စစ်ကောင်စီ စွန့်ခွာစခန်းတွင် မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ မီးတိုက်ကျေးရွာမှ ဒေသခံတစ်ဦးမှာ စစ်ကောင်စီတပ်သားများ စွန့်ခွာသွားသော နယ်ခြားစောင့်ရဲစခန်းအတွင်း မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။ 

By Admin 08 Dec 2023

မောင်တောမြို့နယ်ရှိ ကြိမ်ချောင်း(နကခ-၇) စစ်ကောင်စီတပ်မကို ယခုနှစ်၊ ဩဂုတ်လအတွင်းက တွေ့ရစဉ်။
မောင်တောမြို့နယ်ရှိ ကြိမ်ချောင်း(နကခ-၇) စစ်ကောင်စီတပ်မကို ယခုနှစ်၊ ဩဂုတ်လအတွင်းက တွေ့ရစဉ်။

မီးတိုက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်း(၄၀ နှစ်)မှာ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ငါးဖမ်းပြီးပြန်လာစဉ် မိုင်းနင်းမိခြင်းဖြစ်ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရသည်။ 

“ညာဘက်ခြေချင်းဝတ်က လုံးဝပြတ်သွားတယ်။ ဒဏ်ရာက ပြင်းထန်တယ်။ ဘယ်ခြေထောက်နဲ့ ခန္ဓာမှာလည်း မိုင်းစတွေ ထိသွားတယ်” ဟု မီးတိုက်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

မိုင်းနင်းမိသည့်နေရာမှာ စစ်ကောင်စီ၏ နခခ - ၂ လက်အောက်ခံ မီးတိုက်ချောင်းဝ နယ်ခြားစောင့်ရဲစခန်းဖြစ်ပြီး အဆိုပါစခန်းမှ တပ်ဖွဲ့ဝင်များမှာ နိုဝင်ဘာလ ၁၄ ရက်တွင် စခန်းစွန့်ခွာသွားကြပြီဟု ဒေသခံများထံမှ သိရသည်။ 

“ကျနော်တို့ ထင်တာက နယ်ခြားစောင့်ရဲတွေ မြုပ်ထားတဲ့ မြေမြုပ်မိုင်းတွေပဲ ဖြစ်မယ်။ အခု မိုင်းနင်းမိတာလည်း စခန်းထဲမှာ ဖြစ်နေတယ်။ ပြီးရင် အဲဒီနေရာကို AA ကလည်း မလာသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်တွင် နိုဝင်ဘာ ၁၃ ရက်မှစကာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲစတင်သည်နှင့် AA က နယ်ခြားစောင့်တပ်စခန်း၊ ရဲစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့များမှာ စခန်းစွန့်ခွာမှုများ ရှိနေသည်။

လက်ရှိစစ်ပွဲအတွင်း ရခိုင်ဒေသအတွင်း AA က နယ်ခြားစောင့်ရဲကင်းစခန်း (၄) ခုကို ထိုးစစ်ဆင်သိမ်းပိုက်ထားပြီး  နယ်ခြားစောင့်တပ်စခန်းနှင့် ရဲစခန်းများရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်လွှတ်ထားခဲ့သည့် စခန်းပေါင်း ၄၀ ကျော် ကိုလည်း သိမ်းပိုက်ထားသည်။ 

ရခိုင်တွင် မိုင်းနှင့် စစ်လက်နက်များ ပေါက်ကွဲမှုကြောင့် တောတောင်များကို အမှီပြုနေထိုင်နေကြသည့် ကျေးလက်နေပြည်သူများမှာ ထိခိုက်၊ သေဆုံးမှုနှင့် မကြာခဏကြုံတွေ့နေရသည်။ ထို့ကြောင့် မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကို တွေ့ရှိပါက လုံးဝမကိုင်ရန်နှင့် လက်နက်ကိုင်အဖွဲ့များ စခန်းချနေထိုင်ခဲ့သည့်နေရာနှင့် အနီးအနားကို သွားရောက်ခြင်း မပြုလုပ်ကြရန် လိုအပ်သည်။ 

#D009 #DMG

ဗီဒီယိုများ