တိုင်းရင်းသားလက်နက်ကိုင် (၆) ဖွဲ့ ပင်လုံညီလာခံသို့ တက်ရောက်တော့မည် မဟုတ်

မကြာမီကျင်းပမည့် စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၆)ဖွဲ့က တက်ရောက်တော့မည် မဟုတ်ကြောင်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)မှ ယနေ့သြဂုတ်လ ၁၃ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။

By မင်းထွန်း 13 Aug 2020

FPNCC အတွင်းရေးမှူးအစည်းအဝေးကို 'ဝ'ပြည်နယ် အထူးဒေသ(၂) ပန်ခမ်းမြို့တွင် ယနေ့ ကျင်းပခဲ့ကြသည်။ (ဓာတ်ပုံ - WSTV)

မင်းထွန်း | DMG
သြဂုတ် ၁၃ ၊ စစ်တွေ

မကြာမီကျင်းပမည့် စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၆)ဖွဲ့က တက်ရောက်တော့မည် မဟုတ်ကြောင်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)မှ ယနေ့သြဂုတ်လ ၁၃ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။

စတုတ္ထကြိမ်မြောက် (၂၁)ရာစုပင်လုံညီလာခံကို လာမည့် သြဂုတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သော်လည်း Covid-19 ကပ်ရောဂါပြန့်ပွားနေသည့် အချိန်ကာလအတွင်း သွားလာရေးခရီးစဉ်များ စီစဉ်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အတွက် မတက်ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီတစ်ကြိမ်ညီလာခံဟာ Covid-19 ကပ်ရောဂါပြန့်ပွားနေတဲ့ အချိန်ကာလမှာ ကျင်းပတဲ့အတွက်ကြောင့် မိမိတို့ တောင်ပေါ်နယ်စပ်ဒေသတွေမှာ ဆေးဝါးကုသရေးပညာ အားနည်းတာ၊ ဆေးဝါးကုသမှု စက်ကိရိယာတွေ မပြည့်စုံတာ၊ Covid-19 ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသွားအလာခရီးစဉ်တွေ စီစဉ်ရာမှာ အခက်အခဲတွေ ရင်ဆိုင်နေရတာတွေဟာ မိမိတို့အဖွဲ့အစည်း(၆)ဖွဲ့ရဲ့ ညီလာခံကို မတက်ရောက်နိုင်တဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်” ဟု ထုတ်ပြန်ထားသည်။

ယင်းအပြင် ပဋိပက္ခများဖြစ်ပွားနေသည့် အဖွဲ့အစည်းများအားလုံး ညီလာခံကိုတက်ရောက်နိုင်ပြီး မျက်နှာချင်းဆိုင် စုံလင်စွာဆွေးနွေးနိုင်မှသာလျှင် ယုံကြည်မှုများမြှင့်တင်နိုင်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စတုတ္ထအကြိမ် ပင်လုံညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၆)ဖွဲ့မှ မတက်ရောက်သော်လည်း အစိုးရက လုပ်ဆောင်သွားမည်ဟု ထင်မြင်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးပေါင်းရေးကော်မတီ (UPDJC) အတွင်းရေးမှူး စိုင်းကျော်ညွန့် ကဆိုသည်။

“ဒီညီလာခံမှာတော့ သူတို့အတွက် အကျိုးသက်ရောက်မှုတော့ သိပ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ JICM မှာ သဘောတူထားတဲ့ဟာတွေကိုပဲ နောက်ဆုံးဆွေးနွေးပြီးတော့ ပြည်ထောင်စုသဘောတူစာချုပ် ချုပ်မှာဆိုတော့ ဒီညီလာခံမှာလည်း သူတို့ရဲ့အခန်းကဏ္ဍ သိပ်မရှိဘူး။ ဆိုတော့ သူတို့မလာလည်း အစိုးရကတော့ လုပ်သွားမယ်ထင်တယ်။ ကျနော်တို့သဘောကတော့ အားလုံးလာနိုင်တော့ကောင်းတယ်။ ကျနော်ကတော့ ကြိုဆိုတယ်၊ အားလုံးကိုတော့ လာစေချင်တယ်။ အစိုးရကိုလည်း အားလုံးကိုဖိတ်စေချင်တယ်” ဟု ၎င်းက ပြောသည်။

စတုတ္ထကြိမ်မြောက်ပင်လုံညီလာခံကို ပြည်ထောင်စုအစိုးရက ရက္ခိုင့်တပ်တော်(AA)ကို ဖိတ်ကြားခြင်းမရှိသည့်အတွက် များစွာစိတ်မကောင်းဖြစ်မိကြောင်း FPNCC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရက မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသည့် ရက္ခိုင့်တပ်တော် (AA)ကို ပင်လုံညီလာခံသို့ တက်ရောက်ရန်ဖိတ်ကြားမှုမရှိဘဲ အခြား NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ပင်လုံတက်ရောက်ရန် ဖိတ်ကြားထားသည်။

FPNCC အတွင်းရေးမှူးအစည်းအဝေးကို 'ဝ'ပြည်နယ် အထူးဒေသ(၂) ပန်ခမ်းမြို့တွင် ယနေ့ ကျင်းပခဲ့ကြသည်။ (ဓာတ်ပုံ - WSTV)

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယင်းအထဲတွင် UWSA (ဝ)အဖွဲ့၊ မိုင်းလားအဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကိုးကန့်အဖွဲ့ MNDAA ၊ တအောင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပါဝင်သည်။

ဗီဒီယိုများ