ရခိုင်တောင်ပိုင်းတွင် စစ်ကောင်စီက ဆက်တိုက် လက်နက်ကြီးစမ်းသပ်နေ

ရခိုင်ပြည်တောင်ပိုင်း တောင်ကုတ်၊ ကျောက်ဖြူ၊ စနဲမြို့နှင့် မာန်အောင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ ကြည်းတပ်နှင့် ရေတပ်တို့မှ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

By Admin 06 Oct 2023

စစ်ကောင်စီ စစ်ရေယာဉ်တစ်စီး ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်။ ဓာတ်ပုံ- CNICDS
စစ်ကောင်စီ စစ်ရေယာဉ်တစ်စီး ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်။ ဓာတ်ပုံ- CNICDS

DMG ၊ အောက်တိုဘာ ၆

ရခိုင်ပြည်တောင်ပိုင်း တောင်ကုတ်၊ ကျောက်ဖြူ၊ စနဲမြို့နှင့် မာန်အောင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ ကြည်းတပ်နှင့် ရေတပ်တို့မှ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

အောက်တိုဘာ ၄ ရက်နေ့က တောင်ကုတ်မြို့နယ်၊ သရဂူကျေးရွာဘက်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုမှ လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများကပြောသည်။

အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီး ဓညဝတီ ရေတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

“မနက် ၈ နာရီကျော်လောက်က ပစ်တာပါ။ ပစ်ခတ်သံကတော့ ၂ ချက် ကြားရပါတယ်။ သူတို့ပစ်တာကတော့ စစ်တပ် တဖက်ကမ်း ပေါင်းနားကြီးတောင်ဘက်ကို ပစ်တာပါ” ဟု သစ်ပုတ်တောင်ကျေးရွာသားတစ်ဦးက ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ရေကြောင်းခရီး အသွားအလာများ ယာယီရပ်တန့်ခဲ့ရကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်း ၉ နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ် စနဲမြို့နှင့် ၃ မိုင်ခန့်အကွာ အမှတ်(၁၈) စစ်ကောင်စီ တောင်မော်ဦးရေတပ်စခန်းကနေ ပစ်ခတ်သံ ၁၀ ကြိမ်ထက်မနည်း ကြားလိုက်ရကြောင်း ဒေသခံများကပြောသည်။

“ကျနော်တို့မြို့ပေါ်မှာတော့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးက အကြောင်းကြားတဲ့အခါ မြစ်မှာလည်း လူအသွားအလာတွေ မရှိခဲ့ဘူး။ အခုတော့ ပုံမှန်အတိုင်းသွားနေကြပါတယ်။ ဒါပေမယ့်လည်း လက်နက်ကြီးပစ်တာဆိုတော့ ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတော့ရှိခဲ့ပါတယ်” ဟု စနဲမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့ကလည်း မာန်အောင်ကျွန်းရှိ စစ်ကောင်စီရေတပ်စခန်းက စခန်းအနီးတဝိုက်တွင် ပင်လယ်ပြင်လေ့ကျင့်ရေးများ ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုများ ရှိခဲ့သည်။

ရခိုင်ပြည် မြောက်ပိုင်းတွင်လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ရပ်တန့်နေချိန်မှစ၍ စစ်ကောင်စီတပ်သည် လက်နက်ကြီးစမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်ကလည်း စစ်တွေအနောက်ဘက် မေယုမီးပြတိုက်အနီးတွင် ပင်လယ်ပြင်လေ့ကျင့်ရေးများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

တိုက်ပွဲများရပ်တန့်နေချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးစမ်းသပ်မှုများ၊ ပင်လယ်ပြင် လေ့ကျင့်ရေးများ ဆက်တိုက်ပြုလုပ်နေ၍ ဒေသခံများက စိုးရိမ်နေကြသည်။

“စစ်ကောင်စီအနေနဲ့ အခုလိုလက်နက်ကြီးပစ်ခတ်မှုတွေက လက်နက်အဟောင်းတွေကို ပစ်ခတ်တာလို့ ပြောတာပေါ့။ ဒါပေမယ့် တစ်ဖက်မှာလည်း စစ်ကောင်စီအနေနဲ့ AA ကို အင်အားပြတဲ့သဘော မြင်ရတယ်။ AA ကိုလည်း သူတို့ပစ်ချင်တဲ့အချိန် ပစ်လို့ရတယ်ဆိုတဲ့သဘော သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်” ဟု ကျောက်ဖြူဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုနေစိုးခိုင်က ပြောသည်။

လက်ရှိမှာ ရခိုင်ပြည်အတွင်း မြို့နယ်များတွင် စစ်ကောင်စီတပ်က ရိက္ခာစုဆောင်းခြင်း၊ လက်နက်များ တပ်ဆင်ခြင်း၊ တပ်စခန်းနှင့် စစ်အင်အားများတိုးချဲ့နေပြီး ရက္ခိုပ်တပ်တော်(AA) ကလည်း ဒေသတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို စစ်ကောင်စီနှင့်စင်ပြိုင် လုပ်ဆောင်လျက်ရှိနေသည်။

#I003

ဗီဒီယိုများ