ဒီမော့ဆိုတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် စခန်း ၁၀ ခု အရေးပေါ် ပြောင်းရွှေ့ခဲ့ရ

ကယား(ကရင်နီ)ပြည်နယ် ဒီမော့ဆို မြို့နယ် သေးဘော့ဆူလဲနှင့် ကုန်းသာကျေးရွာအနီးတွင် ဒီဇင်ဘာ ၃၊ ၄ ရက်နေ့များက စစ်ကောင်စီနှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့မှုကြောင့် စစ်ဘေးရှောင်စခန်း (၁၀) ခုကို အရေးပေါ် ယာယီ ရွှေ့ပြောင်း ခဲ့ရကြောင်း ကူညီရေးလုပ်ဆောင်သူများထံက သိရသည်။

By Admin 05 Dec 2022

ဒီမော့ဆိုတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် စခန်း ၁၀ ခု အရေးပေါ် ပြောင်းရွှေ့ခဲ့ရ

ယာယီပြောင်းရွှေ့ခဲ့ရသည့် ဒီမော့ဆို စစ်ဘေးရှောင်များကိုတွေ့ရစဉ်။ ဓာတ်ပုံ- CJ

DMG | ဒီဇင်ဘာ ၅

ကယား(ကရင်နီ)ပြည်နယ် ဒီမော့ဆို မြို့နယ် သေးဘော့ဆူလဲနှင့် ကုန်းသာကျေးရွာအနီးတွင် ဒီဇင်ဘာ ၃၊ ၄ ရက်နေ့များက စစ်ကောင်စီနှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့မှုကြောင့် စစ်ဘေးရှောင်စခန်း (၁၀) ခုကို အရေးပေါ် ယာယီ ရွှေ့ပြောင်း ခဲ့ရကြောင်း ကူညီရေးလုပ်ဆောင်သူများထံက သိရသည်။

အဆိုပါ တိုက်ပွဲများမှ လက်နက်ကြီးများသည် စခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် စခန်း(၁၀) ခုက လူဦးရေ နှစ်သောင်းဝန်းကျင်ကို ယာယီ နေရာရွှေ့ပြောင်းခဲ့ရခြင်းဖြစ်ကြောင်း ဒီမော့ဆို မြို့နယ် စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးက ပြောသည်။

“ နှစ်ရက် စခန်းအနီးမှာ တိုက်ပွဲဖြစ်နေတာ။ အချို့စခန်းငယ်လေးတွေကိုတော့ ယာယီရွှေ့လိုက်ရတယ်။ ဆယ်ခု လောက်ရှိတယ်။ အခု အထိလက်နက်ကြီးနဲ့ ပစ်ခတ်နေတုန်းပါပဲ ” ဟု ၎င်းကပြောသည်။

ယင်းသို့ နေရာရွှေ့ပြောင်းခဲ့ရသည့် စစ်ဘေးရှောင်များအတွက် လတ်တလောတွင် အဝတ်အထည်၊ စားနပ်ရိက္ခာနှင့် အမိုးအကာစသည့် အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံများထံက သိရသည်။

စစ်ဘေးရှောင်စခန်း တာဝန်ခံတစ်ဦးက “ စခန်းတွေကို ယာယီရွှေ့လိုက်ရတဲ့အတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာကို ရှိသလောက် ထောက်ပံ့ထားပါတယ်။ ဒါပေမယ့် အကူအညီတွေက ထပ်မံ လိုအပ်နေဆဲ ဖြစ်ပါတယ်” ဟုဆိုသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်မှ (၂၀) ကျော် သေဆုံးခဲ့ပြီး(၄) ဦးကို ဖမ်းဆီးရမိကာ လက်နက်ခဲယမ်း အသုံးအဆောင်အချို့တို့အား သိမ်းဆည်းရခဲ့ကြောင်း KNDF က ယမန်နေ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

ထို့အတူ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်စခန်းအချို့ကို KNDF က သိမ်းပိုက်ခဲ့ကာ လက်ရှိတွင် သေးဆူလဲကျေးရွာနှင့် ကုန်းသာကျေးရွာတို့တွင် KNDF ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်နေကြောင်း KNDF တာဝန်ရှိ သူ တစ်ဦးကဆိုသည်။

“ စခန်းသိမ်းပြီးတော့ အခု နယ်မြေရှင်းလင်းနေပါတယ်။ စစ်ကောင်စီတပ်ကလည်း အခုအထိ လက်နက်ကြီးနဲ့ ပစ်နေတုန်းပဲ။ ဒါကြောင့် တိုက်ပွဲထပ်ဖြစ်/မဖြစ် အခြေအနေကိုစောင့်ကြည့်နေပါတယ် ” ဟု ၎င်းကပြောဆိုသည်။

လက်ရှိတွင် အဆိုပါဒေသသို့ စစ်ကောင်စီတပ်မှ အင်အားအလုံအရင်းဖြင့် စစ်ကြောင်းထိုးရန်ပြင်ဆင်နေမှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံများအား နေအိမ်မပြန်ကြရန် KNDF အဖွဲ့မှ အသိပေးထားသည်။

ပြီးခဲ့သည့် မေလမှ ဒီဇင်ဘာလအတွင်း ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်KNDF ပူးပေါင်းအဖွဲ့ ကြားတိုက်ပွဲများကြောင့် ဒေသခံ ၁ သိန်းဝန်းကျော် နေရပ်စွန့်ခွာနေကြရသည်။

ဗီဒီယိုများ