မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အဆင်မပြေသေးဟု ကုလပြော

“UNHCR ၏ ဆန်းစစ်လေ့လာချက်အရ ရခိုင်ပြည်၏ အခြေအနေများသည် လက်ရှိကာလတွင် ဒုက္ခသည်များအတွက် ရေရှည်တည်တံ့ခိုင်မြဲသော နေရပ်ပြန်ရေးမဖြစ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

By Admin 20 Mar 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသော မွတ်ဆလင်ဒုက္ခသည်များ။ ဓာတ်ပုံ - Dhaka Tribune
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသော မွတ်ဆလင်ဒုက္ခသည်များ။ ဓာတ်ပုံ - Dhaka Tribune

DMG ၊ မတ် ၂၀

ရခိုင်ပြည်၏အခြေအနေများသည် လက်ရှိကာလတွင် မွတ်ဆလင် ဒုက္ခသည်များအတွက် ရေရှည်တည်တံ့ခိုင်မြဲသော နေရပ်ပြန်ရေး ဖြစ်ပေါ်စေနိုင်ခြင်း မရှိသေးကြောင်း ယနေ့ မတ်လ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA) က ထုတ်ပြန်သည်။

“UNHCR ၏ ဆန်းစစ်လေ့လာချက်အရ ရခိုင်ပြည်၏ အခြေအနေများသည် လက်ရှိကာလတွင် ဒုက္ခသည်များအတွက် ရေရှည်တည်တံ့ခိုင်မြဲသော နေရပ်ပြန်ရေးမဖြစ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

မွတ်ဆလင်ဒုက္ခသည်များ ပြန်လာနိုင်ရေးအတွက် ရခိုင်ပြည်နယ် စစ်ကောင်စီ လူမှုရေးဝန်ကြီး ဦးအောင်မျိုး ဦးဆောင်သည့် အဖွဲ့ဝင် ၁၇ ယောက် ပါဝင်သောအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့သို့ မတ်လ ၁၅ ရက်နေ့ကပင် ရောက်ရှိနေပြီး မွတ်ဆလင်များ နေရပ်ပြန်ရေးကိစ္စနှင့် ပတ်သက်၍ ဒုက္ခသည်များနှင့် တွေ့ဆုံကာ စိစစ်မှုများ ပြုလုပ်နေသည်။

UNHCR အနေဖြင့် မွတ်ဆလင်ဒုက္ခသည်များ ရေရှည်တည်တံ့ ခိုင်မြဲစွာ နေရပ်ပြန်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည့် အခြေအနေများအား ကြိုးပမ်းမှုများကိုလည်း ပံ့ပိုးကူညီပေးမည်ဟု ဆိုသည်။

“ဒုက္ခသည်တိုင်းသည် မိမိတို့ကောင်းစွာ သိရှိနားလည်သည့် ရွေးချယ်မှုအပေါ်အခြေခံ၍ မိမိတို့နေထိုင်ရာ နိုင်ငံသို့ ပြန်နိုင်ခွင့်ရှိသော်လည်း အဆိုပါရွေးချယ်မှုအပေါ် မည်သည့်ဒုက္ခသည်ကိုမျှ အတင်းအကြပ် ဖိအားပေးခြင်း မပြုသင့်” ဟု UNHCR ထုတ်ပြန်ချက်တွင် တွေ့ရသည်။

မွတ်ဆလင်ဒုက္ခသည်များကလည်း စစ်ကောင်စီအနေဖြင့် ပြန််လည်လက်ခံမည်ဆိုပါက နိုင်ငံသားဖြစ်ခွင့်ရရှိရေး၊ မူလနေရာတွင် နေထိုင်ခွင့်ရရှိရေးနှင့် လွတ်လပ်စွာ သွားလာခွင့်ပေးရေး တို့ကို တောင်းဆိုနေကြသည်။

“UNRCH က ထုတ်ပြန်ချက်ကို ကျနော်တို့ တွေ့ပါတယ်။ သူတို့ထုတ်ပြန်ထားတာမှာလည်း ယခုလက်ရှိ ရခိုင်ပြည်ရဲ့ နိုင်ငံရေးအခြေအနေအရ ပြန်လည်လက်ခံရေးကိစ္စ အဆင်မပြေဘူးလို့ ထုတ်ပြန်ထားတာ။ ကျနော်တို့ကို ပြန်လက်ခံမယ်ဆိုရင် နိုင်ငံသားမှတ်ပုံတင်ကတ်ပြား ထုတ်ပေးရမယ်။ ကျနော်တို့နေခဲ့တဲ့ မူလနေရာမှာ ပြန်ပြီး နေရာချပေးရမယ်။ နောက်ပြီးတော့ တခြားတိုင်းရင်းသားတွေလို တရားမျှတမှုနဲ့ လွတ်လပ်စွာသွားလာခွင့် ပေးမှ ပြန်လာနိုင်မယ်” ဟု ကူတူပါလောင်ဒုက္ခသည်စခန်းမှ ကိုအောင်မြိုင်က ပြောသည်။

နေရပ်ပြန်ပိုင်ခွင့်နှင့်ပတ်သက်၍ ဒုက္ခသည်များနှင့်အတူ ဘက်ပေါင်းစုံမှပါ၀င်သည့် တွေ့ဆုံညှိနှိုင်းခြင်းသည် ဒုက္ခသည်များအနေဖြင့် ရွေးချယ်မှုကိုပြုလုပ်စေနိုင်ပြီး အသိုင်းအဝိုင်းများအကြား ယုံကြည်မှု တည်ဆောက်နိုင်ရေး အတွက်လည်း အရေးပါသည်ဟု UNHCR က ရှုမြင်ထားသည်။

လက်ရှိ ရခိုင်ပြည်၏ အခြေအနေသည် စစ်ကောင်စီတပ်နှင့် AA တို့ နားလည်မှုဖြင့် အပစ်ရပ်စဲထားသော်လည်း ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်က တရွာဝင်တရွာထွက် သွားရောက်ကာ ဒေသခံများအား AA နှင့် အဆက်အသွယ်မလုပ်ရန် ပြောဆိုမှုများရှိနေသည့်အတွက် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့ AA သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုထားသည်။

လက်ရှိမှာ စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် မွတ်ဆလင်ဒုက္ခသည်များထဲမှ လူဦးရေ ၁,၀၀၀ ကျော်ကို ပထမအသုတ်အနေဖြင့် ပြန်လည်လက်ခံရေးအတွက် အိမ်ထောင်စုစာရင်းနှင့် အမည်များကို စိစစ်နေပြီး မောင်တောမြောက်ပိုင်းရှိ တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင်စခန်းများတွင် နေထိုင်ခွင့်ပေးရန် စီစဉ်ထားသည်။

၂၀၁၇ ခုနှစ်က မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။ သို့သော်လည်း မြန်မာအာဏာပိုင်များကတော့ ၂၀၁၇ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွား သည့် မွတ်ဆလင် အရေအတွက်မှာ ၅ သိန်းကျော်သာရှိကြောင်း ဆိုထားသည်။

#R007

ဗီဒီယိုများ