စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံရသည့် သတင်းသမား ၄ ဦးရှိ၊ ပြစ်မှုကျုးလွန်သူများ တာဝန်ခံနိုင်ရေးအတွက် နိုင်ငံတကာမှ ဆောင်ရွက်သင့်ဟုဆို

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် သတင်းသမား ၄ ဦးနှင့် အာဏာမသိမ်းမီအချိန်က သတ်ဖြတ်ခံခဲ့ရသည့် သတင်းသမား ၅ ဦး၊ စုစုပေါင်း ၉ ဦးအထိရှိလာပြီး ပြစ်မှုကျုးလွန်သူများမှာ ပြစ်ဒဏ်မှ ကင်းလွတ်နေသည်ဟု လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ(FEM)မှ ထုတ်ပြန်သည်။

By Admin 02 Nov 2022

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံရသည့် သတင်းသမား ၄ ဦးရှိ၊ ပြစ်မှုကျုးလွန်သူများ တာဝန်ခံနိုင်ရေးအတွက် နိုင်ငံတကာမှ ဆောင်ရွက်သင့်ဟုဆို

စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် သတင်းသမားများနှင့် အာဏာမသိမ်းမီအချိန်က သတ်ဖြတ်ခံခဲ့ရသည့် သတင်းသမားများအား တွေ့ရစဉ်။ ဓာတ်ပုံ - လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာ(FEM)

DMG ၊ နိုဝင်ဘာ ၂

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် သတင်းသမား ၄ ဦးနှင့် အာဏာမသိမ်းမီအချိန်က သတ်ဖြတ်ခံခဲ့ရသည့် သတင်းသမား ၅ ဦး၊ စုစုပေါင်း ၉ ဦးအထိရှိလာပြီး ပြစ်မှုကျုးလွန်သူများမှာ ပြစ်ဒဏ်မှ ကင်းလွတ်နေသည်ဟု လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ(FEM)မှ ထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာလ ၂ ရက်)တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ သတင်းသမားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများမှ ပြစ်ဒဏ်ကင်းလွတ်နေခြင်းကို ရပ်တန့်ရေးနေ့”တွင် စစ်တပ်၏ အလုံးစုံအပြစ်ဒဏ် ကင်းလွတ်နေမှုကြောင့် တရားမျှတမှုအရင်းအမြစ် လုံးဝမရှိဖြစ်နေသည့် မြန်မာနိုင်ငံအတွင်း မတရား သတ်ဖြတ်ခံခဲ့ရသော သတင်းထောက် (၉)ဦးကို အောက်မေ့သတိရလျက်၊ ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ကြရသည့် သတင်းထောက်များနှင့်အတူ တသားတည်းရပ်တည်ကြောင်း (FEM)အဖွဲ့မှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တပ်မှ ထိန်းချုပ်သည့် ရဲနှင့် တရားရုံးများသည် စုံစမ်းစစ်ဆေးခြင်းနှင့် ကျုးလွန်သူများကို အပြစ်ပေး အရေးယူခြင်းတို့ကို ပြုလုပ်နိုင်လိမ့်မည်မဟုတ်ကြောင်းနှင့် ပြည်တွင်းတရားစီရင်ရေး ကုန်ဆုံးသွားပြီဟု ယူဆရမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်ကဆိုသည်။

ထို့ကြောင့် နိုင်ငံတကာတရားရုံးများနှင့် နိုင်ငံတကာ ယန္တရားများအပါအဝင် နိုင်ငံတကာရှိ တာဝန်ရှိသူများ အားလုံးအနေဖြင့် ကျူးလွန်သူများကို တာဝန်ခံရစေရန် ဆောင်ရွက်သင့်ပြီး မြန်မာပြည်သူများထံသို့ တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်ရန် ယင်းတို့နိုင်ငံအတွင်းရှိ မည်သို့သော အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် ပြဋ္ဌာန်းချက်များကိုမဆို အသုံးပြုသင့်သည်ဟု မြန်မာ(FEM)အဖွဲ့၏ ထုတ်ပြန်ချက်ကဆိုသည်။

“ဒီသေဆုံးမှုတွေက ၂၀၁၄၊ ၂၀၁၆ ကတည်းနေ အမှုတွေက လက်သည်မပေါ်ခဲ့ဘူး။ ဒီဟာတွေက နောက်ထပ် ကျုးလွန်ဖို့အတွက် ဒီလိုအခြေအနေမျိုးမှာ နောက်ထပ်ကျုးလွန်မှုတွေကို အားပေးအားမြောက်ရာရောက်တယ်။ ကုလသမဂ္ဂရော၊ နိုင်ငံတကာကရော နိုဝင်ဘာလ ၂ ရက်နေ့ကို (အပြည်ပြည်ဆိုင်ရာ သတင်းသမားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများမှ ပြစ်ဒဏ်ကင်းလွတ်နေခြင်းကို ရပ်တန့်ရေးနေ့)အဖြစ် သတ်မှတ်ထားကြတယ်။ ဒီဟာက ဘယ်ကာလမှာမဆို ဒီကိစ္စတွေက စုံစမ်းဖော်ထုတ်ဖို့ အမြဲတိုက်တွန်းနေရမယ့် ကိစ္စတွေဖြစ်တယ်။ မဟုတ်ရင် နောက်ထပ်ကျုးလွန်မှုတွေက ထပ်ပြီးဖြစ်လာနိုင်တယ်”ဟု မြန်မာနိုင်ငံမှ ဝါရင့်သတင်းဆရာတစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အသတ်ခံခဲ့ရသည့် သတင်းထောက်(၄)ဦးမှာ ဇန်နဝါရီလအတွင်း စစ်တပ်၏ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးချုပ်နှောင်မှုကို ခံနေရစဉ်အတွင်း အသတ်ခံခဲ့ရသည့် သတင်းထောက် ပူးသွီဒင်း၊ ဇူလိုင်လတွင် စစ်တပ်မှ ဖမ်းဆီးချုပ်နှောင်ထားစဉ် အသတ်ခံခဲ့ရသည့် ဓာတ်ပုံဆရာ ကိုအေးကျော်နှင့် ဒီဇင်ဘာလတွင် အသတ်ခံခဲ့ရသည့် ဓာတ်ပုံဆရာ ကိုစိုးနိုင်နှင့် သတင်းထောက် စိုင်းဝင်းအောင်တို့ ဖြစ်ကြသည်ဟု (FEM)အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် အာဏာမသိမ်းမီအချိန်ကာလအတွင်း အသတ်ခံခဲ့ရသည့် သတင်းထောက်ငါးဦးမှာ ၁၉၉၉ ခုနှစ်က ၎င်းတို့၏ ရဲရင့်သော သတင်းခေါင်းစဉ်ကြောင့် နှိပ်စက်သတ်ဖြတ်ခံခဲ့ရသည့် ဦးသဝင်းနှင့် ဦးလှဟန်၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကို သတင်းရယူနေစဉ် ပစ်ခတ်သတ်ဖြတ်ခြင်းကိုခံခဲ့ရသည့် သတင်းထောက် ခန်းဂျီနာဂအိ၊ ၂၀၁၄ ခုနှစ်တွင် ကိုအောင်ကျော်နိုင်(ပါကြီး)နှင့် ၂၀၁၆ ခုနှစ်တွင် သတ်ဖြတ်ခံခဲ့ရသည့် ကိုစိုးမိုးထွန်းတို့ဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်ကဆိုသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ရခိုင် ဝါရင့်သတင်းထောက်တစ်ဦးက “အခုအချိန်မှာ အမှန်တရားကို မြတ်နိုးကြတဲ့ သတင်းထောက်တွေအတွက် အမှန်တရားတွေ ပျောက်ဆုံးနေရတယ်။ ကျန်တဲ့ သတင်းထောက်တွေဟာလည်း ရာဇဝတ်သားလို ပုန်းလျှို ဝှက်လျှိုနဲ့ လုပ်ကိုင်နေကြရတယ်။ ဒါက စစ်ကောင်စီဟာ သတင်းမီဒီယာတွေကို ပစ်မှတ်ထားတယ်ဆိုတာ ပေါ်လွင်နေတယ်။ မြန်မာနိုင်ငံမှ သတင်းသိပိုင်ခွင့်ဟာလည်း ချုပ်နှောင်ခံထားရတယ်”ဟု ပြောသည်။

စစ်တပ်သည် အာဏာသိမ်းချိန်မှစ၍ သတင်းထောက်များစွာကို ဒဏ်ရာရအောင်လုပ်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုများကို ကျူးလွန်လျက်ရှိသည်ဟုလည်း ဆိုထားသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင် ဆန္ဒပြသူများကို စစ်သားများက ကားဖြင့်ဝင်တိုက်ရာတွင် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနှင့် ဗီဒီယိုရိုက်ကူးသူ မမှူးရတနာခက်မို့မို့ထွန်းတို့ နှစ်ဦးသည် ဆိုးရွားစွာထိခိုက်ဒဏ်ရာရခဲ့ကြသည်ဟု (FEM)အဖွဲ့၏ ထုတ်ပြန်ချက်ကဆိုသည်။

ထို့အပြင် သတင်းထောက် ရဲမွန်ကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ခြင်း၊ သတင်းထောက် ကိုဟန်သာငြိမ်းကို အဓမ္မပြုမည်ဟု ခြိမ်းခြောက်ခြင်းနှင့် စစ်တပ်အရာရှိများသည် သတင်းထောက်များကို ဖမ်းဆီးထားစဉ်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများစွာကို ကျုးလွန်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ(CPJ)မှ ကမ္ဘာတစ်ဝန်းတွင် သတင်းသမားများအား သတ်ဖြတ်ခြင်းအပါအဝင် မီဒီယာများအပေါ် ဖိနှိပ်ခြင်းများရှိနေသော်လည်း အပြစ်ပေးအရေးယူမခံရသည့် အဆိုးဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းလိုက်သည်။

ဗီဒီယိုများ