နိုင်ငံတကာအသိမှတ်ပြုခံရရန် မွတ်ဆလင် ပြန်လည်လက်ခံရေးကို စစ်ကောင်စီက ဟန်ပြလုပ်နေကြောင်း AA ဝေဖန်

၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းမှုဖြစ်စဉ်အတွင်း ရခိုင်ပြည်၊ မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် စစ်ကောင်စီက စီစဉ်လျက်ရှိသည်။ 

By Admin 27 Feb 2023

ကူတူပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် မွတ်ဆလင်များကို တွေ့ရစဉ်။
ကူတူပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် မွတ်ဆလင်များကို တွေ့ရစဉ်။

DMG ၊ ဖေဖော်ဝါရီ ၂၇

နိုင်ငံတည်ငြိမ်မှုမရှိဘဲ လုံခြုံရေးစိတ်မချရသည့် လက်ရှိအချိန်တွင် စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်များကို ပြန်လည်လက်ခံရန် စီစဉ်နေခြင်းမှာ နိုင်ငံတကာ အသိအမှတ်ပြုခံရရေးအတွက် ဟန်ပြလုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က ဝေဖန်လိုက်သည်။ 

၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းမှုဖြစ်စဉ်အတွင်း ရခိုင်ပြည်၊ မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် စစ်ကောင်စီက စီစဉ်လျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်နေခြင်းမှာ စစ်ကောင်စီ၏အုပ်ချုပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုမှု ရရှိရေးအတွက် ဟန်ပြလုပ်ဆောင်နေခြင်းဟု ယနေ့ပြုလုပ်သည့် AA သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

“မွတ်ဆလင်တွေကို ပြန်လည်လက်ခံဖို့ လုပ်နေတယ်ဆိုတာကတော့ ဟန်ပြလုပ်နေတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ရခိုင်ပြည်နဲ့ FANCC အဖွဲ့ဝင် တချို့နယ်မြေကလွဲလို့ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တည်ငြိမ်မှုမရှိဘူး။ လုံခြုံရေးအရလည်း စိတ်မချရသေးတဲ့ အခြေအနေမှာ အခုလို မွတ်ဆလင်တွေကို လက်ခံဖို့လုပ်နေတယ်ဆိုတာက စစ်ကောင်စီဖက်က နိုင်ငံရေးနောက်ခံစဉ်းစားချက်တွေ အများကြီးပါတယ်လို့ သုံးသပ်တယ်။ လက်ရှိ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုမှုရရှိဖို့အတွက် ဟန်ပြလုပ်တဲ့ ခြေလှမ်းတစ်ခုလို့ပဲ မြင်ပါတယ်” ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်ထုတ် စစ်ကောင်စီ၏ မြန်မာအလင်းသတင်းစာတွင် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများထဲက လူဦးရေ ၁,၀၀၀ ကျော်ကို ရှေ့ပြေး စမ်းသပ်စီမံကိန်းတစ်ရပ်အနေဖြင့် စစ်ကောင်စီက စတင်လက်ခံနိုင်ဖို့ ပြင်ဆင်နေကြောင်း ဖော်ပြသည်။ 

ပြန်လည်လက်ခံရာတွင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူ၊ မိမိဆန္ဒအရ ပြန်လာသူ၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံမှထောက်ခံချက် စသည့် အချက်များပါဝင်ရမည်ဟု ဆိုသည်။

မွတ်ဆလင်များကို ပြန်လည်လက်ခံရေးကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့က စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင် တို့ပါဝင်သောအဖွဲ့သည် မောင်တောမြို့နယ်မြောက်ပိုင်းရှိ တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းများ ပြင်ဆင်ထားအခြေအနေကို သွားရောက်ကြည့်ရှုခဲ့ကြသည်။

ပြန်လည်လက်ခံရေးအတွက် စစ်ကောင်စီက စီစဉ်နေသော်လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသော မွတ်ဆလင်များက ပြန်လာရန် အဆင်သင့်မဖြစ်သေးကြောင်း DMG ကို ပြောဆိုကြသည်။

“ကျနော်တို့အတွက် အသက်အာမခံချက်ရှိရင် ပြန်လာမယ်လို့ မြန်မာအစိုးရကို ပြောရင်လည်း သူတို့ဖက်က ဘာမှပြောလာတာ မရှိဘူး။ အခုက ကျနော်တို့အတွက် အသက်အာမခံချက်လည်းမရှိဘဲ ပြန်မလာနိုင်ဘူး” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ကိုကာမာလ်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည် ဆိုပါကလည်း နိုင်ငံသားဖြစ်ခွင့်ပေးရန် တောင်းဆိုကြပြီး ယခုဆောက်လုပ်ထားသည့် ပြန်လည်လက်ခံရေးစခန်းများတွင် နေထိုင်လိုခြင်းမရှိဘဲ ၎င်းတို့ ယခင်ကနေထိုင်ခဲ့သည့် ကျေးရွာများတွင် နေရာချပေးမှသာ ပြန်လာနိုင်မည်ဖြစ်ကြောင်း ပြောဆိုကြသည်။

 “ကျနော်တို့ကိုပြန်ခေါ်ရင် အဓိက နိုင်ငံသားဖြစ်ခွင့် ပေးရမယ်။ နောက်ပြီးတော့ ကျနော်တို့အနေနဲ့ အဲဒီပြန်လည်လက်ခံရေး စခန်းတွေမှာ မနေနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဘိုးဘွားစဉ်ဆက်နေခဲ့တဲ့ နေရာရှိတယ်။ အဲဒီနေရာမှာ ပြန်ပေးပြီးမှ ကျနော်တို့ပြန်လာနိုင်မယ်။ မပေးဘူးဆိုရင် မလာနိုင်ဘူး” ဟု ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် စောယောဒ်အာလောမ်က ပြောသည်။

မွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက်က ၂၀၁၈ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၁၉ ခုနှစ် ဩဂုတ်တို့တွင် နှစ်ကြိမ်တိုင် ကြိုးပမ်းမှုများရှိခဲ့ပြီး ပထမအကြိမ်လက်ခံဖို့ လျာထားသူ ၂,၂၆၀ ဦးနှင့်  ဒုတိယအကြိမ်အတွက် ၃,၄၅၀ ဦး ရှိခဲ့ကြောင်း  ဖေဖော်ဝါရီလ ၂၄ ရက်ထုတ် သတင်းစာတွင် ပါရှိသည်။

သို့သော်လည်း ပြန်ဝင်လာသူ တစ်ဦးတစ်ယောက်မှ မရှိခဲ့သည့်အတွက် ယခုအကြိမ်တွင် ပြန်လည်လက်ခံရေး ချောမွေ့စေရေးအတွက် စစ်ကောင်စီက သက်ဆိုင်ရာဝန်ကြီးဌာန၊ ညွှန်ကြားချက်များဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေကြောင်း ပြောဆိုထားသည်။ 

၂၀၁၇ ခုနှစ်က မောင်တောဒေသတွင် ARSA အဖွဲ့က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မွတ်ဆလင်(၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

သို့သော်လည်း မြန်မာ အာဏာပိုင်များ၏ ထုတ်ပြန်ချက်စာရင်းများတွင် ၂၀၁၇ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူ မွတ်ဆလင် အရေအတွက်မှာ ၅ သိန်းကျော်သာရှိကြောင်း ဆိုသည်။

#R007

ဗီဒီယိုများ