စစ်ကောင်စီဝန်ကြီးများ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်ဆလင်ဒုက္ခသည်များနှင့် တွေ့ဆုံနေ

မြန်မာနိုင်ငံမှ ထွက်ပြေးသွားခဲ့ကြရသည့် မွတ်ဆလင် ပြန်လည်လက်ခံရေးအတွက် စစ်ကောင်စီဝန်ကြီးများ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းသို့ သွားရောက်လျက်ရှိကြောင်း သိရသည်။

By Admin 15 Mar 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင် ဒုက္ခသည်များနှင့် တွေ့ဆုံနေသည့် စစ်ကောင်စီအဖွဲ့အား တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင် ဒုက္ခသည်များနှင့် တွေ့ဆုံနေသည့် စစ်ကောင်စီအဖွဲ့အား တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)

DMG ၊ မတ် ၁၅

မြန်မာနိုင်ငံမှ ထွက်ပြေးသွားခဲ့ကြရသည့် မွတ်ဆလင် ပြန်လည်လက်ခံရေးအတွက် စစ်ကောင်စီဝန်ကြီးများ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းသို့ သွားရောက်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးအောင်မျိုး၊ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး တို့အဖွဲ့သည် ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းအချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာမ့်မြို့နယ်ရှိ မွတ်ဆလင် ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် မွတ်ဆလင်ဒုက္ခသည်များထဲမှ လူဦးရေ ၁,၀၀၀ ကျော်ကို ပထမဆုံးအသုတ် အနေဖြင့် ပြန်လည်လက်ခံရေးအတွက် အိမ်ထောင်စုစာရင်းနှင့် နာမည်များကို ပြန်လည်စီစစ်မှုများ လုပ်ဆောင်နေကြောင်း ဒုက္ခသည်များထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင် ဒုက္ခသည်စခန်းတွင်နေထိုင်သူ ကိုအောင်မြိုင်က “မြို့မှာရှိတဲ့ ဒုက္ခသည်တွေနဲ့ တွေ့နေတယ်။ သူတို့ ပထမဆုံးအဖြတ်အနေနဲ့ လူဦးရေတစ်ထောင် လက်ခံမယ် ဆိုပြီးတော့ ပြောထားတယ်။ သူတို့မှာပါလာတဲ့ စာရင်းတွေနဲ့ ဒီကလူတွေရဲ့ အိမ်ထောင်စုတွေ၊ လူဦးရေစာရင်းတွေကို စစ်ဆေးနေပါတယ်” ဟု DMG ကို ပြောသည်။

သို့သော် မွတ်ဆလင်ဒုက္ခသည်များအား မည့်သည့်နေ့တွင် စတင်လက်ခံသွားမည် ဆိုသည်ကို ပြောဆိုခြင်းမရှိသေးကြောင်း ဒုက္ခသည်များက ဆိုသည်။ 

စစ်ကောင်စီအနေဖြင့် မွတ်ဆလင်များအတွက် နိုင်ငံသားဖြစ်ခွင့်ရရှိရေး၊ မူလနေရာတွင် နေထိုင်ခွင့်ရရှိရေးနှင့် အသက်အာမခံချက်ပေးနိုင်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း ဒုက္ခသည်များက တောင်းဆိုကြသည်။

ကူတူပါလောင် ဒုက္ခသည်စခန်းမှ နောက်ထပ်မွတ်ဆလင်ဒုက္ခသည်တစ်ဦးက “ကျနော်တို့ကို ပြန်ခေါ်ရင် အဓိက နိုင်ငံသားဖြစ်ခွင့် ပေးရမယ်။ နောက်ပြီးတော့ ကျနော်တို့အနေနဲ့ အဲဒီ ပြန်လည်လက်ခံရေးစခန်းတွေမှာ မနေနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဘိုးဘွားစဉ်ဆက်နေခဲ့တဲ့ နေရာရှိတယ်။ အဲဒီနေရာမှာ ပြန်ပေးပြီးမှ ကျနော်တို့ပြန်လာနိုင်မယ်။ မပေးဘူးဆိုရင် မလာနိုင်ဘူး” ဟု ပြောသည်။  

ဘင်္လားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ဒုက္ခသည်များမှာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူဖြစ်ရမည်၊ မိမိဆန္ဒအရ ပြန်လည်ဝင်ရောက်သူဖြစ်ရမည်၊ ကွဲကွာနေသော မိသားစုဝင်များအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံးမှ မှန်ကန်ကြောင်း ထောက်ခံချက်ပါရှိရမည်ဟု  ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ စစ်ကောင်စီက သတ်မှတ်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွေးဖွားခဲ့သည့် ကလေးများဖြစ်ပါက မိဘနှစ်ဦးစလုံးမှာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူဖြစ်ရမည် ဖြစ်သည်။ ထို့အပြင် နေရပ်စွန့်ခွာသူများက ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိပြီး မွေးဖွားသည့်ကလေးအဖြစ် မှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံး၏ ထောက်ချက်ပါရှိရမည် စသည့်အချက် ၅ ချက်ဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်များကို ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်းရှိ တောင်ပြို လက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် စသည့် ပြန်လည်လက်ခံရေးစခန်းများ နေရာချပေးရန် စစ်ကောင်စီက စီစဉ်ထားသည်။ 

စစ်ကောင်စီက မွတ်ဆလင်များ ပြန်လည်လက်ခံရေးကို ကြိုးပမ်းဆောင်ရွက်နေခြင်းမှာ နိုင်ငံတကာဆက်ဆံရေး ပုံရိပ်ကျဆင်းနေမှုကို မြှင့်တင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက DMG သို့ ဖြေကြားထားသည်။

ရက္ခိုင့်တပ်တော်(AA) ကလည်း စစ်ကောင်စီက မွတ်ဆလင်များ ပြန်လည်လက်ခံရေးကိစ္စ စစ်ကောင်စီဆောင်ရွက်နေခြင်းမှာ နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိရေးအတွက် ဟန်ပြလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

မွတ်ဆလင်လက်ခံရေးကိစ္စနှင့်ပတ်သက်၍ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ သံတမန်များ၊ အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှု ဗဟိုဌာန(AHA Center)မှ ကိုယ်စားလှယ်များနှင့် ပြန်လည်လက်ခံရေးစခန်းမှတာဝန်ရှိသူတို့ ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် တွေ့ဆုံမှုများရှိခဲ့သည်။

ပြီးခဲ့သည် ဇန်နဝါရီလ ၇ ရက်နေ့ကလည်း စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင် တို့ ပြန်လည်လက်ခံရေးစခန်းများကို သွားရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ် မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

သို့သော်လည်း မြန်မာအာဏာပိုင်များကတော့ ၂၀၁၇ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွား သည့် မွတ်ဆလင် အရေအတွက်မှာ ၅ သိန်းကျော်သာရှိကြောင်း ဆိုထားသည်။

#R007

ဗီဒီယိုများ