မောင်တော ဂြိတ်ချောင်းဖြစ်စဉ်တွင် နောက်ထပ် ၆ လအရွယ် ကလေးတစ်ဉီး သေဆုံး၊ သေဆုံးသူ ၁၃ ဦးထိရှိလာ

လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ၍ မောင်တောမြို့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည့် မောင်တောမြို့နယ်၊ ဂြိတ်ချောင်း (မြို)ကျေးရွာမှ ၆ လ အရွယ် ကလေးငယ်တစ်ဦးမှာ ပြီးခဲ့သည့် (နိုဝင်ဘာ လ ၂၂ ရက်) ညနေ ၆နာရီခန့် အချိန်တွင် သေဆုံးသွား‌ကြောင်း သိရသည်။

By Admin 24 Nov 2022

မောင်တော ဂြိတ်ချောင်းဖြစ်စဉ်တွင် နောက်ထပ် ၆ လအရွယ် ကလေးတစ်ဉီး သေဆုံး၊ သေဆုံးသူ ၁၃ ဦးထိရှိလာ

နိုဝင်ဘာ ၁၆ ရက်နေ့က ဂြိတ်ချောင်း(မြို) ကျေးရွာအတွင်း လက်နက်ကြီးကျ၍ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ရန် စီစဉ်နေကြစဉ်။ Photo – Zaw Gyi

DMG | နိုဝင်ဘာ ၂၄

လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ၍ မောင်တောမြို့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည့် မောင်တောမြို့နယ်၊ ဂြိတ်ချောင်း (မြို)ကျေးရွာမှ ၆ လ အရွယ် ကလေးငယ်တစ်ဦးမှာ ပြီးခဲ့သည့် (နိုဝင်ဘာ လ ၂၂ ရက်) ညနေ ၆နာရီခန့် အချိန်တွင် သေဆုံးသွား‌ကြောင်း သိရသည်။

သေဆုံးသွားသည့် ကလေးငယ်မှာ မဆောင်ဝေ ဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် ကျေးရွာအတွင်း ကင်းပွန်းတပ် နားဖောက်ပွဲ ပြုလုပ်ခဲ့သူလည်းဖြစ်သည်။ ၄င်းမှာ ပေါင်နှစ်ဘက်လုံးတွင် ကျည်စထိမှန်ခဲ့၍ ဒဏ်ရာပြင်းထန်မှုကြောင့် မောင်တောမြို့ဆေးရုံ၌ ဆေးကုသမှုခံယူနေရင်း သေဆုံးသွား ခြင်း ဖြစ်သည်။

“ ၂၂ ရက်နေ့ ညနေ ၆ နာရီလောက်မှာ မောင်တောမြို့ဆေးရုံမှာ သေဆုံးသွားပါတယ် ။ ဒဏ်ရာက ပေါင်နှစ်ဖက်လုံးမှာ ကျည်မှန်သွားတာပါ။ ဒဏ်ရာ ပြင်းထန်လို့ သေဆုံးသွားတာပါ ” ဟု ဂြိတ်ချောင်း ကျေးရွာသား မိသားစုနှင့်နီးစပ်သည့်မောင်ရဲလင်းနိုင် က DMG သို့ ပြောသည်။

၄င်း၏ ရုပ်အလောင်းကို နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန်တွင် မောင်တောမြို့မ သုသာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မိသားစုဝင်များမှာ မောင်တောမြို့ ဂြိတ်ချောင်း (မြို) ကျေးရွာသို့ ပြန်သွားကြပြီဖြစ်ပြီး လက်နက်ကြီးကျည် ကျရောက်သည့် နေအိမ်ကို ပြုပြင်နေကြကြောင်း ၄င်းက ပြောသည်။

သေဆုံးသွားသူ မဆောင်ဝေ၏ အစ်ကို ဖြစ်သူမောင်အေးယောင်မှာလည်း ပြင်းထန်သည့်ဒဏ်ရာများကြောင့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စစ်တွေဆေးရုံကြီးသို့ လာရောက်ပြီး ဆေးကုသမှုခံယူနေရကာ ငွေကြေးအကူအညီ လိုအပ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က ဂြိတ်ချောင်း(မြို)ကျေးရွာသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ရွာသား ၁၁ ဦးသေဆုံးကာ ၂၄ ဦးဒဏ်ရာရရှိသွားခဲ့သည်။

ယင်းနောက် နိုဝင်ဘာလ ၁၈ ရက်နေ့က လည်းဒဏ်ရာရရှိသူများထဲမှ တစ်ဦးသေဆုံးသွားခဲ့ပြီး ယခုတဖန် တစ်ဉီး ထပ်မံသေဆုံးသွားခြင်း ဖြစ်သည်။

ထိုပစ်ခတ်မှုမှာ မြန်မာစစ်တပ်လက်ချက်ဟု ဒေသခံများက ဆိုကြသည်။

မြန်မာ စစ်တပ်ဘက်ကလည်း ဒေသခံများ၏ ပြောဆိုချက်ကို ပယ်ချလိုက်ပြီး ၄င်းတို့ လက်ချက် မဟုတ်ဟုငြင်းဆို သည်။ “ AA ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ”ထိုသို့ သေဆုံး၊ဒဏ်ရာရခြင်း ထုတ်ပြန်ထားသည်။

သို့ရာတွင် ထိုပစ်ခတ်မှုမှာ မောင်တောမြို့နယ် နခခ(၇)မှ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုဟု ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ