဖြူမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက “စစ်ကောင်စီခေါင်းဆောင်ပိုင်းက ပြည်သူတွေ အကြောက်တရားရအောင်လို့ လူဖမ်းပွဲကို ပေါ်လစီအရလုပ်တာဖြစ်ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ကတော့ ငွေကြေးတတ်နိုင်သူတချို့ကို တမင်ငွေညှစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးတာမျိုးလည်း ရှိတယ်” ဟု ပြောသည်။  

လက်ရှိ စစ်ကောင်စီဖမ်းဆီးထားသူများထဲမှ ၁၆ ဦးထက်မနည်းမှာ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊(ခ) အပါအဝင် အခြားပုဒ်မများဖြင့် အမှုဖွင့်ခံထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တကျော့ပြန်တိုက်ပွဲ ကာလတွင်လည်း ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်သည် ဟုဆိုကာ ရခိုင်ဒေသခံ ၂၀၀ ကျော်ကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က)၊ ၁၇ (၁)၊ ၁၇ (၂) တို့ဖြင့်  တရားစွဲဆိုခဲ့သည်။

#D005 #D006

ဗီဒီယိုများ