စစ်တွေတွင် ရခိုင့်တော်လှန်ရေး ခေါင်းဆောင်များ၏ မှတ်တမ်းဓာတ်ပုံပြပွဲ ပြုလုပ်

By Khin Tharaphy Oo 21 Dec 2022

စစ်တွေတွင် ရခိုင့်တော်လှန်ရေး ခေါင်းဆောင်များ၏ မှတ်တမ်းဓာတ်ပုံပြပွဲ ပြုလုပ်

DMG | ဒီဇင်ဘာ ၂၁

ရခိုင့်တော်လှန်ရေး ခေါင်းဆောင်ကြီးများ၏ သမိုင်းမှတ်တမ်း ဓာတ်ပုံပြပွဲတစ်ခုကို စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ မင်းဖလောင်းလမ်းရှိ မြဂေဟာတွင် ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့၌ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဦးဆောင်ပြီး ပြုလုပ်လျက်ရှိသည်။

ထိုဓာတ်ပုံများမှာ ပြီးခဲ့သည့် ၁၉၈၈ ခုနှစ်မှ စတင်ကာ ယနေ့ အချိန်ထိ ၃၄ နှစ်တာ ကာလအတွင်း ရခိုင့် တော်လှန်ရေး ခေါင်းဆောင်များ၏ ရှားပါး ဓာတ်ပုံများကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယ ဥက္ကဌ စောမြရာဇာလင်းက ရှာဖွေစုဆောင်းထားသည့် ဓာတ်ပုံများဖြစ်ကြောင်း သိရသည်။

“ကျမဟာ ရှေ့ကတော်လှန်ရေးခေါင်းဆောင်ကြီးတွေကြောင့် ဒီနေရာ ဒီအဆင့်ထိရောက်လာခဲ့တာပါ။ အဲဒါကြောင့် ခေါင်းဆောင်ကြီးတွေရဲ့သမိုင်းနဲ့ သူတို့တွေကို အမှတ်ရနေစေရန် ရည်ရွယ်ပြီး သူတို့ရဲ့ ရှေးကျတဲ့ မှတ်တမ်းဓာတ်ပုံတွေကို စုစည်းကာ ဒီဓာတ်ပုံပြတိုက်ကို ပြုလုပ်ဖြစ်တာပါ”ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဌ စောမြရာဇာလင်းက DMG ကိုပြောသည်။

အဆိုပါ ပြပွဲတွင် ရခိုင့်တော်လှန်ရေး သမားများဖြစ်ကြသော ဗိုလ်ချုပ်ခိုင်ရာဇာ၊ ALP ဥက္ကဌဟောင်း ဗိုလ်ချုပ် ခိုင်မိုးလင်း၊ စသည့် ပုဂ္ဂိုလ်များ၊ ALP နှင့် AA ခေါင်းဆောင်တို့ တွေ့ဆုံတွေ့မှုမှတ်တမ်း စသည်ဖြင့် ဓာတ်ပုံ ၅၀၀ ခန့်ကို ပြသထားကာ ရခိုင်အရပ်ဘက်အဖွဲ့အစည်းများနှင့် စိတ်ဝင်စားသူ ရဟန်းရှင်လူ ၅၀ ခန့် တက်ရောက်ကြည်ရှုလေ့လာနေကြောင်း သိရသည်။

“ကျနော်က ဒေါ်စောမြရာဇာလင်းနဲ့လည်း ရင်းနှီးတယ်။ သူဖြတ်သန်းခဲ့တဲ့ သမိုင်းတွေနဲ့ ALP ရဲ့ မှတ်တမ်းဓာတ်ပုံနဲ့ သမိုင်းကြောင်းတွေကို သိချင်လို့ ဒီပွဲကို တက်ရောက်ရခြင်းဖြစ်တာပါ”ဟု ဓာတ်ပုံပြပွဲသို့ တက်ရောက်လာသူ တစ်ဦးကပြောသည်။

ALP သည် အစိုးရနှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ဘက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကာ စစ်ကောင်စီမှ ဖိတ်ကြားသည့် ဆွေးနွေးပွဲများသို့လည်း အမြဲတမ်းတက်ရောက်နေသည့် အဖွဲ့လည်းဖြစ်သည်။

ဗီဒီယိုများ