ကျောက်တော်က စစ်ဘေးရှောင်တစ်ဦးနှင့် ဒေသခံတစ်ဦးတို့အမှု အမြန်ဆုံးတရားစီရင်ပေးရန် မိသားစုဝင်များတောင်းဆို

ဦးကျော်ဟိန်းနှင့်် ဦးမောင်စောသာတို့ အမှုရင်ဆိုင်နေရသည်မှာ ၅ လထိကြာမြင့်လာပြီ ဖြစ်သော်လည်း တရားလိုဖက်မှ တရားရုံးသို့ ပထမဆုံး ရုံးချိန်းတစ်ကြိမ်သာ လာရောက်သေးကြောင်း သိရသည်။

By Admin 13 Mar 2023

တရားရင်ဆိုင်နေရသူ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်း
တရားရင်ဆိုင်နေရသူ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်း

DMG ၊ မတ် ၁၃

ရက္ခိုင်တပ်တော်(AA)နှင့်ဆက်နွယ်သည် ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားရင်ဆိုင်နေရသည့် ကျောက်တော်မှ စစ်ဘေးရှောင်တစ်ဦးနှင့် ဒေသခံတစ်ဦး တို့အမှုတွင် တရားလိုဘက်မှ ရုံးချိန်း ၁၂ ကြိမ်ထိ ပျက်ကွက်ခြင်းကြောင့် အမှု ကြန့်ကြာနေရသည်ဟု မိသားစုဝင်များက ပြောဆိုကြသည်။

အမှုရင်ဆိုင်နေရသူများမှာ ကျောက်တော်မြို့၊ ကဝိရတနာဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းမှ ဆေးဆရာ ဦးကျော်ဟိန်း(၄၀)နှစ် နှင့် သရက်တပင်ကျေးရွာမှ ဦးမောင်စောသာ (၅၃)နှစ် တို့ဖြစ်သည်။

ယနေ့အချိန်ထိ တရားလိုဘက်မှ  ရုံးချိန်းလာရောက်ခြင်း မရှိသည့်အတွက် အမှုကို အပြစ်ရှိလျှင်အရေးယူဆောင်ရွက်ပြီး အပြစ်မရှိလျှင်အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

“ကျမအနေနဲ့ အမြန်ဆုံး တရားဆုံးဖြတ်ပေးဖို့ လိုချင်ပါတယ်။ ထောင်ချမယ်ဆိုရင်လည်း အမြန်ဆုံးချ။ မဟုတ်ရင်လည်း အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်။ ကျမတို့က စစ်ဘေးရှောင်စခန်းမှာ နေရတာ။ အရင်ကဆိုရင် ဆန်တွေ ပိုက်ဆံတွေ အထောက်အပံ့ရသေးတယ်။ အခုဆို ဆန်မရတော့ဘူး။ ကျမမှာ ယောက်ျားကို မှီခိုပြီး နေနေရတာမှာ အခုလို ဖမ်းထားတော့ ကျမအနေနဲ့ စိတ်မကောင်းဘူး။ စားဝတ်နေရေးလည်း သိပ်အခက်အခဲရှိတယ်။ ဘာမှလည်း အဆင်မပြေဘူး။ ရုံးချိန်းဆိုလည်း ဘာမှ ထူးခြားမှုမရှိဘူး” ဟု ဦးကျော်ဟိန်း၏ ဇနီးဖြစ်သူ ဒေါ်အေးသန်းက ပြောသည်။

၎င်းတို့နှစ်ဦးကို ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ကျောက်တော်မြို့နယ်တရားရုံး၌  ရုံးထုတ်ခဲ့သော်လည်း တရားလိုဘက်မှ ရုံးချိန်းလာရောက်ခြင်း မရှိသည့် အတွက် လာမည့် မတ်လ ၂၄ ရက်နေ့သို့ ရုံးချိန်း ထပ်မံ ရွေ့ဆိုင်းလိုက်ရကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေက DMG သို့ ပြောသည်။

“ဒီနေ့လည်း တရားလိုဘက်က ရုံးချိန် မရောက်တာကြောင့် မတ်လ၂၄ ရက်နေ့ ကို ထပ်ချိန်းလိုက်တယ်။ တရားလိုက အမှုစဖွင့်ကတည်းကနေ ရုံးချိန်းတစ်ခါမှ မရောက်သေးဘူး” ဟု သူကပြောသည်။

ဦးကျော်ဟိန်းမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့၊ ညဉ့်အချိန်က မဟာကံကြီးရှင် စစ်ဘေးရှောင်စခန်းသို့ ဆေးကုသပေးရန်သွားစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး သရက်တပင်ကျေးရွာသား ဦးမောင်စောသာ မှာ သြဂုတ်လ ၁ ရက်နေ့က မဟာမုနိဘုရားရှေ့တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ယင်းနောက် ၄င်းတို့ ၂ ဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်က ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး နိုဝင်ဘာလ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက တရားလိုပြုလုပ်ကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဦးကျော်ဟိန်းနှင့်် ဦးမောင်စောသာတို့ အမှုရင်ဆိုင်နေရသည်မှာ ၅ လထိကြာမြင့်လာပြီ ဖြစ်သော်လည်း တရားလိုဖက်မှ တရားရုံးသို့ ပထမဆုံး ရုံးချိန်းတစ်ကြိမ်သာ လာရောက်သေးကြောင်း သိရသည်။

ဦးမောင်စောသာ၏ ဇနီးဖြစ်သူ ဒေါ်မအေးခင်က သူမ၏ယောက်ျားမှာ မတရားအသင်းနှင့်ဆက်သွယ်မှု တစ်စုံတစ်ရာ မရှိသောကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုသည်။ 

“ရုံးချိန်းကလည်း ဘာမှ မဟုတ်ဘူး။ စစ်ဆေးတာလည်း မရှိဘူး။ ဒီအတိုင်း ထပ်ပြီးရုံးပြန်ချိန်းလိုက်တယ်။ အမြန်ဆုံးပဲ ပြန်လွှတ်ပေးစေချင်တယ်” ဟု  သူမက ပြောသည်။

DMG မှကောက်ယူထားသည့် စာရင်းအရ ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တကျော့ပြန် တိုက်ပွဲကာလအတွင်း သံသယဖြင့်ဖမ်းဆီးခံရသူ စုစုပေါင်း ၅၀ ခန့်ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇ (၁) (၂)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅ (က) (ခ) စသည့် နိုင်ငံရေးပုဒ်မများဖြင့် စစ်ကောင်စီတပ်မှ တရားစွဲဆိုထားသည်။

အိမ်ထောင်ဦးစီးဖြစ်သော လင်ယောက်ျားများ ဖမ်းဆီးခံထားရသည့်အတွက် မိသားစုဝင်များမှာ စားဝတ်နေရေး၊ သားသမီးပညာရေး စသည့် အဘက်ဘက်တွင် ဆုံးရှုံးနစ်နာမှုများ ရှိနေကြသည်။

တိုက်ပွဲကာလအတွင်း ဖမ်းဆီးထားသည့် အပြစ်မဲ့ ရခိုင်ပြည်သူများကို အပစ်ရပ်ကာလတွင် ပြန်လွတ်ပေးရန်အတွက် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ကတိကဝတ်များရှိခဲ့သော်လည်း မြန်မာစစ်တပ်အနေဖြင့် အကောင်အထည်ဖော်မှုအပိုင်းမှာ အားနည်းနေသည်ဟု AA က ပြောဆိုထားသည်။ 

#I001

ဗီဒီယိုများ