- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
- ကြောက်မက်ဖွယ် လူသတ်ပွဲကြီး ဆင်နွှဲနေသည့် စစ်ကောင်စီ (Vox Pop)
- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
AA နှင့်ဆက်စပ်ကြောင်း တရားစွဲခံထားရသူများကို အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွေ့ဆိုင်းနေ
ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်သံသယဖြင့် တရားရင်ဆိုင်နေကြရသူများကို အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွေ့ဆိုင်းနေမှုမှာ စွပ်စွဲခံထားရသူများကို စိတ်ဒုက္ခရောက်အောင် လုပ်နေခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။
07 Apr 2023

DMG ၊ ဧပြီ ၇
ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်သံသယဖြင့် တရားရင်ဆိုင်နေကြရသူများကို အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွေ့ဆိုင်းနေမှုမှာ စွပ်စွဲခံထားရသူများကို စိတ်ဒုက္ခရောက်အောင် လုပ်နေခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုကြသည်။
မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် တရားရင်ဆိုင်နေရသည့် မင်းပြားမြို့နယ်၊ ငှက်ရဲကောက်ကျေးရွာမှ အသက်(၃၂)နှစ်အရွယ် ကိုသိန်းဇော်အမှုတွင် သက်သေအားလုံး စစ်ဆေးပြီးစီး၍ အပြီးသတ်အမိန့်ချမှတ်ရန်သာ ကျန်ရှိတော့သည်။
သို့သော်လည်း ‘အမိန့်ချမှတ်ရန်အတွက် အထက်မှအမိန့်မရသေး’ဟုဆိုကာ ရုံးချိန်းအကြိမ်ကြိမ် ရွေ့ဆိုင်းနေသည်မှာ ၈ လကျော်အထိ ကြာမြင့်လာခဲ့ဖြစ်ကြောင်း ကိုသိန်းဇော်၏ မိခင် ဒေါ်ခိုင်သန်းရီက ပြောသည်။
“အထက် တရားသူကြီးက - အမိန့်မကျသေးလို့၊ အသေးစိတ်လေ့လာနေလို့ အမိန့်မချသေးဘူးလို့ပဲ ပြန်ပြောတယ်။ ထပ်ရုံးချိန်းလိုက် ပြန်လာလိုက်နဲ့ အချိန်ပဲကုန်တယ်” ဟု ဒေါ်ခိုင်သန်းရီက ပြောသည်။
၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ကဖမ်းဆီးပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည့် ကျောက်တော်မြို့မှ ကိုဇော်ဝင်း အပါအဝင် ဒေသခံသုံးဦးအမှုမှာလည်း သက်သေအားလုံး စစ်ဆေးပြီးဖြစ်၍ အပြီးသတ်အမိန့်ချမှတ်ရန်သာ ကျန်ရှိတော့သည်။
သို့သော်လည်း တရားရုံးက အမိန့်မချဘဲ ရုံးချိန်းရွေ့ဆိုင်းနေသည်မှာ ၂ ကြိမ်အထိ ရှိနေပြီဖြစ်သည်။
“အချိန်ကြန့်အောင်လုပ်နေတာက စွပ်စွဲခံရသူတွေကို စိတ်ဒုက္ခပေးရာရောက်သလို မိသားစုဝင်တွေမှာလည်း ဒုက္ခအမျိုးမျိုး ရောက်ကြရတယ်။ လူ့အခွင့်အရေးအရဆိုရင်လည်း စွပ်စွဲခံထားသူအပါအဝင် မိသားစုဝင်တွေမှာ အများကြီးနစ်နာတယ်” ဟု ကိုဇော်ဝင်း၏ဇနီး ဒေါ်ခင်လှဇံက ပြောသည်။
ထိုသို့ တရားရင်ဆိုင်နေရသူများကို တရားရုံးက အမိန့်မချဘဲ ရုံးချိန်းသာရွေ့ဆိုင်နေသည့်အတွက် မိသားစုဝင်များနှင့် စွပ်စွဲခံထားရသူများမှာ ငွေကြေးအခက်အခဲအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာနေကြရသည်။
“စွပ်စွဲခံရတဲ့သူတွေမှာလည်း စိတ်ဓာတ်တွေ ကျကြတယ်။ စစ်ကောင်စီဘက်က ဒုက္ခပေးနေတာလို့ပဲ ပြောချင်တယ်” ဟု ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။
တရားရုံးလုပ်ထုံးလုပ်နည်းဥပဒေအရ တရားစွဲဆိုခံထားရသူများနှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲချက် ကြားနာပြီးပါက အနီးစပ်ဆုံးနှင့်အမြန်ဆုံး အပြီးသတ်အမိန့်ချမှတ်ရမည် ဖြစ်သည်။
“ဥပဒေအရဆိုရင်တော့ အပြီးသတ်လျှောက်လဲချက် ပေးပြီးရင်တော့ အမြန်ဆုံးအမိန့်ချမှတ်ဖို့ ဥပဒေမှာညွှန်ကြားထားတယ်။ သတ်မှတ်ချိန်တော့မရှိဘူး။ ဒါပေမဲ့ အမြန်ဆုံး လုပ်ဆောင်ရမယ်။ အဲဒီနောက် တရားစွဲတင်လို့ အပြစ်မရှိဘူးဆိုရင် ပြန်လွတ်လာမယ်။ အပြစ်ရှိရင်တော့ အပြစ်ချမှတ်ခံရမယ်” ဟု အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက ပြောသည်။
စစ်ကောင်စီလက်ထက်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပိုများလာနေပြီး ပြည်သူများမှာ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ဆုံးရှုံးနေကြရကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။
“အရင် မစလ ခေတ်မှာတော့ ဒီလိုမျိုးတွေ မရှိခဲ့ဘူး။ အရင်အစိုးရလက်ထက်မှာတော့ နည်းနည်းရှိခဲ့တယ်။ အခုစစ်ကောင်စီခေတ်မှာတော့ အများဆုံးလို့ ပြောလို့ရတယ်။ စစ်ကောင်စီဟာ ဥပဒေကို လက်တစ်လုံးခြား လုပ်နေတာ” ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်အတွင်း AA သံသယဖြင့် ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ် မ ၅၀၅(က)၊(ခ)တို့ဖြင့် တရားစွဲဆိုခံထားရသူ ၅၀ ခန့်ရှိပြီး ယင်းအထဲမှ အမိန့်မချဘဲ ရုံးချိန်းရွေ့ဆိုင်းခံနေရသူ ၂၀ ဦးထက်မနည်းရှိကြောင်း DMG က စုံစမ်းချက်အရ သိရသည်။
#R010