မောင်တောခရိုင်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေ၍ ဒေသခံများစိုးရိမ်

ရခိုင်ပြည်၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရှိနေသဖြင့် ဒေသခံများမှာ အသက်အန္တရာယ်ထိခိုက်လာမည်ကို စိုးရိမ်နေကြသည်။  

By Admin 20 Dec 2023

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြသော မောင်တောဒေသခံများအား နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။
တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြသော မောင်တောဒေသခံများအား နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။

လက်နက်ကြီးကျည်များမှာ ကျေးရွာအတွင်းနှင့် ရွာအနီးအနားတွင် ကျရောက်‌ပေါက်ကွဲကာ ဒေသခံများ ထိခိုက်သေဆုံးသည်ထိ ဖြစ်ပေါ်နေ၍ စိုးရိမ်နေကြခြင်း ဖြစ်သည်။ 

“ရွာသားတွေက လက်နက်ကြီးကျမှာကို စိုးရိမ်လို့ အပြင်ကို မထွက်ရဲကြတော့ဘူး။ ရွာအနီးမှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေရှိနေတော့ ပေါက်ကွဲပြီးအန္တရာယ်ဖြစ်မှာကို စိုးရိမ်နေရတယ်” ဟု ဘူးသီးတောင်မြို့နယ်၊ ဝါချီးလာ(မွတ်ဆလင်)ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ 

ဘူးသီးတောင်မြို့အခြေစိုက် ခမရ (၅၆၅) တပ်ရင်းကပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ဝါချီးလာကျေးရွာအနီး ကျရောက်ပေါက်ကွဲ၍ ဒီဇင်ဘာ ၁၄ ရက်က ကလေးငယ်တစ်ဦး ဒဏ်ရာရသွားခဲ့သည်။ နိုဝင်ဘာ၂၇ ရက်ကလည်း ရွာအနီးငရုတ်ခင်းတွင် အလုပ်လုပ်နေသည့် ဝါချီးလာဒေသခံ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ဒီဇင်ဘာ ၁၉ ရက်က ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်အခြေစိုက် စစ်ကောင်စီ၏ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) တပ်ရင်းမှ ပစ်ခတ်သည့်လက်နက်ကြီးများမှာ ဆင်သေပြင်(မွတ်ဆလင်)ရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သည်။

အလားတူ ဒီဇင်ဘာ ၁၉ ရက်က မောင်တောမြို့ အခြေစိုက် စစ်ကောင်စီ နခခ (၅) တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များမှာ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာသစ်၊ ကံသာယာ(အလယ်‌)၊ ကံသာယာ (အထက်)ကျေးရွာ အနီးအနားတို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ 

ယင်းအပြင် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၅)တပ်ရင်းမှလည်း လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ဗောဓိကုန်း၊ ရွှေရင်အေး၊ ကိုင်းကြီးနှင့် ရွာသာယာ ကျေးရွာတို့မှာ ဒေသခံအချို့မှာ တိမ်းရှောင်မှုများ ရှိနေသည်။ 

“လက်နက်ကြီးဆက်တိုက်ပစ်နေတာ တစ်ပတ်လောက်ရှိပြီ။ အရင်ကလည်း လက်နက်ကြီးကျလို့ ဒဏ်ရာရတာတွေရှိတော့ ဒေသခံတွေက ကြောက်ပြီးထွက်ပြေးနေတာရှိတယ်” ဟု ရွှေရင်အေးကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

ဒီဇင်ဘာ ၄ ရက်က နခခ(၅)တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေရင်အေးကျေးရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ ၃ ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်ကလည်း ရွာသာယာကျေးရွာမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။ 

“စစ်ကောင်စီက ညအချိန်မတော်လည်း လက်နက်ကြီးတွေပစ်တယ်။ တိုက်ပွဲမရှိလည်း ပစ်တယ်။ တိုက်ပွဲဖြစ်ရလည်း ပစ်တယ်။ ဒီလိုလုပ်နေတာတွေဟာ ပြည်သူတွေကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ကြောက်လန့်အောင် လုပ်ဆောင်နေတာ” ဟု မောင်တောမြို့မှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ 

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှစပြီး စစ်ကောင်စီက မြို့/ရွာများကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီး/ငယ်၊ လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးသူဦးရေမှာ တဖြည်းဖြည်း မြင့်တက်လာနေသည်။  

ဗီဒီယိုများ